spot_imgspot_imgspot_imgspot_img
Sunday, July 20, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် (၆၀) အရွယ် မိုးဗြဲဒေသခံအမျိုးသမီးတစ်ဦး သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ကနေ ပစ်ခတ်လာတဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အသက် (၆၀) အရွယ် မိုးဗြဲဒေသခံအမျိုးသမီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ ညနေ ၃နာရီဝန်းကျင်အချိန်မှာ ခမရ ၄၂၂ တပ်ကနေ လက်နက်ကြီးနှစ်လုံးပစ်ခတ်လာတာဖြစ်ပြီး မိုးဗြဲမြို့ပေါ်က မြို့မရပ်ကွက်ရှိ နေအိမ်ကိုပြန်ကြည့်တဲ့ အမျိုးသမီးကို လက်နက်ကြီးစ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

“နှစ်လုံးလောက်ပစ်လာတယ်။ တစ်လုံးက ရပ်ကွက် အလယ်မှာကွဲတယ်။ တစ်လုံးက သူ့ (သေဆုံးသွားတဲ့အမျိုးသမီး) အိမ်ရဲ့ မြောက်ဖက်ထောင့်လောက်ပေါ့။ သစ်ပင်ထိပြီး ကွဲပြီးတော့မှ ဆင်းလာတဲ့အစပေါ့။ သူကရေချိုးနေတာ ရေကန်မှာ။ အဲ့ဒါနဲ့ သွားထိတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

လက်နက်ကြီးစက အဆိုပါအမျိုးသမီးရဲ့ ဘယ်ဖက်ခါးအောက်၊ ဘယ်လက်ကို ထိမှန်ခဲ့တာပါ။ ဆေးရုံကို အချိန်မီပို့ဆောင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဆေးရုံသွားတဲ့ လမ်းမှာတင် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရှိရပါတယ်။

မိုးဗြဲမြို့နဲ့ အနီးအနားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြာမြှင့်နေပြီး နေ့စဉ်ရက်ဆက် မိုးဗြဲမြို့အနီးဝန်းကျင်တွေမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

” ဘယ်လိုပြောရမလဲ ရမ်းသန်း တအားပစ်လာတယ်လေ။ ခါတိုင်းက လက်နက်ကြီးက ဒီလိုမျိုးမှမပစ်ဘဲ။ ခုကတစ်ရက်ကို အလုံးနှစ်ရာ သုံးရာပစ်တာ။ အရင်က လေး၊ ငါး၊ ဆယ်လုံးအများဆုံးပဲ။ အခုကတစ်ရာ၊နှစ်ရာလောက်ပစ်တာ။ မခံနိုင်ဘူး လက်နက်ကြီးအသံကို။ သူတို့(စစ်ကောင်စီ) က လက်နက်ကြီးတအားသုံးတာပေါ့။” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးသွားတဲ့ အမျိုးသမီးကို စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လာမှာကို စိုးရိမ်တာကြောင့် သင်္ချိုင်းမှာ မမြှုပ်နှံတော့ဘဲ ဒီကနေ့ မနက်ပိုင်းမှာ လက်ရှိ စစ်ရှောင်စခန်းအနီးမှာသာ မြေမြှုပ်သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

spot_img

Recent posts