spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

စစ်မှုထမ်းအဖြစ် စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၇ ဦး KNDF ထံ ခိုလှုံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီရဲ့ စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခြင်းခံရပြီး ကရင်နီပြည်ရဲ့ ရှေ့တန်းစစ်ဆင်ရေးတွေမှာ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား ၇ ဦး ဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအသီးသီးထံ ထွက်ပြေးခိုလှုံလာတယ်လို့ KNDF က ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ခိုလှုံလာတဲ့ တပ်သား ၇ ဦးဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခြင်းခံရပြီး စစ်ကောင်စီရဲ့လက်အောက်မှာ စစ်မှုထမ်းဖို့ ဆန္ဒမရှိကြဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရခြင်း ၊အတင်းအဓ္ဓမ စုဆောင်းခြင်းခံရသူတွေ ဖြစ်တာကြောင့် ရှေ့တန်းစစ်ဆင်ရေးအတွင်း ထွက်ပြေးခိုလှုံလာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ခိုလှုံလာသူ ၇ ဦးအနက် ၃ ဦးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က လွိုင်ကော်မြို့ပြင်မှာရှိတဲ့ ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ထွက်ပြေးလာခဲ့တဲ့ ခမရ (၄၃၀) တပ်ရင်းကဖြစ်ပါတယ်။

ကျန် ၄ဦးကတော့ လွိုင်လင်လေးမြို့ပြင်မှာရှိတဲ့ ထီးစဲခါးကင်းစခန်းတစ်ခုကနေ ထွက်ပြေးလာတဲ့ ခလရ (၂၄၇) တပ် ကဖြစ်ပြီး MA-3 (၃)လက် ၊ MA-1 (၁) လက်တွေနဲ့အတူ ဇန်နဝါရီလ (၂၃) ရက်နေ့မှာ ဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာလည်း လွိုင်ကော်မြို့အခြေစိုက် ခလရ (၂၆၁) တပ်ရင်းက တပ်သားတစ်ဦး လက်နက်နဲ့အတူ KNDF ထံ ထွက်ပြေးခိုလှုံလာခဲ့ပါတယ်။ KNDF ရဲ့ ထုတ်ပြန်ချက်စာရင်းအရ ဇန်နဝါရီလ တစ်လအတွင်း KNDF ထံ ထွက်ပြေးခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၈ ဦးရှိပြီး ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုထားပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားအတွက် ရပ်တည်မနေဘဲ စစ်ကောင်စီတပ်သားအဖြစ်ကနေ စွန့်ခွာပြီး ပြည်သူလူထုထံ ခိုလှုံလာကြဖို့ကိုလည်း KNDF က တိုက်တွန်းထားပါတယ်။

KNDF ထံ ဝင်ရောက်ခိုလှုံလာတဲ့ တပ်သားတွေကို လုံခြုံရေး အာမခံပေးပြီး သတ်မှတ်ထားတဲ့ စောင့်ကြည့်ကာလမှာ အပြန်အလှန်ယုံကြည်မှု ၊ ရင်းနှီးမှုတွေ တည်ဆောက်ကြတယ်လို့ KNDF ရဲ့ CDM ဌာန ၊ ဌာနမှူး မင်းသားက ဘက်ပြောင်းခိုလှုံလာသူတွေရဲ့ အခြေအနေကို ဖော်ပြထားတဲ့ ရုပ်သံဖိုင်မှာ ပြောဆိုထားပါတယ်။

“ မြေပြင်လုံခြုံရေးတော့ ရာနှုန်းပြည့်တာဝန်ယူပေးတယ် စားဖို့သောက်ဖို့တာဝန်ယူပေးတယ်။ စရောက်ပြီလို့ပြောတာနဲ့ သူတို့ ဝတ်ဖို့ နေဖို့ စားဖို့သောက်ဖို့ အကုန်လုံး တာဝန်ယူပေးတယ်ပေါ့နော။”လို့ သူက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်း စစ်မှုထမ်းတပ်သားအဖြစ် ရှေ့တန်းပို့ဆောင်ခံရတဲ့ စစ်ကောင်စီ တပ်သား ဦးရေ ၂၀ ကျော် KNDF ထံ ခိုလှုံလာတာ ရှိပါတယ်။ ထပ်မံခိုလှုံလာသူတွေကိုလည်း ကြိုဆိုလျက်ရှိတယ်လို့ KNDF က ဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts