ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ ဖရူဆို – ဘောလခဲမြို့ အစပ်မှာရှိတဲ့ နှောင်လုံ စစ်ဘေးရှောင်စခန်းမှာ ၃နှစ်ကျော် ကြာလာတဲ့အထိ ကိုယ်ထကိုယ်ထ ဆေးပေးခန်းမရှိတာကြောင့် အရေးပေါ်လူနာတွေအတွက် ဆေးခန်းထားရှိဖို့ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဆေးခန်းရရှိဖို့အတွက် IEC အုပ်ချုပ်ရေးအဖွဲ့ ၊ ကျန်းမာရေးတာဝန်ရှိသူတွေကို အကူအညီတောင်းခံထားပေမယ့် တစ်စုံတစ်ရာ အကူအညီမရရှိသေးဘူးလို့ ဆိုပါတယ်။
“ ဆေးခန်းဆောက်ဖို့ပြောထားတယ် အုပ်ချုပ်ရေးအပိုင်းကိုလည်းပြောထားတယ် ကျန်းမာရေးကဏ္ဍအနေနဲ့လည်း တင်ထားတယ် ။ သူတို့ ၂၀၂၅မှာ ကျမလားလို့ စဉ်းစားထားတယ် သူတို့ ကူညီနိုင်သလောက်ပေါ့။ ကျန်တာကတော့ ကိုယ်ထူကိုယ်ထ လုပ်ဖို့အစီအစဉ်ရှိတယ်။ ဒါပေမယ့် အဆောက်အဦးတစ်ခုဆောက်ဖို့လည်း မလွယ်ဘူးလေနော။ မိုးကာနဲ့ဆိုရင်လည်း တစ်နှစ်တစ်ခေါက် လဲရတော့ အဆင်မပြေမှာစိုးလို့ သွပ်မိုးလေးနဲ့လိုချင်တယ် အဲ့လိုမျိုးပေါ့နော။”လို့ ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။
နှောင်လုံစစ်ရှောင်စခန်းအပြင် တခြားအနီးအနားက စစ်ရှောင်စခန်းတွေမှာလည်း ဆေးပေးခန်းမရှိတာကြောင့် အရေးပေါ်လူနာတွေကို တခြားဆေးရုံ ၊ ဆေးခန်းမှာ သွားရောက်ပြသဖို့ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတဲ့အတွက် လမ်းခရီး အချိန် တစ်ရက်ခရီးကြာမြှင့်တယ်လို့ ဆိုပါတယ်။ ၂၀၂၄ခုနှစ် တစ်နှစ်အတွင်းမှာလည်း ဒေါစဲခူကျေးရွာက အမျိုးသမီးတစ်ဦး လမစေ့ဘဲ ကလေး မွေးဖွားခဲ့ပြီး အချိန်မှီဆေးရုံ မပို့ဆောင်နိုင်တာကြောင့် အဲ့ဒီ ကလေးငယ် အသက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
ဒါ့ကြောင့် ဒေသခံတွေ အပြင် စစ်ဘေးရှောင်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် ဆေးခန်းကို လိုအပ်မှုရှိနေကြတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့လည်း အလှမ်းဝေးတဲ့ တခြားကျေးရွာတွေမှာ ကာကွယ်ဆေးကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ အခက်အခဲရှိနေကြတာပါ။
“ လမ်းပန်းဆက်သွယ်ရေးတအားဝေးခါကျတော့ မွေးဖွားမယ့်တချက်ကိုတော့ စိုးရိမ်တယ်။ ကိုယ်ဝန်ဆောင်တွေကိုတော့ တတ်နိုင်သလောက် စောင့်ရှောက်မှုပေးနေတယ် အန္တရာယ်ရှိတဲ့အခြေအနေတော့ မရှိသေးဘူး။ မွေးဖွားမယ့်ကလေးတွေကတော့ အန္တရာယ်ရှိနိုင်တယ်။ ပြီးခဲ့တဲ့တစ်ခေါက်ဆိုရင် ဒေါစဲခူက လမစေ့မွေးတာမျိုးဆိုရင် ဆေးရုံကိုသွားရမယ် ဆိုပေမယ့် မသွားနိုင်ဘူး။ မွေးကင်းစ ကလေး အသက်မရှူနိုင်ဘူးဆိုရင် ဆေးရုံကိုသွားရမှာလေ။ ညဖြစ်နေတာရယ် လမ်းပန်းဆက်သွယ်ရေးကော ကားအဆင်မပြေတာရယ် ကားက မရှိဘူးလေ ရွာမှာက။အဲ့ကလေးဆိုရင် ဆေးရုံမမှီဘူးပေါ့နော အဲ့လိုမျိုးအခြေအနေတွေရှိတယ်။ နောက်နေ့ကျတော့ ကလေးအသက်ဆုံးပါးသွားတာမျိုး ရှိတယ်။ တကယ်ခက်ခဲတယ်ပေါ့နော လုပ်နိုင်သလောက် လုပ်ပေးပေမယ့် မလုပ်နိုင်တာတွေလည်းများတယ်။” လို့ အဆိုပါ ကျန်းမာရေးဆရာမတစ်ဦးက ဆက်ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ ကျန်းမာရေးဆရာမတစ်ဦးရှိပြီး အကယ်၍ ဆေးခန်းရှိလာပါက ဆေးဝါး နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ လူ့အရင်းအမြစ်တွေလည်း လိုအပ်တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်က နေရာ၊ ဒေသအသီးသီးမှာ ဆေးခန်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ထားပြီး ကျန်းမာရေးဝန်ထမ်း ၉၀၀ ကျော်က တာဝန်ထမ်းဆောင်နေကြပေမယ့် ကရင်နီတစ်ပြည်နယ်လုံးကို လွှမ်းခြုံနိုင်ဖို့ လိုအပ်ချက်ရှိနေသေးတယ်လို့ IEC က ပြောဆိုထားတာရှိပါတယ်။
နှောင်လုံစစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၁၃၀ ရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိကာ နန်းဖဲ၊ စလဲလုံကျေးရွာက ဒေသခံတွေ စုပေါင်း နေထိုင်ကြတယ်လို့ သိရပါတယ်။