ကန္တာရဝတီတိုင်း ( မ် )
မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂နှစ်ကျော်အတွင်း ကလေးသူငယ် (၃၇၃) ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ဒီကနေ့ မတ်လ ၂၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အသိပေးထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ မတ်လ ၁၆ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း (၂၁၉၀) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ အခုလို ပြောဆိုထားပါတယ်။
“လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ မတ်လ ၁၆ ရက်နေ့အထိ မှတ်တမ်းတင်ထားတဲ့အချက်အလက်အရ စစ်ကောင်စီအုပ်စုဟာ အရပ်သားပြည်သူဆိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု (၂၁၉၀) ကြိမ်လုပ်ခဲ့ပြီး ကလေးသူငယ်ပေါင်း ၃၇၃ ဦးအသက်ဆုံးရှုံးခဲ့ရတယ်။”လို့ NUG က ဆိုပါတယ်။
လက်ရှိ မြန်မာပြည်သူထူထုတွေဟာ နေ့စဥ်နဲ့အမျှ ကြီးမားတဲ့ ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေကိုလည်း အရေးတကြီး လိုအပ်လျက်ရှိနေကြောင်း ပြောဆိုထားပါတယ်။
စစ်ကောင်စီက အခုလို အများပြည်သူဆိုင်ရာနေရာတွေကို တိုက်ခိုက်မှုနဲ့ ကလေး သူငယ်တွေကို ထိခိုက်သေကြေစေမှုတွေ ပြုလုပ်တာဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်နေရုံ မကဘဲ ကလေးသူငယ်တွေရဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်နိုင်ခွင့်နဲ့ ကာကွယ်စောင့်ရှောက်မှုရရှိပိုင်ခွင့်တွေကို အာမခံပေးထားတဲ့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဂျီနီဗာသဘောတူစာချုပ်ကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ NUG က ပြောဆိုထားပါတယ်။
အလားတူ ကရင်နီပြည်မှာလည်း စစ်ကောင်စီက အရပ်သားပြည်သူရှိရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး အာဏာသိမ်း လေးနှစ်ကျော်အတွင်း ကရင်နီပြည်နဲ့ ကယန်းဒေသမှာ လေကြောင်းတိုက်ခိုက်မှု ( ၁၈၂၈ ) ကြိမ်ပြုလုပ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။