စောအယ်ကညော/ကန္တာရဝတီတိုင်း(မ်)
လမ်းဘေး ဝဲ၊ယာမှာ အုံ့ဆိုင်းနေတဲ့ ချုံနွယ်ပိတ်ပေါင်းတွေ၊ လက်နက်ကြီးစ နဲ့ လေယာဉ်ဗုံးစတွေ ထိမှန်ပြီး ပျက်စီးပြိုကျနေတဲ့ နေအိမ်အဆောက်အဦးတွေကို ဖြတ်ပြီး တဒုန်းဒုန်းတဒိုင်းဒိုင်း မြည်နေတဲ့ လက်နက်ကြီးကျသံကြားကနေ ဆိုင်ကယ်တစီးဟာ အလျင်အမြန် မောင်းနှင်လာပါတယ်။ သူမကတော့ ဒေါ်ဘယ်ရောနီကာဖြစ်ပြီး မိုးဗြဲမြို့ခံ တဦးပါ။
လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ချိုင့်ခွက်တွေ ဖြစ်နေတဲ့ လမ်းမကြီးပေါ်မှာ မောင်းနှင်လာတဲ့ သူမက ကျွမ်းကျင်စွာ ရှောင်ရှားနိုင်ပါတယ်။ သူမဟာ လမ်းဘေး ဝဲ၊ယာကို ဂရုမစိုက်အားပဲ ရှေ့တည်တည့်ကို ကြည့်ကာ အရှိန်ဖြင့်မောင်းနှင်နေတာ ဖြစ်ပါတယ်။
“ဘုရားရှိခိုးရင်းနဲ့ သွားတယ်။ ဘုရားကိုပဲ တမ်းတပြီးတော့မှ ဒီလမ်းခရီးမြန်မြန် ကျော်နိုင်ပြီး လယ်ထဲမြန်မြန်ရောက်ပါစေဆိုပြီး အဒေါ်ဆုတောင်းပြီးတော့မှ သွားတယ်။ တုန်တုန်လှုပ်လှုပ်နဲ့ သွားရတာပေါ့” လို့ သူမက ဆိုပါတယ်။
ဒေါ်ဘယ်ရောနီကာတယောက် စစ်ရှောင်စခန်းကနေ သူမရဲ့ လယ်ကွင်းလေးဆီကို နေ့စဉ် အသွားအပြန်လုပ်နေကြဖြစ်ပြီး မြို့ခံတွေနေထိုင်တာမရှိတော့တဲ့ မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာရပါတယ်။
သူမဟာ အရှိန်ပြင်းစွာ မောင်းနှင်နေရင်းကနေ လမ်းရဲ့ယာဘက် လက်နက်ကြီးစထိမှန်ထားလို့ အပေါက်တွေဗရပွနဲ့ အစိမ်းရောင်ဆေးသုတ်ထားတဲ့ နှစ်ထပ်အိမ်ကြီးတလုံးရှေ့မှာ ရုတ်တရက် အရှိန်လျော့ချလိုက်ပါတယ်။ အဲ့ဒီအိမ်ကတော့ သူမတို့ မိသားစုတွေ နေထိုင်ခဲ့တဲ့အိမ်ပါ။ မိသားစုတွေ နွေးနွေးထွေးထွေးနဲ့ ပျော်စရာကောင်းခဲ့တဲ့အိမ်ကြီးဟာ အခုတော့ လက်နက်ကြီးတွေ၊ ဗုံးဆံတွေကြားမှာ ပျက်စီးလို့နေပါတယ်။
“အိမ်တွေ့တိုင်း ရင်နာတယ်၊ ငိုချင်တယ်ပေါ့နော်။ ဒါမဲ့ငိုရင်လည်း မထူးဖူးဆိုတော့ စိတ်မာမာနဲ့ နေလိုက်တယ်ပေါ့။” လို့ သူမ က ပြောပါတယ်။
သူမဟာ သူမရဲ့အိမ်ကြီးကို ကြည့်နေရင်း ဝမ်းနည်းကြေကွဲဖွယ်ရာ အရိပ်ယောင်တွေ မျက်နှာမှာ အထင်းသားပေါ်လွင်နေပါတယ်။
ဒေါ်ဘယ်ရောနီကာကတော့ အသက် (၄၃)နှစ် ရှိပြီဖြစ်တဲ့ မိုးဗြဲ မြို့ဒေသခံ ကယန်း တိုင်းရင်းသူ ဖြစ်ပါတယ်။ သူမမှာ သားတယောက်၊ သမီးနှစ်ယောက် ရှိပါတယ်။
ဒေါ်ဘယ်ရောနီကာဟာ အရင်က အိမ်ခြံမြေအကျိုးတော်ဆောင် အလုပ်ကိုလုပ်ကိုင်ပြီး အမျိုးသားဖြစ်သူကတော့ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြရင်း အသက်မွေး ဝမ်းကျောင်းပြုခဲ့ကြတာပါ။ သူတို့မိသားစုလေးဟာ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲမဖြစ်ပွားခင် အချိန်ထိတော့ စားဝတ်နေရေး ပြေပြေလည်လည်နဲ့ အိမ်ကြီးကြီး၊ ကားလေးစီး နဲ့ ခြံကွက်တွေအများကြီးပိုင်ဆိုင်တဲ့ အဆင်ပြေတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

မိုးဗြဲ မြို့ပေါ် တိုက်ပွဲ ပြင်းထန်လာတဲ့ ၂၀၂၂ ခုနှစ်မှာ မြို့ပေါ်ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။ အဲ့ဒီအထဲမှာ ဒေါ်ဘယ်ရောနီကာတို့ မိသားစုလည်းအပါအဝင်ဖြစ်ပြီး သူမတို့မိသားစုလေးဟာ မိုးမြို့နဲ့ မနီးမဝေး လယ်ကွင်းထဲ တနေရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
တိုက်ပွဲတွေ ကျည်ဆံတွေနဲ့ ဝေးရာကိုထွက်ပြေးပုန်းရှောင်နေကြတယ်လို့ ဆိုပေမဲ့ လုံခြုံမှုမရှိပါဘူး။
၂၀၂၂ ခုနှစ် ၆ လပိုင်း ၂၇ ရက်နေ့ ည(၁၀)နာရီလေးဆယ့်ငါးမိနစ်ချိန်မှာ သူမရဲ့ မိသားစု စစ်ရှောင်နေတဲ့ လယ်ကွင်းထဲက တဲအိမ်လေးဆီကို လက်နက်ကြီးတွေကျရောက်ခဲ့ပါတယ်။
ဒေါ်ဘယ်ရောနီကာတို့ စစ်ရှောင်တဲ နဲ့ လေးပေခန့် ဝန်းကျင်ခန့်အကွာမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သူမကော သူမအမျိုးသားပါ လက်နက်ကြီး ထိမှန်ခဲ့ပါတယ်။ ဒေါ်ဘယ်ရောနီကာ ကတော့ ထိခိုက်မိတာ နည်းတယ်ဆိုပေမဲ့ သူမရဲ့ အမျိုးသားကတော့ ဦးခေါင်းမှာ ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့တာပါ။
“ဒီနားမှာ ကျတယ်။ (၁၂၀) မမ ဒီမှာကျ။ ပြီးတော့ ဒီမှာ အကုန်စင်တယ်ပေါ့။ ဒီမှာ ကျမတို့နေတဲ့နေရာက နီးတယ်ကော။ အိပ်တဲ့နေရာက နီးတော့ ဒီမှာထိတယ်ကော ဒီအပေါက်ကနေဝင်ပြီးတော့မှ ဒီမှာထိပြီး ကျမအမျိုးသားက ဒီနားအိပ်တော့ ထိတယ်ပေါ့။ ကျမလည်းထိတယ်။ ” လို့ ဒေါ်ဘယ်ရောနီကာက ဆိုပါတယ်။
လူထိခိုက်မိတာအပြင် စစ်ရှောင်ရင်း စားနပ်ရိက္ခာအတွက် သိုလှောင်ထားတဲ့ ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်တွေ၊ စိုက်ပျိုးရေးသုံး မြေဩဇာတွေ လည်း ပျက်စီးခဲ့ပါတယ်။
သူမတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းမှာတော့ ခင်ပွန်းဖြစ်သူရဲ့ ထိခိုက်ဒဏ်ရာတွေကို ကုသနိုင်ဖို့ မဖြစ်နိုင်တာကြောင့် မန္တလေးကို အရဲစွန့် သွားခဲ့ရပါတယ်။
မန္တလေးကိုရောက်တော့လည်း လက်နက်ကြီးထိတဲ့ လူနာဖြစ်တာကြောင့် မန္တလေးက ပုဂ္ဂလိက ဆေးရုံတွေက ဒေါ်ဘယ်ရောနီကာရဲ့ အမျိုးသားကို လက်ခံကုသဖို့အတွက် ငြင်းဆန်ခဲ့ကြပါတယ်။ မတတ်နိုင်တဲ့အဆုံးမှာတော့ သူမဟာ မန္တလေးပြည်သူ့ဆေးရုံကို သွားရောက်ခဲ့ရတယ်။
ပြည့်သူ့ဆေးရုံအရောက် ဆေးရုံထဲမဝင်မှီ အချိန်လေးမှာပဲ ဒေါ်ဘယ်ရောနီကာဟာ စစ်ကောင်စီလက်အောက်ခံ ရဲတွေရဲ့ ဖမ်းဆီးစစ်ဆေးခြင်းကို ခံခဲ့ရပါသေးတယ်။
“ပြည်သူ့ဆေးရုံရောက်တဲ့အခါ လူနာက ဆေးရုံထဲတောင်မဝင်ရသေးပဲ အဒေါ်ကို ရဲက သူတို့စခန်းခေါ်ပြီး အဒေါ်ကို လက်နက်နဲ့ ချိန်ထားတာပေါ့။ (၆)ယောက် ချိန်ထားတယ်။ အဒေါ်လည်း ကြောက်ကြောက်လန့်လန့်နဲ့ အဒေါ့်ကို ဘာလို့အဲ့လောက်ချိန်တုန်းမေးတော့ အဒေါ်လည်း ခေါင်းကပတ်တီးနဲ့ပေါ့၊ လက်နက်ကြီးကြောင့်မို့လို့တဲ့၊ လက်နက်ကြီးက ဘယ်ကလက်နက်ကြီးလဲ မေးတော့ အဒေါ်အိပ်ပျော်တဲ့အချိန် ညဆိုတော့ ဘယ်ကလက်နက်မသိဘူး ဖြေတော့ အဒေါ်ကို ပြန်လွတ်ပေးတယ်ပေါ့။” လို့ သူမ ခေါ်ဆောင်စစ်ဆေးခံရတဲ့အကြောင်းကို ပြန်ပြောပြပါတယ်။
လက်နက်ကြီးထိမှန်ပြီးနောက်ပိုင်းတော့ ဒေါ်ဘယ်ရောနီကာတို့မိသားစုဟာ လယ်ကွင်းထဲကနေ တခြားစစ်ရှောင်စခန်းဆီကို ပြောင်းရွေ့နေထိုင်ခဲ့ကြပါတယ်။
အဲ့နောက်ပိုင်း ဒေါ်ဘယ်ရောနီကာဟာ သူမရဲ့ပိုင်ဆိုင်တဲ့ပစ္စည်း ဥစ္စာဖြစ်တဲ့ ကား၊ ခြံကွက် (၆)ကွက်၊ လက်ဝတ်လက်စားတွေကို ထုခွဲရောင်းချကာ အမျိုးသားရဲ့ ဆေးကုသ စရိတ်အဖြစ် အသုံးပြုခဲ့ရပါတယ်။ သူမရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးနီးပါး ရောင်းချခဲ့ပေမဲ့ ခင်ပွန်းသည်ရဲ့ ဆေးကုစရိတ်မလောက်တဲ့အပြင် ဆွေမျိုးဆီကလည်း ပိုက်ဆံလိုက်လံချေးခဲ့ရပါသေးတယ်။
သူမရဲ့ ဆုံးရှုံးမှုတွေဟာ ဒါနဲ့တင် မရပ်သေးပဲ ထပ်ဆင့်ဆုံးရှုံးမှုတွေကလည်း ရှိနေပြန်ပါသေးတယ်။ ပြီးခဲ့ ၂၀၂၄ ဇူလိုင် ၂၅ ရက်နေ့ ကစပြီး မိုးများပြီး စစ်ကောင်စီက မိုးဗြဲရေကာတာကို ဖွင့်ချတာပြီး ရေကြီးရေလျှံမှုတွေ ဖြစ်တဲ့အချိန်မှာ မိုးဗြဲအပါအဝင် ကရင်နီပြည်ထဲက လယ်ဧက ထောင်နဲ့ချီ ရေနစ်မြုပ်ပျက်စီးခဲ့ရပါတယ်။
ရေမြုပ်တဲ့အထဲ ဒေါ်ဘယ်ရောနီကာရဲ့ လယ် (၅)ဧက လည်း ပါဝင်ခဲ့ပါတယ်။
“လယ်လုပ်လည်း မြုပ်ကုန်တယ်ကော။ အရင်တနှစ် တစက်မှ(လုံးဝ) မစားရဘူး။ လယ်ငါးဧကလုပ်ထားတာ တအားဆုံးရှုံးတယ်။ ကျမတို့ အရင်း သိန်း(၄၀)တောင် ရှုံးသွားတယ်။” လို့ သူမဟာ ဝမ်းနည်းမှုကို တင်းခံထားရင် ပြောပြပါတယ်။
ယခုနှစ်မှာတော့ သူမဟာ လယ် ၂ ဧကသာ စိုက်ပျိုးနိုင်တော့တာဖြစ်ပြီး စစ်ရှောင်တဲ့နေရာနဲ့ သူမလယ်စပါးခင်းတွေဆီကို လက်နက်ကြီးသံ တိုက်ပွဲသံတွေကြားက ဖြတ်သန်းသွားလာနေရပါတယ်။

သာမန်လူတဦးအဖို့ သွားလာရတာ အလွန်ကြောက်စရာကောင်းတဲ့ နေရာကိုတောင် သူမဟာ အမြဲသွားလာနေရတာ ဖြစ်ပါတယ်။
တချိန်က ပစ္စည်းဥစ္စာ ပြည့်ပြည့်စုံစုံ၊ ပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်ခဲ့ပြီး ရွှေထီးဆောင်းခဲ့ရတဲ့ ဒေါ်ဘယ်ရောနီကာဟာ ယခုချိန်မှာ စစ်မီးလျှံက သူမရဲ့ ပိုင်ဆိုင်မှုတွေ ပျော်ရွင်မှုတွေအားလုံးကို အာဏာသိမ်းပြီး ၄နှစ်အတွင်းမှာပဲ ယူဆောင်သွားခဲ့ပါပြီ။
“စစ်ကြောင့်ပေါ့၊ အဲ့ဒီစစ်ကြောင့်ပေါ့ ဒီမင်းအောင်လှိုင်မကောင်း လို့ပေါ့။ အဲ့ဒီအာဏာရှင်စနစ်ကို ကျမ မကြိုက်ဘူး။ ကျမ လုံးဝမကြိုက်ဘူး” လို့ ဒေါ်ဘယ်ရောနီကာက ပြောပါတယ်။
ယခုချိန်မှာတော့ ဒေါ်ဘယ်ရောနီကာရဲ့ အမျိုးသားဟာ အနည်းငယ်ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပေမဲ့ လက်နက်ကြီးဒဏ်ရာကြောင့် မသန်စွမ်း တဦးအနေနဲ့ ရှိနေပြီး ဒေါ်ဘယ်ရောနီကာဟာလည်း ကြုံရာ ကျပန်းအလုပ်ကို လုပ်ကိုင်ကာ ရုန်းကန်နေရပါတယ်။
ယခုလို ပစ္စည်း ဥစ္စာထက် မိမိရဲ့အမျိုးသားကို ချစ်တဲ့စိတ်၊ ရွှေငွေ ပိုင်ဆိုင်မှုတွေထက် မိသားစုကိုသာ ဦးစားပေးပြီး မိသားစုနဲ့ ပတ်သက်ရင် အရာရာရင်ဆိုင်ရဲတဲ့ အာဂသတ္တိရှင် ဒေါ်ဘယ်ရောနီကာ တယောက် စစ်မီးလျှံတွေကြားမှာ မိသားစုအတွက် ရုန်းကန်နေရအုံးမှာပါပဲ။