ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ Save the Children က ဝန်ထမ်းနှစ်ဦးအပါအဝင် အရပ်သား ၄၀ ကျော် မီးရှို့သတ်ဖြတ်ခံရမှုကို ကမ္ဘာ့နေရာတိုင်းမှာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အရ နိုင်ငံတကာမှာ တင်ပြခဲ့ရာ ဂျာမနီ နိုင်ငံတရားရုံးက ပယ်ချခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) အတွင်းရေးမှူး-၂ ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ကမ္ဘာ့နေရာတိုင်းမှာ တရားစီရင်ပိုင်ခွင့် က ကမ္ဘာပေါ် ရှိ နိုင်ငံတိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုလို ကြီးလေးတဲ့ ရာဇဝတ်မှုတွေအတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ကမ္ဘာ့နိုင်ငံတွေမှာ တရားစွဲဖို့ ခွင့်ပြုတဲ့ ဥပဒေမူဘောင်တစ်ခု ဖြစ်ပါတယ်။
“ဂျာမနီမှာတင်တဲ့ filed link က တအားများတာလည်း ပါနိုင်တယ်ပေါ့နော။ မိုဆို ဖြစ်စဥ်လည်းပါတယ်။ တခြားသောဖြစ်စဥ်တွေလည်းပါတယ်။ အဲ့ဒီဂျာမနီမှာ တင်တဲ့ဟာက တရားရုံးမှာ လက်ခံဖို့ခက်ခဲတယ် ဆိုတဲ့ဟာကြောင့် ပယ်ချတယ်ဆိုတဲ့ ပုံစံမျိုးတော့ လုပ်ခြင်းခံလိုက်ရတယ်ပေါ့နော” လို့ ဦးဗညားက ပြောပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့နဲ့ မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအဖွဲ့တို့ ပူးပေါင်းပြီး ကရင်နီပြည်၊ ဖရူဆိုမြို့၊ မိုဆို ကျေးရွာအနီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ဖြစ်စဥ်၊ လွိုင်ကော်မြို့ ရေယိုကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ၂၀၂၂ ခုနှစ် မှာ ဂျာမနီနိုင်ငံကို တင်သွင်းခဲ့ရာ ပယ်ချခံရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကရင်နီပြည်ရဲ KSP နဲ့ NUG တို့ပူးပေါင်းပြီး မိုဆိုဖြစ်စဥ်ကို သြစတေးလျားနိုင်ငံမှာ တင်ပြခဲ့ရာမှာလည်း တစုံတရာအကြောင်း တုံ့ပြန်မှုမရှိသေးဘူးလို့ ဦးဗညားက ပြောပါတယ်။
“လက်ရှိအချိန်ထိတော့ အမှန်တိုင်းဝန်ခံရရင်တော့ နိုင်ငံတကာမှာ NUG နဲ့ ပူးပေါင်းပြီးတော့ တရားစွဲဆိုထားတဲ့ အမှုတွေ ဘယ်မှမရောက်သေးဘူးပေါ့နော။ သြစတေးလျနိုင်ငံမှာ အမှု Filed ဖွင့်ထားတာရှိတယ်။ တင်ပြထားတာရှိတယ်။ UJ (Universal Jurisdiction) process ပေါ့။ အဲ့ တရားစွဲဆိုမှုက ဘယ်မှမရောက်ဘဲနဲ့ ရပ်နေတယ်ပေါ့နော” လို့ ဦးဗညားကပြောပါတယ်။
မိုဆိုကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ၃ နှစ်တိုင်တိုင် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ နစ်နာသူတွေရဲ့ မိသားစုဝင်တွေက ဖြစ်စဥ်ဖြစ်ခဲ့တဲ့ နေရာမှာ နှစ်စဥ်ဝတ်ပြုဆုတောင်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။
အခုလို နိုင်ငံတကာမှာ စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တင်တွင်းရာ ပယ်ချခံရတဲ့အပေါ် လက်မလျော့စေလိုကြောင်းလည်း မိုဆိုဖြစ်စဥ်မှာ သားတစ်ဦး၊ သမီးတစ်ဦး သတ်ဖြတ်ခံခဲ့ရတဲ့ အသက် ၅၀ နှစ်အရွယ် ဒေါ်အယ်စတယ်က ပြောပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမဆက်လက်ထုတ်ဖော်စေချင်တယ်။ ကျမက တာဝန်ရှိသူတွေနဲ့လည်း အဆက်အသွယ်မရတော့ မပြောတတ်မဆိုတတ်နဲ့ ခုထိ ဘာမှ မပြောရသေးဘူး။ မကျေနပ်နိုင်ဘူး။ တရားမျှတမှုရအောင် တခုခုတော့ ကျမလုပ်ချင်တယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့လည်း ကျမတို့ကို မမေ့ဖို့ ကူညီဖို့လိုတယ်လေ။ ဘာကြောင့် သူတို့က ပယ်ချလိုက်တာလဲ ၊ ကျမတို့ ဘယ်လိုဆက်လုပ်ရမလဲ”လို့ ဒေါ်အယ်စတယ်က ပြောပါတယ်။
သားသမီးသေဆုံးမှုက သုံးနှစ်တာကာလကို ရောက်လာပေမဲ့ တရားမျှတမှု တစုံတရာမရမချင်း ကျေနပ်နိုင်မှာမဟုတ်ဘူးလို့ ဒေါ်အယ်စတယ် က ဆက်ပြောပါတယ်။
“လူတယောက်ဟာ ဘယ်လောက်တန်ဖိုးရှိလိုက်သလဲ။ ဆင်းဆင်းရဲရဲနဲ့ ကျမရဲ့ သားသမီးတွေကို ပြုစုစောင့်ရှောက်ခဲ့ရတာ။ သူတို့ကို ပညာတတ်တွေဖြစ်ခိုင်းစေချင်တာ။ ဘယ်လောက်တန်ဖိုးရှိတဲ့ သားသမီးတွေလဲ။ သားသမီးရဲ့တန်းဖိုးတွေကို ဖြတ်လို့မရပါဘူး။ အဲဒါကို သူတို့က ဖြစ်သလိုသတ်ဖြတ်သွားတာ။ ငါ့သားသမီးတယောက်ရဲ့ တန်ဖိုးကို သူတို့ဘာနဲ့တိုင်းပြီး ပြန်လျှော်ပေးမှာလဲ” လို့ ဒေါ်အယ်စတယ်က ပြောပါတယ်။
ကရင်နီအပါအဝင် တိုက်ပွဲပြင်းထန်လျက်ရှိတဲ့ စစ်ကိုင်း၊ ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်း၊ ကရင် ပြည်နယ်တို့မှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှု ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ကို မြန်မာနိုင်ငံတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ တွေ့မြင်နိုင်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်ခဲ့တဲ့ သူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့နဲ့ ချိုးဖောက်ခံရတဲ့သူတွေရဲ့ ဂုဏ်သိက္ခာကို လေးစားအသိအမှတ်ပြုပြီးတော့ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက် ပြန်လည်ကုစားမှုစတဲ့ စီမံကိန်းတွေကို ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း မိုဆိုဖြစ်စဥ်နဲ့ပတ်သတ်ပြီး ကန္တာရဝတီတိုင်း(မ်) က NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုဝန်ကြီးခွန်းဗဟန်းထန် နဲ့ တွေ့ဆုံမေးမြန်းခဲ့တုန်းက ဖြေဆိုဖူးပါတယ်။
မိုဆိုဖြစ်စဥ်အပါအဝင် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပါဝင်တဲ့ အမှုတွဲဖိုင်တင်ပြမှုက ပယ်ချခံရပေမဲ့ ဥပဒေဘောင်အတိုင်း တရားစွဲဆိုနိုင်ဖို့ ဆက်လက် ကြိုးစားလုပ်ဆောင် သွားမယ် လို့လည်း ဦးဗညားက ပြောပါတယ်။
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC) ကလည်း စစ်ကောင်စီက ကရင်နီပြည်မှာကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းပြီး စဉ်ဆက်မပြတ်ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။