spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

“စစ်ရှောင်စခန်းက ပလိုင်းရက်တဲ့ အဖိုး”

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

ခြစ်ခြစ်တောက် ပူလောင်နေတဲ့ မတ်လရဲ့ နေ့လယ် ခင်းမှာ အပေါ်ပိုင်းအင်္ကျီမပါပဲ ဝါးတွေ ထိုင်ဖြာနေတဲ့ အဖိုး ခူးနဲရယ် တယောက်ကို အဝေးကနေ လှမ်းမြင်လိုက်ပါတယ်။
အရိပ်၊အာဝါသ ပေးနိုင်တဲ့ သူ့ရဲ့ တဲအိုငယ်လေး တလုံးထဲမှာပါ။

တဲအိုငယ်လေးထဲမှာ ထိုင်ရင်း ဓားငယ်လေးတလက်ကိုင်ကာ ဝါးတွေ ဖြာနေပါတယ်။

အဖိုး ခူးနဲရယ်ဟာ အသက်အရွယ်အားဖြင့် ၇၅ နှစ် ရှိနေပါပြီ။ ပါးစောင်ထဲမှာ ကွမ်းယာကို အချိန်ပြည့် ငုံထားပြီး လုပ်လက်စအလုပ်တွေကို မှန်မှန်လေး လုပ်နေပါတယ်။
သူဖြာထားတဲ့ ဝါးတွေကိုသုံးပြီး လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ ပလိုင်း၊ ဦးထုပ် တို့ကို ရက်လုပ်ပြီး ဝင်ငွေရှာပါတယ်။

“ဒီမှာနေတော့ ဘာဝင်ငွေမှ မရဘူးလေ။ အဲတာကြောင့် ဝါးခုတ်ပြီး ပလိုင်းတို့ ၊ ဦးထုပ်တို့ကို ရက်လုပ်ပြီး ရောင်းတော့ အရက်ဖိုး၊ ကွမ်းဖိုး ကာမိပြီး နပ်မှန်တာပေါ” လို့ အဖိုး ခူးနဲရယ် ဆီကနေ ကြားလိုက်ရတာပါ။

အဖိုးခူးနဲရယ်ဟာ နံနက်နေမထွက်ခင် မနက်အစောထပြီး ပလိုင်း၊ ဦးထုပ် တို့ကို ရက်လုပ်နိုင်ဖို့ အတွက် လိုအပ်တဲ့ ဝါးတွေကို တောထဲမှာ သွားရောက်ရှာဖွေပြီး ခုတ်ယူရတာပါ။

ဝါးတွေ အဆင်သင့် ရှိနေရင်တော့ တရက်ကို ပလိုင်းတလုံး ပြီးအောင် ရက်လုပ်နိုင်သူပါ။ သို့ပေမဲ့ အသက်ရွယ်အိုမင်းနေပြီ ဖြစ်တာကြောင့် ရက်တိုင်းတော့ အလုပ်မလုပ်နိုင်ပြန်ပါဘူး။

အဖိုးဟာ ဦးထုပ်၊ ပလိုင်း ၊ ပလိုင်းရွက် စတဲ့ အရာတွေကို သူတတ်သလောက် ရက်လုပ်ပြီး တခုကို တရာ(ဘတ်) နှုန်းနဲ့ ပြန်လည် ရောင်းချနေပါတယ်။

သူရလာတဲ့ ဝင်ငွေနဲ့ သူစားနေကျဖြစ်တဲ့ ကွမ်းတွေကို ပြန်ဝယ်စားနေကျပါ။

သူအမြဲငုံထားတဲ့ ကွမ်းဟာလည်း နွေရာသီရောက်ရင် ရှားပါးလာတဲ့ အရာတခုပါ။ ရှားပါးတာကြောင့် စျေးလည်းပိုကြီးလာပါတယ်။
တရက်တရက် ကွမ်းမငုံရရင် မနေနိုင်တဲ့ သူ့အဖို့ ကွမ်းရွက်စျေးတက်တာက ငွေကုန်ကျမှု ပိုများစေပါတယ်။

“ဒီမှာဝယ်တာ ၁၀ ဘတ်ကို ၁၀ ရွက်လောက်ပဲ ရတယ်။ အရွက်ကလည်း သေးကုန်ပြီ ။ ဒီအချိန်ကတော့။ ခဏခဏ ဝယ်ရတော့ အရမ်းကုန်တယ်။ နဲနဲကြာကြာခံတာ ဆိုလို့ ထုံးတမျိုးပဲ ရှိတယ်” လို့ အဖိုးက ပြောပါတယ်။

အသက် ၇၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဖိုးဟာ ထိုင်း-ကရင်နီ နယ်စပ်တနေရာမှာ မြေးငယ် လေးယောက်နဲ့ အတူ စစ်ရှောင်နေတာပါ။

ဆိုမိုဖရေးဆိုလဲ လို့ခေါ်တဲ့ ရှားတောဆိုတာ အဖိုးခူးနဲရယ်ရဲ့ နေထိုင်ရာ ဇာတိမြို့ကလေး ဖြစ်ပါတယ်။ သူနေထိုင်ခဲ့တဲ့ ဇာတိမြေကို စွန့်ခွာပြီး နယ်စပ်တနေရာမှာ မြေးငယ် လေး ယောက်နဲ့အတူ နေထိုင်လာတာ တနှစ် ကျော်ကြာလာပါပြီ။
အခုအချိန်မှာတော့ ဆိုမိုဖရေးဆိုးလဲ(ရှားတော) မြို့ဟာ တော်လှန်ရေး တပ်ဖွဲ့ တွေက ၂၀၂၄ ဖေဖော်ဝါရီလပိုင်းမှာ ကတည်းက အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အဖိုးခူးနဲရယ်တို့ဟာ အခုမှ ရင်ဆိုင်နေရတာတော့ မဟုတ်ပါဘူး။ ၁၉၉၄ ခုနှစ်ရဲ့ ဖြတ်လေးဖြတ်ကာလမှာကတည်းက ကြုံတွေ့ ရင်ဆိုင်လာခဲ့ရတဲ့ သူ့အတွက်ကတော့ စိတ်ဒဏ်ရာရှိနှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဆိုမိုဖရေစိုးလဲ(ရှားတော) ဟာ ခေတ်အဆက်ဆက် အာဏာရှင်စနစ်ဆိုးအောက်မှာ ကျင်လည်လာခဲ့ရတဲ့ မြို့ငယ်လေးဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ ကရင်နီမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်နိုင်ခဲ့တဲ့ ဒုတိယမြို့နယ်တခု ဖြစ်လာခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ထားပြီး ဖြစ်ပေမယ့် အဖိုးခူးနဲရယ်ဟာ နေရပ်ပြန်ချင်သော်လည်း ဇာတိမြေက သူ့အသိုက်အမြုံလေးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အခုတော့ အဖိုးတယောက် ဇာတိမြေက အိမ်ကို လွမ်းဆွေးပြီး ပြန်ချင်သော်လည်း နေအိမ်ကို ပြန်လည်ပြုပြင်ဖို့ မတတ်နိုင်သေးတာကြောင့် နေရပ်မပြန်နိုင်သေးပါဘူး။

“အိမ်ကတော့ ကျည်တွေ ထိကုန်တယ်။ အမိုးက မကောင်းတော့ဘူး။ ပြန်လည်း မပြင်နိုင်သေးဘူး။ တော်လှန်ရေး အောင်မြင်မှပဲ ပြန်လာပြင်ပြီး နေထိုင်တော့မယ်”

မြေးငယ် လေးယောက်နဲ အတူနေထိုင်တဲ့ အဖိုး ခူးနဲရယ်တယောက် သူတတ်ထားတဲ့ ရိုးရာ ပညာရပ်တခုကို အားထားကာ ဝင်ငွေရှာဖွေရင်း အိမ်ပြန်ရမယ့်နေ့ကို စောင့်မျှော်နေပါတယ်။

spot_img
spot_img
spot_img

Recent posts