ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေစိုက်ပျိုးထားတဲ့ လယ်ယာခင်းထဲ ကျရောက်ပေါက်ကွဲပြီး စပါးခင်းတချို့ ပျက်စီးခဲ့တယ်လို့ ဖယ်ခုံ မြို့နယ်ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
ယမန်နေ့ မေလ ၁၉ ရက်ည ၁၁ နာရီဝန်းကျင်မှာ ဖယ်ခုံအခြေစိုက် ခမရ (၃၃၆) တပ်ကနေ ပစ်ခတ်လာခဲ့တာလို့ဆိုပါတယ်။
တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီး ၃ ကြိမ် ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။
လက်နက်ကြီး ကျရောက်ခဲ့တဲ့ လယ်ကွင်းအတွင်းမှာ အရပ်သားပြည်သူတွေ ငါးမျှား၊ ဖားကောက်ပြီးလေ့ရှိပြီး မီးအလင်းရောင်ကြောင့် အခုလိုပစ်ခတ်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးရဲ့ သုံးသပ်ပြောဆိုချက်ကို ဖယ်ခုံ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာလည်း ဖယ်ခုံအရှေ့ခြမ်းတစ်နေရာကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်းကိုလည်း ဖယ်ခုံ PDF 1006 တပ်ရင်းက မေလ ၁၃ ရက်နေ့စွဲဖြင့် အသိပေးထုတ်ပြန်ထားတာရှိပါတယ်။
ဖယ်ခုံ နဲ့ ညောင်ရွှေ နယ်စပ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ပြီးတဲ့နောက် ဖယ်ခုံဖက်က အရပ်သားရှိရာအရပ်ကို ပစ်မှတ်ထားကာ မကြာခဏ လက်နက်ကြီး ပစ်ခတ်မှုတွေ လည်း ရှိနေပြီး အချို့ကျေးရွာအုပ်စုက ဒေသခံနဲ့ စစ်ရှောင်တွေလည်း တိမ်းရှောင်နေကြရတာရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးဆီကနေ သိရပါတယ်။
အခုလို အကြောင်းမဲ့ မကြာခဏ ပစ်ခတ်မှုလုပ်တဲ့အပေါ် ရေလုပ်သား၊ လယ်လုပ်သားများ၊ ငှက်ပစ်၊ ဖားရှာ/ငါးရှာ ဂဏန်းနှိုက် ပြည်သူတွေအနေနဲ့ ကျေးရွာအသီးသီးက ညဖက်နဲ့ သက်ဆိုင်တဲ့ ကုန်းစည်းကမ်း၊ ရေစည်းကမ်းတွေ လိုက်နာကြဖို့ကိုလည်း ဖယ်ခုံ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။