ကန္တာရဝတီတိုင်း ( မ် )
ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ၂၀၂၄ခုနှစ် ၊ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ခွင့်ပြုပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
KySPP ပါတီဟာ အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါက်လာတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ အဲ့ဒီပါတီဟာ ယခုနှစ်အတွင်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ယူဆရပါတယ်။ သို့ပေမယ့် မည်သည့် ဒေသတွေမှာ ယှဉ်ပြိုင်သွားမှာကိုတော့ မသိရသေးပါဘူး။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားတဲ့ ပါတီ ၁၈ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ၊ စုစုပေါင်း ၆၈ ပါတီရှိတယ်လို့ စစ်ကောင်စီက အသိပေးထားပါတယ်။
စစ်ကောင်စီက ၂၀၂၅ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီပြည်က စစ်ကောင်စီထိန်းချုပ်တဲ့ နေရာအနည်းစုမှာ ရွေးကောက်ပွဲ မဖြစ်မနေ ပြုလုပ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိပါတယ်။ လက်ရှိ အသစ်ပေါ်လာတဲ့ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP) ဖွဲ့စည်းမှုအပြင် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ကရင်နီပြည်က တော်လှန်ရေးအင်အားစု ၊ အရပ်ဖက်အဖွဲ့အစည်း ၊ ပါတီတချို့ရဲ့ အမြင်သဘောထားတွေကို ကောက်နုတ်တင်ဆက်ထားပါတယ်။
ခူဒယ်နီယာယ် ( ကရင်နီပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန – ဒုဝန်ကြီး )
“ အခုမင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲကိုပါဝင်ပြီးတော့မှ ရွေးကောက်ခံတဲ့ပါတီတွေကလဲ ဒါမင်းအောင်လှိုင်နဲ့တစ်ဖွဲ့တည်းဘဲဖြစ်မယ်။ မင်းအောင်လှိုင်က တရားဝင်အစိုးရလဲမဟုတ်ဘူး။ မတရားသိမ်းထားတဲ့ အာဏာသိမ်းထားတဲ့စစ်တပ်ဘဲဖြစ်တယ်။ ဆိုတော့သူ့မှာက Mandate (လုပ်ပိုင်ခွင့်အာဏာ )
မရှိဘူး Mandate ရှိတာက လူထုဘဲရှိပေါ့နော။ ဆိုတော့ အခုရွေးကောက်ပွဲက သူ့အတွက်ဘဲဖြစ်မယ် ဒီစစ်အာဏာရှင်ဆက်လက်ရပ်တည်နိုင်ဖို့က သူလုပ်တာဖြစ်တယ်။ အဲ့တော့ ဒီရွေးကောက်ပွဲမှာပါဝင်နေတဲ့ ပါတီတွေအားလုံးကလဲ ထိုနည်းတူဘဲပေါ့လေ။ အဲ့တော့ ကျနော်တို့လူထုတွေအပါအဝင်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးက ဒီရွေးကောက်ပွဲမဖြစ်ဖို့ ကျနော်တို့ကတော့ တတ်နိုင်တဲ့နည်းလမ်းအဖက်ဖက်ကနေတော့ တားဆီးရမှာဖြစ်တယ်။ ကျနော်တို့ဒီလိုမှမလုပ်ဘူးဆိုရင် ခုနကျနော်ပြောသလိုပါဘဲ ဒီစစ်အာဏာရှင်အောက်မှာဘဲ ဆက်အသက်ရှင်နေတော့ သိပ်တော့မလွယ်တော့ဘူးပေါ့လေ။ ဒီရွေးကောက်ပွဲမဖြစ်ဖို့အတွက်က ကျနော်တို့တော်လှန်ရေးလုပ်နေတဲ့လူတွေအားလုံးက ဟန့်တားနိုင်ဖို့အတွက် ဒီတော်လှန်ရေးမှာ လုပ်နေတဲ့လူတွေ အားလုံးရဲ့တာဝန်တစ်ခုလဲဖြစ်တယ်ဆိုတာ လူတိုင်းသိစေချင်ပါတယ်။”
——————————————————————————————–
မူအန်းဂျေလာ ( ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) တွဲဖက်အတွင်းရေးမှူး – ၂ )
“ဒီ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်မယ့် ဘယ်နိုင်ငံရေးပါတီမဆို ပြည်သူလူထုက လက်ခံမှာမဟုတ်ပါဘူး။ လက်ရှိ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) ဟာ ပြည်နယ်သူ၊ ပြည်နယ်သား ရဲ့ တော်လှန်ရေး ကို ဆန့်ကျင်တယ်လို့မြင်တယ်။ ဆန့်ကျင်တဲ့အတွက် ကရင်နီပြည်ရဲ့ သမိုင်းတရားခံတွေ ဖြစ်လာမှာပါ။”
——————————————————————————————–
ဦးဗညား ( ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC – အတွင်းရေးမှူး – ၂ )
“ကျနော့်အမြင်ကတော့ ရှင်းပါတယ်။ စစ်ကောင်စီကပဲဖြစ်စေ စစ်ကောင်စီ အောက်ကလူတွေက ရွေးကောက်ပွဲ ဖော်ဆောင်ဖို့က ပါတီစုံဖို့လိုတာရယ် နိုင်ငံတကာကိုပြဖို့အတွက်ကြောင့် ခုလိုပြည်နယ်နာမည်ခံသုံးစွဲတာ သက်သက်ပဲလို့မြင်ပါတယ်”
——————————————————————————————–
ခူးသဲရယ် (ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ KSDP – ဥက္ကဌ )
“ ဘယ်သူဦးဆောင်တယ် ဆိုတာ ကျနော်တို့မသိရပါဘူး။ စကစ (စစ်ကောင်စီ )အောက်က ၂၀၀၈ အောက်က ဘယ်လိုမှ ဒီမိုကရေစီစနစ် တည်ဆောက်လို့မရဘူးဆိုတာ သိဖို့လိုတယ်။ ကျနော်တို့ KSDP ကတော စကစ နဲ ၂၀၀၈ အောက်က ဘယ်တော့မှ နိုင်ငံရေးတည်ဆောက်မှာမဟုတ်ဘူး စဥ်းလည်းမစဥ်းစားတော့ဘူး။ စစ်အာဏာရှင် နဲ့ အာဏာရှင်မှန်သမျှအဆုံးသတ်ရေးက ကျနော်တို့ရဲ့ ပထမ ဦးစားပေးဖြစ်တယ်။ ပြီးမှ ဖက်ဒရယ်ကိုတည်ဆောက်မှာဖြစ်တယ်။ခု KySPP ဆိုတဲ့ပါတီကတော့ စကစ နဲ့ အပေါင်းအပါတွေကဘဲ တည်ထောင်တာဖြစ်မှာပါ ။ သူတို့ကို ထောက်ခံတဲ့ပြည်သူတွေ ရှိလားမရှိလား တော့ မသိဘူး။ လူထုအပေါ်မူတည်ပါတယ် လူထုမပါတဲ့ တော်လှန်ရေး ၊ လူထုမပါတဲ့နိုင်ငံရေး က ဘယ်လိုမှ ရပ်တည်လို့ ရမှာမဟုတ်ပါဘူး။”