spot_imgspot_imgspot_imgspot_img
Sunday, June 16, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်စခန်းလေးတွေဆီကို ခရီးနှင်ခြင်း

Author

Date

Category

မော်ဦးမြာ/ ကန္တာရဝတီတိုင်း(မ်)

ဒီဇင်ဘာလရဲ့ ချမ်းစိမ့်စိမ့် မနက်ခင်းလေးတွေဟာ အိပ်ယာထဲမှာ အေးဆေးသာယာစွာအိပ်ရင်း ဆာလောင်လို့ အိပ်ယာထလာရင် ကော်ဖီလေးတခွက်၊ နှစ်သက်ရာမုန့်လေးနဲ့ မနက်စာကို သုံးဆောင်ပြီး နွေးနွေးထွေးထွေးနဲ့ တနေ့တာကိုဖြတ်သန်းဖို့ ပြင်ဆင်နေကြဖို့က လူတိုင်းအတွက် စိတ်ကူးယဉ်လေးတခုပါ။

ဒီဇင်ဘာလ ၁၈ ရက်နေ့ရဲ့ မြူတွေအုံ့ဆိုင်းနေတဲ့ မနက်ခင်းလေးမှာ ကျမနဲ့အတူ မိတ်ဆွေတချို့က စစ်ဘေးရှောင်စခန်းလေးတွေရှိရာကို ခရီးနှင်ဖို့ ပြင်ဆင်နေကြပြီး မနက် ၈ နာရီမှာ ထိုင်း-ကရင်နီရဲ့ နယ်စပ်တနေရာကနေ စတင်ထွက်ခွာလာခဲ့ကြပါတယ်။ အားလုံး သိထားကြတဲ့အတိုင်း စစ်ဘေးရှောင်စခန်းတွေ ရှိတဲ့နေရာဆိုတာဟာ ကတ္တရာလမ်းခင်းထားတဲ့ လမ်းခရီးလို ချောမွေ့တဲ့လမ်း မဟုတ်သလို မြေသားလမ်းတွေဆိုရင်တောင် ဖြောင့်ဖြူးပြီး သွားလာရအဆင်ပြေတဲ့ နေရာလေးတွေ မဟုတ်ဘူးဆိုတာပါဘဲ။

ကျမတို့လူတစု စတင်ထွက်ခွာတာနဲ့ တောင်စောင်းကလေးက မညီမညာ ကားလမ်းတွေရယ်၊ တောင်ခြေက ရေချောင်းလေးတွေရယ်၊ S ( အက်စ် ) ကွေ့လို လမ်းခရီးတွေရယ်က စတင်ခရီးဦး ကြိုတော့တာပါဘဲ။ အဲ့ဒီလမ်းခရီးကို အတွေ့အကြုံမရှိဘဲ မောင်းနှင်ဖို့က ရင်ထိတ်ဖွယ်ရာလမ်းခရီး။ ကားနှစ်စီး မျက်နှာချင်းဆိုင် တွေ့ပြီဆိုရင်တော့ ရှောင်လမ်းမရှိကျဉ်းမြောင်းပြီး၊ မကျွမ်းကျင်တဲ့ ကားဆရာနဲ့သာ တိုးရင်တော့ ချိုင့်ခွက်လေးတွေထဲ ကားခံရင်ခံ၊ မခံရင်ဖြင့် ချောက်ကမ်းပါးထဲ အသာယာလေး ဆင်းရလေခြင်း။

သုံးနာရီဝန်းကျင်လောက် အဲ့ဒီလမ်းခရီးတွေကို ဖြတ်သန်းရင်း ဝါးတွေနဲ့ ဆောက်လုပ်ထားပြီး၊ အစိမ်းရောင်မိုးကာလေးတွေအုပ်မိုးလျှက် ထရံတွေနဲ့ကာရင်း အိမ်ရှေ့မှာအနားယူနိုင်ဖို့ ဝရန်တာလေးတွေ ကိုယ်စီထားထားတဲ့ စစ်ဘေးရှောင်သူတွေရဲ့ တဲအိမ်လေးတွေကို လမ်းဘေးဝဲယာတလျောက် မြင်တွေ့ရပါတော့တယ်။

ကျမတို့လူတစု ကားနဲ့ဝင်ရောက်လာတာကို စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြတဲ့ လူကြီးရော ကလေးတွေပါ ဖော်ရွေစွာနဲ့ နွေးနွေးထွေးထွေးကြိုဆို နှုတ်ဆက်ကြလေတယ်။

ကျမ ကားပေါ်ကအဆင်း အိမ်ရှေ့ဝရန်တာမှာထိုင်ရင်း လသားအရွယ်မြေးလေးကို ချီထားတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတယောက်ကိုနှုတ်ဆက်ပြီး စကားစမြည်ပြောကြရင်း သူမဟာ အဲ့ဒီစစ်ဘေးရှောင်စခန်းကို ရောက်လာတာ နှစ်လဝန်းကျင်လောက်ရှိနေပြီဖြစ်ပြီး၊ သမီးဖြစ်သူနဲ့ သားမက်ဖြစ်သူက စားဝတ်နေရေးကြောင့် တခြားနေရာမှာ အလုပ်လုပ်ဖို့ ထွက်သွားတာကြောင့် မြေးလေးတွေကို လာရောက်စောင့်ရှောက်ပေးရခြင်းဖြစ်တယ်လို့ အဆိုပါ အမျိုးသမီးက ပြောပြပါတယ်။

“သမီးက ဒီဖက်ရောက်လာတော့ ကလေးပြန်လာကြည့်ကူပေးတာ။” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

အဆိုပါ အမျိုးသမီးဟာ မယ်စဲ့မြို့နယ်အတွင်းက ရွာလုံးကျွတ်နီးပါး ပြာကျသွားတဲ့ ပန်တိန်းကျေးရွာမှာ နေထိုင်ပါတယ်။ သူမရဲ့ နေအိမ်ဟာလည်း မီးလောင်ပြာကျသွားတဲ့အထဲ ပါသွားတယ်လို့ ရင်ဖွင့်ပြောပြပါတယ်။

ကျမတို့ ပထမဦးဆုံးရောက်ရှိသွားတာ မယ်စဲ့မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း အမှတ် ၉ ဖြစ်ပါတယ်။ အဲ့ဒီစစ်ဘေးရှောင်စခန်းမှာ မယ်စဲ့၊ ဖားဆောင်း၊ ဘောလခဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ မော်ချီး စတဲ့ နေရာဒေသအသီးသီးက လူဦးရေ ၃၇၀ ဝန်းကျင် လာရောက်ခိုလှုံနေထိုင်ကြတဲ့ နေရာလေး ဖြစ်ပါတယ်။

“ဆက်သွယ်ရေးလည်းဘာမှမရဘူး။ မရဘူး သူတို့ကရေဒီယိုထဲမှာဘဲ နားထောင်ကြတယ်။ ရေဒီယိုပါတာလည်း ဝေးဝေးတယောက်ပါဘဲ။ ကျတော်တို့လည်း နားထောင်ဖို့လည်း ဘယ်မှာသွားယူရမှာလဲ။” လို့ အဲ့ဒီစစ်ဘေးရှောင်စခန်းရဲ့ တာဝန်ရှိသူတဦးက ဆက်သွယ်ရေးအခြေအနေနဲ့ သတင်းအချက်အလက်တွေ ရယူနိုင်တဲ့ ပုံစံကို ပြောပြပါတယ်။

“အိမ်ပြန်ချင်တယ် အိမ်ကိုသတိရတယ်။ တိုက်ပွဲစကနေ ခုထိအိမ်မပြန်ဖူးတော့ဘူး။”

ဒါကတော့ အသက် ၁၁ နှစ်အရွယ် ကျောင်းသားတဦးက ကျမကို ပြောလိုက်တဲ့ စကားပါ။

ကလေးတွေ စစ်ဘေးရှောင်စခန်းရဲ့ လမ်းလယ်ခေါင်မှာ ပြေးလွှားဆော့ကစားနေတာကိုကြည့်ရင်း၊ သူတို့နဲ့ နှုတ်ဆက်ပြီးစကားစမြည်ပြောကြရင်း၊ အဆိုပါ ကျောင်းသားလေးက သူနဲ့ သူ့မိသားစုတွေ လွိုင်ကော်ကနေ စစ်ဘေးရှောင်စခန်းကို ရောက်လာခဲ့တဲ့ အခြေအနေတွေကို အားပါးတရ ကလေးပီပီ ပြောပြနေပါတော့တယ်။ သူကြုံခဲ့ရတဲ့ တချို့အခြေအနေတွေဟာ သူ့အတွက်တော့ သူငယ်ချင်းကို ပြောပြသလို လွတ်လပ်ပေါ့ပါးစွာ ပြောပြနေပေမဲ့ နားထောင်ရသူ ကျမအဖို့တော့ သူ့ကိုလေးစားမိသလို ဝမ်းလည်းနည်းရပါတယ်။

လွတ်လပ်စွာပညာသင်ကြားရမဲ့ အရွယ်မှာ အခုလို တဆင့်ပြီးတဆင့် ပြေးလွှားတိမ်းရှောင်နေကြရင်း လက်နက်ကြီးသံတွေကြားက အိမ်နဲ့အဝေးဆုံးကို ထွက်သွားရကာ တကြိမ်တခါမှ မရောက်ဖူးတဲ့နေရာ၊ မဆုံဖူးကြတဲ့ သူစိမ်းတွေနဲ့ အတူတကွ နေထိုင်ကြရတဲ့ သူတို့အဖို့တော့ ဝမ်းနည်းအားငယ်နေမိမှာ အမှန်ပါဘဲ။ ဒါပေမဲ့ လပိုင်းအတွင်းမှာ သူတို့တတွေဟာ တဦးနဲ့တဦး ဖေးမရင်း ရင်းနှီးချစ်ခင်စွာ မိတ်ဖွဲ့ပြီး နေထိုင်နိုင်ကြပါပြီ။

သုံးနှစ်အရွယ် သမီးငယ်လေးတဦးနဲ့ လေဖြတ်ထားတဲ့ဖခင်ဖြစ်သူနဲ့အတူ ဖရူမြို့နယ်အတွင်းကနေ တိမ်းရှောင်လာတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတဦးကတော့ စတင်တိမ်းရှောင်တုန်းက ဆိုင်ကယ်၊ ကားတွေ မရှိတာကြောင့် ကြုံရာကားတွေနဲ့ လိုက်စီးရင်း ငါးနေရာအထိ ရွေ့လျားတိမ်းရှောင်ခဲ့ရပြီး အမှတ် ၉ ကို ရောက်ရှိလာတာ ၃ လ ရှိသွားပြီလို့ ပြောပါတယ်။

“ဒီလိုသွားရတော့ အခက်ခဲရှိတယ်။ ဒါပေမဲ့ ကြိုးစားပြီး သွားရမှာဘဲ။ အဲလိုဘဲ ထင်တော့တယ်။ အခက်ခဲတွေကို မေ့ပြီးသွားရတာပေါ့။ အဓိက တိုင်းပြည်ပြန်ရရှိဖို့ဘဲ။ ပြီးတော့ ကြိုးစားပြီးတော့ အခက်ခဲတွေအားလုံးကို မေ့ပစ်ရမှာဘဲလေ။ တနေ့ကျရင် ရွာပြန်ရမှာဘဲ။ အဲ့လိုဘဲတွေးတော့တယ်။ အိမ်ကို မနက်ညမပြတ် အရမ်းပြန်ချင်နေပြီ။” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

ရှာဖွေလုပ်ကိုင်စရာ အလုပ်တွေမရှိဘဲ ဝင်ငွေရှားပါးလာတာကြောင့် တိုင်းရင်းသားပီပီ ကွမ်းစားကြတဲ့ သက်ကြီးသူတွေဟာ တောထဲက ကွမ်းရွက်နဲ့တူတဲ့ အရွက်ကိုခူးပြီး ကွမ်းယာလုပ် စားကြပါတယ်။ အဲ့ဒီအရွက်ဟာလည်း တချို့သော တောတွေမှာသာရှိနိုင်တယ်လို့ သိရပါတယ်။ “တောကွမ်း” လို့ ခေါ်ဝေါ်ကြပြီး ဒါတွေရှိတာကြောင့်လည်း သက်ကြီးပိုင်းတွေအတွက် စားစရာတခု ရှိလာတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ကွမ်းယာတယာဖြစ်ဖို့ လိုအပ်တဲ့ အဆာပလာတွေကိုတော့ အချင်းချင်း မျှဝေစားသုံးကြပါတယ်။

အဲ့ဒီနေရာမှာ ကျမတို့တစု ညအိပ်ခဲ့ကြရပြီး နောက်တမနက်မှာ နောက်ထပ်စစ်ဘေးရှောင်စခန်းတခုကို ဆက်လက်ခရီးနှင်ဖို့ ထွက်ခွာခဲ့ကြပါတယ်။ ရေချောင်းလေးတွေ ပတ်ပတ်လည်ဝန်းရံထားတဲ့ တောအုပ်ကလေးထဲမှာရှိတဲ့ နောက်ထပ်စစ်ဘေးရှောင်စခန်းဆီကို ကျမတို့ ခရီးဆက်နှင်ကြပါတယ်။ ညနေစောင်း ၆ နာရီဝန်းကျင်မှာ ရောက်သွားပြီး တာဝန်ရှိသူတွေနဲ့ နှုတ်ဆက်စကားပြောကြရင်း တညတာကို ဖြတ်သန်းခဲ့ပါတယ်။

တောအုပ်လေးထဲမှာ ခိုလှုံနေကြတာဖြစ်တဲ့အတွက် တညတာလုံးမှာ ဇီးကွက်၊ ငှက်ကလေးတွေအပြင် တခြားသော တောကောင်တွေရဲ့ အသံတွေလည်း ကြားနေရပါတယ်။ မနက်ခင်းလေးမှာ စစ်ဘေးရှောင်တွေ တနိုင်တပိုင်တွေ မွေးမြူထားတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ အသံတွေနဲ့ သဘာဝတရားကို ခံစားခဲ့ရပါတယ်။ သဘာဝတရားတွေ ပြည့်နှက်နေပေမယ့် အဲ့ဒီမှာ ခိုလှုံနေကြတဲ့သူတွေဟာ စစ်ပွဲကြောင့် အသက်ဘေးကနေလွတ်မြောက်ရုံသာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတာပါ။

အဲ့ဒီနေရာမှာ နေရာဒေသအသီးသီးမှာ စစ်ဘေးရှောင်ဦးရေ ၁၂၀၀ ဝန်းကျင်လောက်က လာရောက်ခိုလှုံနေထိုင်ကြပါတယ်။

“ကျနော်တို့ ဒီ စစ်ရှောင်မှာဆိုလို့ရှိတော့ ၅ ယောက်လောက်ရှိတယ်ပေါ့နော်။ တရက်ထဲ နှစ်လောင်းသေတဲ့ဟာလည်း ကျနော်တို့ ကြုံရတယ်ပေါ့။ အဓိက ဆေးဝါးပြဿနာ ဖြစ်တယ်ပေါ့။”

အထက်ပါ စကားကို စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတဦးက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သူတို့ ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြန်ပြောင်းပြောပြတာပါ။

ဆေးပေးခန်းတွေ ရှိနေပြီး ဆေးပေးခန်းတွေမှာလည်း ဆရာ၊ ဆရာမတွေ ရှိနေပေမဲ့ သူတို့ခံစားနေရတဲ့ ရောဂါဝေဒနာအလျောက် ဆေးဝါးမလုံလောက်တဲ့ ပြဿနာကတော့ အမြဲရင်ဆိုင်နေရတယ်လို့ ကျမရောက်ခဲ့တဲ့ စစ်ဘေးရှောင်စခန်းတွေတိုင်းမှာ နေထိုင်ကြတဲ့ သက်ကြီးပိုင်းတွေဆီကနေ သိရှိရပါတယ်။

လက်ရှိမှာလည်း ဆောင်းရာသီဖြစ်သလို သူတို့ခိုလှုံနေထိုင်ကြတဲ့ နေရာတွေဟာ အအေးဓာတ် များတဲ့နေရာတွေ ဖြစ်တာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် အနွေးထည်လေးတွေ အလှူခံချင်ကြောင်းကို ရင်ဖွင့်ပြောဆိုကြပါတယ်။

“စစရောက်တော့ပိုဆိုးတယ်။ ကျမတို့က ခြေလျင် နဲ့လျှောက်လာရတာဆိုတော့လေး၊ ကျောပိုးအိတ်လည်းမရှိဘူး။ သေးသေးလေးဘဲရှိတာ တထည်နှစ်ထည်ဘဲရှိတယ်။ လမ်းမှာဝတ်ဖို့ဘဲ ပြီးစားစရာထည့်စရာလိုသေးတယ်။ ပြီးတော့ စားစရာထည့်လာ အဲ့လိုမျိုးဘဲ။ ဒီနားရောက်မှဘဲ မိုးတွင်းချိန်ဆို တအားအခက်အခဲဖြစ်တယ်။ အဝတ်ခြောက်အောင်ဆိုရင် မီးနဲ့အဲ့လိုမျိုးဘဲ လုပ်ရတာပေါ့နော။ မီးဖိုနဲ့ဘဲပြန်ပြီးတော့မှ အနွေးဓာတ်ရအောင်ပြန်လုပ်တယ် မခြောက်တခြောက်ဆိုရင်လည်း ဝတ်ရတယ် အဲ့လိုကြုံခဲ့ရတယ်။”

ဒါကတော့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးလူငယ်လေးတဦးက စစ်ဘေးရှောင်စခန်းကို ရောက်လာစအချိန်ကို ပြန်ပြောင်းပြောပြတာ ဖြစ်ပါတယ်။ သူမက အမှတ် ၈ စစ်ဘေးရှောင်စခန်းရဲ့ ကျောင်းဆရာမတဦးပါ။

လက်ရှိမှာလည်း မနက်ခင်းလေးမှာ အနွေးဓာတ်လေးရအောင် မီးလေးတွေဖိုပြီး ပတ်ပတ်လည် လှုံနေကြသူတွေရှိသလို နေထွက်လာရင် နေပူဆာလှုံရင်း အနွေးဓာတ်ကို ရယူနေကြပါတယ်။ စာသင်ခန်းထဲကို ရောက်ရှိလာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေထဲမှာလည်း အနွေးထည်မရှိသူ၊ ဖိနပ်မရှိသူတွေ ပါဝင်တာကြောင့် နေပူဆာလှုံခိုင်းပြီးမှ စာသင်ရတာတွေလည်း ရှိတယ်လို့ အဆိုပါကျောင်းဆရာမက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေကို ရောက်ရှိသွားသူတွေဟာ လူငယ်ဖြစ်စေ၊ သက်ကြီးပိုင်းဖြစ်စေ သူတို့စွမ်းဆောင်နိုင်တဲ့အပိုင်းတွေမှာ ဝိုင်းဝန်းကြရင်း စာသင်တာ၊ အလှူရှင်ရှာတာ၊ သက်ကြီးတွေကို ပြုစုစောင့်ရှောက်တာ၊ တဲအိမ်လိုအပ်သူအချင်းချင်း ဝိုင်းဝန်းတည်ဆောက်ပေးတာတွေအပြင် ဖျားနာနေသူတွေရှိရင်လည်း မိမိမှာရှိတဲ့ မုန့်ပဲသရေစာ စတာတွေကို မျှဝေစားသုံးတာတွေ လုပ်ဆောင်ကြရင်း တနေ့တာကို ဖြတ်သန်းနေကြပါတယ်။

ဒါဟာ ကျမ ရောက်ရှိခဲ့တဲ့ မယ်စဲ့မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်နေရာသာ ရှိပါသေးတယ်။ ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသတွေမှာ စစ်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ နှစ်သိန်းခွဲအထိရှိလာပြီး စစ်ဘေးရှောင်စခန်းပေါင်း နှစ်ရာကျော်ရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စက်တင်ဘာလ စာရင်းအရ သိရှိရပါတယ်။ လွိုင်ကော်မြို့မှာ ၁ လေးလုံးစစ်ဆင်ရေးစတင်ပြီးတဲ့နောက် ထပ်တိုးလာတဲ့ စစ်ဘေးရှောင်တွေအပါအဝင် သုံးသိန်းအထိ ရှိလာတယ်လို့ IEC ရဲ့ အတွင်းရေးမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားပါတယ်။

မယ်စဲ့မြို့နယ်အတွင်းမှာ စစ်ဘေးရှောင် တသောင်းဝန်းကျင်ရှိတယ်လို့ မယ်စဲ့မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကရင်နီပြည်တပ်မတော် KA လက်အောက်ခံ မြို့နယ်တပ်တစ်ခုရဲ့ တာဝန်ရှိသူက ခန့်မှန်းပြောဆိုထားပါတယ်။

အခက်အခဲမျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံ၊ လိုအပ်ချက်မျိုးစုံကို နေ့စဉ်နေ့တိုင်း ရင်ဝယ်ပိုက်ရပေမဲ့ တော်လှန်ရေးအောင်မြင်ဖို့ကိုသာ မျှော်လင့်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ အဲ့ဒီအရာတွေကို မမှုတော့ဘဲ သူတို့ရောက်တဲ့နေရာမှာ သူတို့နိုင်တဲ့ဝန်ကို ထမ်းဆောင်ကြပြီး အိမ်ပြန်ရမဲ့နေ့ကို စောင့်မျှော်နေကြပါတယ်။

spot_img
spot_img

Recent posts