ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက အင်တောစစ်ဘေးရှောင်စခန်းမှာ မီးဖိုချောင်အသုံးစရိတ် သက်သာချောင်ချိစေဖို့အတွက် ဆောင်းသီးနှံကို စိုက်ပျိုးသူ များလာတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်တာ ၃နှစ်ကျော်ရှိလာပြီဖြစ်ပြီး စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားဝတ်နေရေး ပိုမို အခက်ကြုံလာတယ်လို့ ဆိုပါတယ်။ ဝင်ငွေနည်းပါးတဲ့ စစ်ဘေးရှောင် အိမ်ရှင်မတွေအတွက် ဆောင်းသီးနှံစိုက်ပျိုးခြင်းက နေ့စဉ် မီးဖိုချောင်အသုံးစရိတ်ကို သက်သာစေတယ်လို့ ပြောပါတယ်။ တစ်ဖက်မှာလည်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေဆဲဖြစ်တာကြောင့် ဆောင်းသီးနှံကို စိုက်ပျိုးသူ ပိုများလာတာပါ။
“ကျနော်တို့ စစ်ဘေးရှောင်တွေ ဆောင်းသီးနှံတွေ စိုက်ပျိုးနေတယ်။ ဒီလို စိုက်တော့ တစ်ဖက်တစ်လမ်း ဝင်ငွေလည်းရတယ် စားဖို့အတွက် မီးဖိုချောင်သုံး၊ ပိုရင်လည်း ကျနော်တို့ ရောင်းချလို့ ရတာပေါ့။ စစ်ဘေးရှောင် ကာလကြာလာတာနဲ့အမျှ သူများ လှူဒါန်းတာကိုပဲ မှီခိုရင် မဖြစ်တော့ဘူး။ ကိုယ့်ဘာသာကိုယ် စိုက်မှရတော့မယ်။”လို့ အင်တော စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မှာတော့ အိမ်ရှင်မတွေ မီးဖိုချောင်အသုံးစရိတ်သက်သာစေဖို့ ရည်ရွယ်ပြီး လူမှုအသင်းအဖွဲ့ အလှူရှင်တွေထံက မျိုးစေ့ နဲ့ ငွေကြေး အကူအညီကို ရရှိဖူးပေမယ့် လက်ရှိမှာတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ စိုက်ပျိုးနေကြပါတယ်။
“အဓိက သဘာဝမြေဆွေးကို အသုံးပြုတာပေါ့ Organic (သဘောဝမြေဩဇာ)ဖြစ်အောင်။ စစ်ဘေးရှောင်တွေဆိုတော့ သူများလာပေးတဲ့ သင်တန်း နဲ့ ရတဲ့ ပညာကို အသုံးချပြီး စိုက်ပျိုးကြတာ။”လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ဆက်ပြောပါတယ်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆလတ်ရွက်၊ နံနံပင်၊ မုန်လာဥနီ ၊ မုန်ညင်း ကို အဓိက စိုက်ပျိုးကြပြီး အခြားသော သီးနှံအမျိုးမျိုးတို့ကိုလည်း စိုက်ပျိုးထားပါတယ်။ လက်ရှိမှာတော့ ကြက်သွန်ဖြူ တစ်ပိဿာကို ( ၁သောင်း၈ထောင်ကျပ်) ၊ ကြက်သွန်နီ ၁ ပိဿာကို ၁ သောင်းကျပ်) ပေးဝယ်ရတယ်လို့ သိရပါတယ်။
အဆိုပါ အင်တော စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၁၈၀ ကျော်ရှိပြီး၊ လူဦးရေ ၈၀၀ ကျော် ရှိပါတယ်။