spot_imgspot_imgspot_imgspot_img
Tuesday, November 5, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတွေမှာ ဦးစားပေးစနစ်နဲ့ ရိက္ခာတွေပေးဝေနေလို့ စစ်ရှောင်တချို့ အခက်တွေ့နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က စစ်ရှောင်ဦးရေများတဲ့ စစ်ရှောင်စခန်းတချို့မှာ စားနပ်ရိက္ခာတွေကို ဦးစားပေးစနစ် နဲ့ ဖြန့်ဝေနေရတာကြောင့် တချို့စစ်ဘေးရှောင်တွေ ဟာ အခက်အခဲတွေရှိလာတယ်လို့  စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကပြောပါတယ်။

“ခြံကို တစ်ပိုင်တစ်နိုင်ပြန်လုပ်နိုင်ကြတဲ့သူတွေကျတော့ နည်းနည်းပါးပါးပဲ ပေးတယ်။ ဥပမာ အခြားကျေးရွာကို သူတို့ နေရာ‌ဒေသကို တစ်ခါမှ မပြန်နိုင်တဲ့ သူကို သူတို့ ပိုပြီး ဦးစားပေးတယ်ပေ့ါနော်။ ပိုဦးစားပေးခါကျတော့ ဒါတွေက တော်တော်လေးတော့ ဖြေရှင်းနေရတယ်အဲ့ဒီ စားနပ်ရိက္ခာကိုနော်။  ပြီးတော့ တစ်ချို့လူတွေကျတော့ ကိုယ့်အိမ်ကို ပြန်နိုင်တယ် ဆိုပေမဲ့လည်း တောင်ယာတွေက လုပ်လို့မရဘူး။ ဥပမာ တပ်စခန်းနဲ့ နီးတာတွေ ဥပမာ ကျမတို့ရွာကိုပဲ ပြောမယ်ဆိုရင် ကျမတို့တွေက တပ်စခန်းနဲ့ နီးတော့ သုံးပုံမှာ တစ်ပုံလောက်ပဲ လုပ်စားနိုင်တာပေါ့နော်။ အဲ့မှာပဲ တော်တော်လေး ဒုက္ခတွေရောက်ကြတာပေါ့။”လို့ အဆိုပါ စစ်ရှောင် အမျိုးသမီးက ပြောပါတယ်။

စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တွေ ရန်ပုံငွေရရှိမှု နည်းလာသလို စစ်ဘေးရှောင်လူဦးရေတွေများလာတဲ့အတွက် အခုလိုဦးစားပေး ပေးဝေရတဲ့ စနစ်ကို ပြုလုပ် လာကြတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်တွေ မတူညီတဲ့ အခြေအနေတွေကြောင့် စားနပ်ရိက္ခာပိုင်း ရရှိမှု မတူညီတဲ့အခါမှာ ပဠိပက္ခ မဖြစ်ရအောင်  စစ်ရှောင်ကော်မတီတွေနဲ့ သေချာရှင်းပြပြီး ညှိနှိုင်းမှု အရင်ယူရတယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံးမှ အတွင်းရေးမှူး(၂) မော်ဖရေမြာက  အခုလိုပြောပါတယ်။

“အထူးသဖြင့် ကိုယ်ဝန်သည်နဲ့ ၂နှစ်အောက်ကလေး သက်ကြီးရွယ်အို ထိလွယ်တဲ့ အုပ်စု၊ ကျန်းမာရေးအရ ပိုပြီးဖြည့်ဖို့ အရေးကြီးတဲ့ အဲ့ဒီအသက်အပိုင်းခြားပေါ့။ အဓိကစစ်ရှောင်စခန်းကော်မတီနဲ့ သေချာရှင်းပြ ညှိယူပြီး ပိုပြီးအရေးကြီးလိုအပ်တဲ့ အသက်အပိုင်းရှင်းပြရတယ် ။ ဘာလို့ဆိုရင်စစ်ရှောင်အတူတူ ရတာမတူညီတဲ့အခါ ပဋိပက္ခမဖြစ်အောင်ပေါ့”လို့ သူက ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ စစ်ရှောင်စခန်းတိုင်းလိုလို လိုအပ်ချက်တွေရှိနေကြပြီး မြေပြင်ကူညီဆောင်ရွက်သူတွေအနေနဲ့လည်း အားနည်းလာတယ်လို့ သိရပါတယ်။

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ မိသားစုဦး‌ရေများတဲ့ စစ်ရှောင်တွေမှာ အလှူရှင်တွေက ထောက်ပံ့ပေးတဲ့ဆန်‌တွေ မလုံလောက်တာကြောင့် ပြောင်းကောက်တွေနဲ့ ရောချက်ရတဲ့ မိသားစုတွေလည်း ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img