ကန္တာရဝတီတိုင်း(မ်)
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်က လူငယ်အများစုရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ အားလုံးနီးပါး ဆုံးရှုံးခဲ့ရပါတယ်။ တချို့လူငယ်တွေကတော့ အိမ်မက်ကို စွန့်လွတ်ပြီး တော်လှန်ရေးထဲကို ခြေစုံပစ် ပါဝင်ကြသလို တချို့လည်း စမ်းတဝါးဝါးနဲ့ အချိန်တွေကို ကုန်ဆုံးနေကြပါတယ်။ ဒီလို အခက်အခဲတွေကနေ ရုန်းထွက်ဖို့အတွက် လူငယ်တချို့ကတော့ နေရပ် စွန့်ခွာပြီး ပြည်ပနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။
ကိုယ့်မြေ မဟုတ်ဘဲ တိုင်းတစ်ပါး နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့ နေကြရတဲ့ ကရင်နီလူငယ်တချို့ရဲ့ စိန်ခေါ်မှု အခက်အခဲတွေ ၊ သူတို့ရဲ့ ရင်ဖွင့် စကားသံတွေကို တင်ဆက်ထားပါတယ်။
ညေးမိုး (ဒူဘိုင်းမြို့မှာ အိမ်အကူအဖြစ် အလုပ်လုပ်နေသူ)

“ကြုံတွေ့နေရတာတော့အများကြီးပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ အမိမြေမှာနေခဲ့တဲ့ အချိန်ဆိုရင် ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်မှုတွေ ပိုင်ဆိုင်ခဲ့ကြတဲ့သူတွေကြီးပါပဲ။ ဒါပေမယ့် နိုင်ငံရေးမကောင်းတော့ တစ်ခြားနိုင်ငံတွေကို အလုပ်လုပ်ဖို့ထွက်ခွာသွားကြတယ်။ သူများနိုင်ငံ လည်းရောက်ရော ကိုယ်ပိုင်အချိန် ကိုယ်ပိုင်လွတ်လပ်မှုတွေ ရောင်းစားခံလိုက်ရတဲ့ ဘဝလိုမျိုး ဖြစ်သွားတာပေါ့နော်။ တချို့ကြတော့ အိမ်ရှင်ကောင်းနဲတွေ့ တဲ့ သူတွေရှိသလို အိမ်ရှင်မကောင်းတဲ့ သူတွေနဲ့ တွေ့တဲ့ သူတွေလည်း အများကြီးပေါ့နော်။ ဒါပေမယ့် သူများနိုင်ငံရောက်ပြီးပြီဆိုတော့ လွယ်လွယ်နဲ့ ပြန်လာလို့မရသလို့ သူတို့ခြိမ်းခြောက်တာကို ခံရတဲ့သူတွေလည်း အများကြီးပေါ့။”
ခူးစေးရယ် ( ထိုင်းနိုင်ငံတစ်နေရာမှာ ဆောက်လုပ်ရေးအလုပ်လုပ်နေသူ )

“ထိုင်းနိုင်ငံကိုစစရောက်ချင်းမှာပဲ ပညာပြခံရတာပေါ့နော်။ မြန်မာနိုင်ငံမှာကတည်းက နေ့စားခ ချုပ်ထားတာက တစ်ရက်ကို ထိုင်းဘတ် (၃၅၀) နဲ့ ချုပ်ထားတယ်ပေါ့။ ဒီမှာရောက်တော့ နေ့စားခကို တစ်ရက်ကို ထိုင်းဘတ် ၃၂၀ ပဲ ပေးနိုင်မယ်။ မလုပ်နိုင်ရင်ပြန်။ အ့လိုပြောတယ်ပေါ။တကယ်တော့ ဒါက တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး။ ပထမဆုံး အလုပ်တောင် မဆင်းရသေးဘူး ထိုင်းနိုင်ငံကို စရောက်တဲ့ ရက်မှာကတည်းက အစည်းအဝေးခေါ်ပြီး ဒီလိုတွေ ပြောတာပေါ့နော်။မလုပ်နိုင်ဘူး ပြောလို့လည်း မရတော့ဘူ။ ပြန်လှည့်မယ်ဆိုလည်း လှည့်ဖို့လမ်းလည်း မရှိတော့ဘူး။ ရောက်နေပြီပဲ ဆိုပြီးတော့ အားတင်းပြီးတော့ နေရတာပေါ့။ အခက်အခဲတွေကတော့ အများကြီးရှိတယ်။ ဒီနိုင်ငံကို အခုမှ ရောက်ဖူးတာ ဆိုတော့ မလုပ်ဖူးတဲ့ အလုပ်တွေ၊ သူတို့စကားနားမလည်တာတွေ ဆဲတာ၊ဆူတာ၊အော်တာ၊ငေါက်တာတွေကအစ ခံရတယ်။ပြန်ပြောလို့လည်းမရ သူတို့ပြောတာတွေပဲ ခံနေရတယ်။ သူတို့စကားလည်း နားမလည် ဘာပြန်ပြောလို့ ပြောရမှန်းမသိ။ မနက်ဆိုလည်း အစောကြီးထရတယ်။ မနက် ၄ နာရီဆို ထရပြီ။ ထမင်းဟင်းထချက်ရတယ်။ မနက် (၅) နာရီ (၁၅) မိနစ်လောက်ဆို အလုပ်ကားက ထွက်ပြီ။ ကား နောက်ကျ ရင် အလုပ်ဆင်းလို့မရတော့ဘူး။ အဲ့လိုမျိုးတွေ ရှိတယ်”
ဘိုးမြာ ( စင်္ကလာပူနိုင်ငံမှာ အိမ်အကူအဖြစ် အလုပ်လုပ်နေသူ)

“လက်ရှိ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ သူတယောက်အနေနဲ့ ပြောရမယ်ဆိုရင် အေးဂျင့်ခနဲ့ ဒီဘာသာစကား မတူညီမှုကြောင့်ရယ် ၊ ပြီးတော့ အခြေအနေ အမျိုးအမျိုးကြောင့် မိသားစုကို ခွဲရတဲ့အခါ မိသားစုကို လွမ်းရတဲ့ ပြဿနာတွေ ရှိတယ်။အေးဂျင့်ခက တချို့သူတွေက ဒီဘက်က အလုပ်နဲ့ ကိုက်ညီနဲ့ အရည်အချင်းတွေ ရှိတယ်။ ဒါပေမယ့် အလုပ်တွေ လျှောက်တဲ့ အခါမှာ
အေးဂျင့်ခတွေ ကအရမ်းကို များပါတယ်။ လက်ငြင်းပေးရတာ ဖြစ်လို့ ကြီးမှားတဲ့ ပြသာနာတွေထဲက တခုပါဝင်ပါပဲ။ဘာလို့လည်းဆိုရင် ကိုယ်တွေ မရှိလို့ ၊ မသက်သာလို့ ဒီလို ပြည်ပမှာ အလုပ်လာလုပ်ပါတယ်ဆိုနေ၊ အရည်အချင်းရှိနေရင်တောင် မှ အေးဂျင့်ခတွေက အရမ်းကုန်တော့ အဆင်မပြေပါဘူး။ တချို့တော့ သူတွေဆို ရွာက အိမ်ခြံမြေတွေ ရောင်းပြီးတော့မှ သွားကြတဲ့ သူတွေရှိတယ်။ အေးဂျင့်တွေကို ယုံကြည်စိတ်ချလို့ မရတဲ့ အချိန်မှာလည်း ပြဿနာတစ်ခုပေါ့နော်။ တချို့ဆို အလိမ်ခံလိုက်ရတာတွေ လည်း ရှိနေပါတယ်။ နောက်တခုက ဘာသာစကားပေါ့။ သူတို့သုံးနှုန်းတဲ့စကားတွေက ကျမတို့ရဲ့ မိခင်ဘာသာစကား မဟုတ်တဲ့ အတွက်တော့ ဒါက အဓိက ပြဿနာတစ်ခု။ လုပ်ငန်းတွေထဲမှာဆိုရင်လည်း ဒီဘာသာစကားတွေကို မကျွမ်းကျင်တဲ့ အခါမှာ အခက်အခဲတွေနဲ အများကြီး ကြုံတွေ့နေကြရတယ်”
ဇင်မာ ( ဂျပန်နိုင်ငံမှာ အလုပ်လုပ်သူ )

“ဒီနိုင်ငံကို ရောက်လာတဲ့ အချိန်မှာ အရင်ဆုံး ခက်ခဲတာက ဘာသာစကားပါ။ မိဘဆွေမျိုးတွေလည်း မရှိ ပြီးတော့ မိသားစုကို ချန်ခဲ့ရတော့ ပူပန်ရတဲ့ စိတ်ကလည်း ရှိသေးတယ်။ ငွေရေးကြေးရေးအစ ခက်ခဲတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေကြားထဲမှာ ကျမ ဘဝကို ကျမပဲ ပြန်တည်ဆောက်ရမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းထားရတယ်။ ကိုယ့်ပြည်နယ်မှာ ရှိတဲ့ ကိုယ့်မိသားစု စီးပွားရေး ၊ ကိုယ့်အိုးကိုယ့်အိမ်တွေ အကုန်လုံးက ပျက်စီးသွားတာ ဆိုတော့လေ စိတ်ဓတ်ကို မကျရဲဘူး။ စိတ်ဓတ်ကျပြီး ဘာမှ မလုပ်နိုင်ရင် ကိုယ့်မှာ ပြန်လှည့်စရာ လမ်းလည်း မရှိဘူး။ ကရင်နီပြည် ကနေ ထွက်ခွာလာတာ အခုဆို (၂) နှစ်တောင်ရှိပြီ။ စထွက်လာကတည်းက တစ်ယောက်ထဲနေလာတာဆိုတော့ အခက်အခဲတွေနဲ့ နေသားကျနေပါပြီ။ ဒီထက်ပိုပြီး သန်မာအောင် ကြိုးစားနေပါတယ်”
ခူးဘျားရယ် ( အမေရိကန်နိုင်ငံ၊ စက်ရုံတခုမှာ အလုပ်လုပ်နေသူ )

“စစရောက်တုန်းကဆိုရင် ဘာသာစကားတို့၊ ရာသီဥတု အနေအထားတို့ ၊အစားအသောက်တွေက အရမ်းကို စိန်ခေါ်မှုကြီး တစ်ခု ဖြစ်ခဲ့တယ်။စိတ်ဓတ်တွေကျတယ်။ နိုင်ငံခြားမှာဆိုရင် မိဝေး၊ဖဝေး ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဝေးရတဲ့ အချိန်မှာ တခါတလေဆို အရမ်းစိတ်ဓတ်ကျတယ်။ အားငယ်တယ်။ ပြီးတော့ အိမ်ကိုလွမ်းနာကျတယ်။ အဲ့လိုမျိုးတွေ ခနခဏ ကြုံနေရတယ်။ ရင်ဖွင့်ဖော်တောင်မှ မရှိတဲ့ အနေအထားမှာ ရှိတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဲ့လိုဖြစ်လာပြီဆိုရင် Yotube မှာ ပြန်ရှာပြီးတော့မှ ဘယ်လို လုပ်ရမလဲ ၊ ဘယ်လိုကျော်လွှားရမလဲ ၊ စိတ်ဓတ်တွေကို ဘယ်လို ပြင်ဆင်ရမလဲ ဆိုပြီးတော့မှ Yotube မှာ နားထောင်တယ်။စာတွေ ဖတ်တယ်။ ပြီးတော့မှာ ကိုယ့်ကိုကိုယ် ကိုယ့်စိတ်ကို ပြန်ပြီးတော့ ကုစားရတဲ့ အနေအထားမှာ ရှိခဲ့တယ်။”