spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

“စစ်ကောင်စီကင်းစင်တဲ့ တော်လှန်ရေးနယ်မြေက ဒေသခံတွေရဲ့ ဆရာဝန်ရရှိရေး မျှော်လင့်ချက် ပြည့်စုံနိုင်မလား”

Author

Date

Category

မော်ဦးမြာ/ ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး( ရှားတော )မြို့နယ်အတွင်းမှာ လူဦးရေ ၇,၀၀၀ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ ၇,၀၀၀ သော လူဦးရေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ ဆရာဝန် တစ်ဦးမှ မရှိသေးပါဘူး။ ဒါ့အပြင် အရေးပေါ်လူနာအတွက် ကုသမှုခံယူနိုင်မယ့် ဆေးရုံလည်း မရှိပါဘူး။

ဒေသခံလူထုတွေကတော့ အရေးပေါ်ကုသမှုတွေ ခံယူလို့ရမယ့် နေရာတခုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ ဆရာဝန် တစ်ဦးရရှိဖို့ကို မျှော်လင့်နေကြပါတယ်။

“ဆရာဝန်လိုအပ်တယ် အဲ့လိုပေါ့နော်။ ရှားတောအတွက် ဆရာဝန်တစ်ယောက် လိုအပ်တယ်။ အဲ့လိုပြောကြတယ်။ ဒီသက်ကြီးပိုင်းဆိုရင် အဲ့လိုမျိုးပဲ တောင်းဆိုကြတယ်။” လို့ ဆိုမိုဖေစိုးလေး(ရှားတော) မြို့ခံ ကိုယ်ဝန်သည် မိခင်တစ်ဦး က ပြောပါတယ်။

ဆိုမိုဖေစိုးလေးမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၂၇ ရွာရှိပါတယ်။ ၂၀၂၄ ခုနှစ် မြို့သိမ်းတိုက်ပွဲနောက်ပိုင်းမှာ စစ်ရှောင်ပြည်သူတွေ စုပေါင်းနေထိုင်ကြတဲ့ စစ်ရှောင်စခန်း ၃ ခု ရှိပါတယ်။ တိုက်ပွဲတွေမရှိတော့ပေမယ့် ဒီနေ့အချိန်အထိတော့ ရှားတော မြို့တွင်းကို အလုံးစုံ ပြန်လာနေထိုင်ခြင်း မရှိသေးပါဘူး။

ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်အတွက် ဆရာဝန်တစ်ဦးရဖို့ကို မြို့နယ်အုပ်ချုပ်ရေး ကောင်စီအနေနဲ့ကတော့ တာဝန်ရှိပုဂ္ဂိုလ်တွေထံ တင်ပြတောင်းဆိုထားတယ်လို့ ဆိုပါတယ်။ လက်ရှိအနေအထားအရတော့ အရေးပေါ်လူနာတွေ ရှိလာရင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်နယ်မြေထဲက ဆေးရုံတွေဆီကို ပို့ဆောင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် လမ်းမှာအသက်ဆုံးရှုံးသွားတဲ့ လူနာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဒီအရင် တစ်လ နှစ်လတုန်းကဆိုလို့ရှိရင် လူနာလွဲရင်းနဲ့ လမ်းတစ်ဝက်မှာ အသက်ဆုံရှုံးပြီးတော့မှ ပြန်လာရတဲ့ လူနာတွေလည်း ရှိတယ်ပေါ့နော်။” လို့ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး မော်မဲမို က ပြောပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေစပြီး ဆိုမိုဖေစိုးလေးမြို့နယ်မှာ စစ်ကောင်စီတပ် ကင်းစင်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်အောင် ကြိုးပမ်းနေကြတယ်လို့ မြို့နယ်အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး မော်မဲမို က ဆက်ပြောပါတယ်။

မွေးလူနာတွေအတွက်လည်း ဆရာဝန်တွေမရှိတာကြောင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုတွေ စနစ်တကျမပေးနိုင်ဘူးလို့ ဆိုပါတယ်။

ဆိုမိုဖေစိုးလေး (ရှားတော ) မြို့၊ မြို့အဝင်

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အဟာရဓာတ်စုံလင်အောင် မစားနိုင်သလို ၊ မီးဖွားချိန်မှာဖြစ်တတ်တဲ့ အခက်အခဲတွေကြောင့် ကလေးမအောင်တာတွေ ရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တချို့ဆို လနုသေးတယ်။ ဂရုမစိုက်တာမျိုး၊ ကလေးမအောင်တာမျိုးတော့ ရှိတယ်ကြုံရတယ်။ တချို့ဆိုလည်း ချောချောချူချူ မမွေးနိုင်တော့ အဝေးကြီး ပြန်သွားမွေးရတာမျိုး ရှိတယ်။” လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

ဒေါအီဆာကျေးရွာမှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးကတော့ သူမ နေမကောင်းဖြစ်တဲ့အခါ ဆေးဝါးမရှိတာကို မကြာခဏ ကြုံလေ့ရှိတယ်လို့ ဆိုပါတယ်။ ဆေးပေးခန်းရှိပေမယ့် ဆေးဝါးမလုံလောက်တဲ့ ပြသနာတွေကို အမြဲတစဉ် ကြုံလေ့ရှိကြတာပါ။

“မျက်စိနာတဲ့ဟာကို ဆေးမရှိဘူး။ မရှိရင်တော့ နောက်မှယူနော် လို့ဘဲ ပြောတာပေါ့။ ဒီအတိုင်းဘဲနေတာပေါ့။ ဘယ်လောက်ဘဲ ဖျားဖျား ကြိုးစားပြီး အလုပ်လုပ်ရတာပါဘဲ။” လို့ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးက သူမ ကြုံတွေ့နေရတာတွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ဆိုမိုဖေစိုးလေးမြို့နယ် အတွင်းမှာတော့ ဆေးခန်းပေါင်း ၆ ခုရှိပါတယ်။ မြို့နယ်တစ်ခုလုံးမှာ ဆရာဝန်တယောက်မှ မရှိတာကြောင့် တချို့ဆေးခန်းက ဆေမှူးတွေ၊ သူနာပြုတွေဟာ ဆေးခန်းကပေးနိုင်တဲ့ ဝန်ဆောင်မှုတွေထက် ကျော်လွန်ပြီး ကြိုးစားပေးနေကြတာလည်း ရှိပါတယ်။

“ကျမတို့ဆေးခန်း ဝန်ဆောင်မှုက ဆေးရုံလည်းမကျ ဆေးခန်းလည်းမကပေါ့။ ဆေးခန်းကို တင်္နလာနေ့ကနေ သောကြာနေ့ထိ ဆေးခန်းဖွင့်တယ်။ အရေးကြီးလူနာရှိရင် ညအိပ်ပြီး စောက်ရှောင့်ပေးတယ်။ အရေးကြီးမွေးလူနာ၊ အရေးပေါ်လူရှိရင် လိုင်းကဆရာတွေနဲ့ ချိတ်ပြီး ကုသပေးတယ် မရရင် လွဲပို့ပေးပါတယ်။ ခွဲစိတ်နိုင်တဲ့အဆင့်က မရနိုင်သေးဘူး။ အဆောက်အဦး အခြေနေကတစ်ကြောင်း ကျွမ်းကျင်ဆရာဝန် မရှိတာတကြောင်းပေါ့။” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဆရာဝန် ရရှိဖို့ကို ကြိုးပမ်းနေပေမယ့် မြို့ခံတွေက ဆရာဝန်တစ်ဦးအတွက် ပေးနိုင်တဲ့ထောက်ပံ့မှုနဲ့ အသုံးစရိတ်တွေအတွက် မတတ်နိုင်ကြတာကလည်း အဓိက အခက်အခဲတခုဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စံသတ်မှတ်ချက်အရဆိုရင် လူဦးရေတစ်သိန်းမှာ ဆရာဝန် ၁၀၀ ဦး ရှိသင့်တယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ ဆရာဝန်နဲ့ လူဦးရေအချိုးအစားကို ကြည့်မယ်ဆိုရင်လည်း လူဦးရေတစ်သိန်းမှာ ဆရာဝန် ၆၁ ဦးပဲရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

စာရင်းဇယားများအရ မြန်မာနိုင်ငံအနေနဲ့ ၁၉၉၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြည်တွင်းဆေးတက္ကသိုလ်တွေကနေ ဆရာဝန်ပေါင်း သုံးသောင်းကျော် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုမွေးထုတ်ပေးခဲ့တဲ့ ဆရာဝန်တွေထဲက ၂၀၂၀ ပြည့်နှစ်အထိ ကျန်းမာရေးဌာနတွေမှာ တာဝန်ထမ်းဆောင်နေသူ တစ်သောင်းခွဲကျော်သာရှိတဲ့အတွက် လုပ်ငန်းခွင်ဝင်ရောက်နိုင်မှုအနေနဲ့ ထက်ဝက်ကျော်ခန့်သာရှိတာကို တွေ့ရှိခဲ့ရပါတယ်။

ဆိုမိုဖေစိုးလေး ( ရှားတော) ဒေသခံ အမျိုးသမီးတစ်ဦးအား ကန္တာရဝတီတိုင်း(မ်) အဖွဲ့သားများမှ တွေ့ဆုံမေးမြန်းခဲ့စဉ်

လုပ်ငန်းခွင်ဝင်ရောက်နိုင်မှုမရှိတဲ့ ဆရာဝန်အရေအတွက် များပြားခြင်းဟာလည်း နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ပဲ ဆိုရမှာဖြစ်တယ်။ ဒီလိုလုံလောက်တဲ့ ဆရာဝန်ဦးရေ မရရှိခြင်းဟာ နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် တိုက်ရိုက်သက်ရောက်စေတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဒီလိုလုပ်ငန်းခွင်ထဲမရောက်ရှိနိုင်တဲ့ ဆရာဝန်တွေရှိသလို ဆိုမိုဖေစိုးလေး (ရှားတော) လို အနက်ရောင်နယ်မြေ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ လာရောက်အခြေချနေထိုင်နိုင်တဲ့ ဆရာဝန်တွေလဲ မရှိသလောက်ပါပဲ။

ဆိုမိုဖေစိုးလေး (ရှားတော) မြို့ နယ်ဒေသခံတွေက ဆရာဝန်တစ်ဦးရနိုင်ရေး မျှော်လင့်နေကြပေမယ့် ဝေးလံခေါင်သီပြီး ခက်ခဲနေတဲ့ ဒေသကို လာရောက်နေထိုင်နိုင်မယ့် ဆရာဝန်တွေရှိလာပါ့မလားဆိုတာကိုတော့…………။

spot_img
spot_img
spot_img

Recent posts