spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်နေစဉ် ဒရုန်းဗုံးထိမှန်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ – ပင်လောင်းမြို့နယ်စပ်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ဗန်းမောက်ကျေးရွာက ဒေသခံတွေ စစ်ဘေးရှောင်ဖို့ ပြင်နေစဉ် စစ်ကောင်စီနဲ့ ပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့၊ မနက်ပိုင်းမှာ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ဖို့ မောင်းနှင်သွားကြတဲ့ ထော်လဂျီယာဉ်ပေါ်မှာ ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ စစ်ကောင်စီကနေပြီးတော့မှ ယာဥ်တန်းကို သူတို့ ဒရုန်းနဲ့ ဗုံးလိုက်ကြဲတဲ့အတွက် အမျိုးသမီး ၃ဦး သေဆုံးရတယ်ပေ့ါနော်။ အမျိုးသမီး ၂ဦးကတော့ အသက်ကြီးပိုင်းဖြစ်ပြီးတော့ အမျိုးသမီးငယ် ၈နှစ်တစ်ဦး ပါပါတယ်ပေါ့။ စုစုပေါင်း ၃ဦးဖြစ်ပါတယ်” လို့ တာအယ်စိုးက ဆိုပါတယ်။

အရပ်သားသေဆုံးမှု အသေးစိတ်အခြေအနေ သိရှိရဖို့အတွက် ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကို ဆက်သွယ်မေးမြန်းထားပေမယ့် မရသေးပါဘူး။

ဒရုန်းဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးမှုအပြင် အခြား ထိခိုက်ဒဏ်ရာရသူ ၉ဦးလည်းရှိခဲ့ပါတယ်။ ထွက်ပြေးတိမ်းရှောင်တဲ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက စစ်ဘေးရှောင်ဖို့ သွားနေတဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်သူတွေက ပြောပါတယ်။

ဖယ်ခုံ – ပင်လောင်းမြို့နယ်စပ်က ဗန်းမောက်၊ ကုန်းပေါ၊ ဆောင်လန်၊ လွိုင်ကျိုင်း၊ ပင့်စုံ၊ လွယ်ဖွီး၊ ယာစပ်၊ နားမွန်း၊ နမ့်ဖာမူ စတဲ့ ကျေးရွာအနီးအနားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာအပြင် စစ်ဘေးရှောင်တွေရှိတဲ့နေရာတွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအပြင် ထပ်ဆင့်တိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်လည်းရှိပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင်လူဦးရေ သောင်းချီရှိကာ အခြေခံစားသောက်ကုန်၊ ဆေးဝါး ၊ နေရာထိုင်ခင်းအတွက် အမိုးအကာတွေ လိုအပ်နေလျက်ရှိပါတယ်။

“ဆက်သွယ်ရေးလိုင်းကလည်းပြတ်နေတယ်။ တကယ့်မြေပြင်မှာ ကယ်ဆယ်ရေးဆောင်ရွက်သူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ဖို့လည်း လိုတယ်ပေါ့။ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲဆိုတော့ တိမ်းရှောင်ဖို့ နေထိုင်ဖို့အတွက်က အကူအညီလိုအပ်နေတုန်းပဲ။” လို့ စစ်ရှောင်အရေး ကူညီပေးသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးနေတာကြောင့် အများအပြား မီးလောင်ပျက်စီးနေတယ်လို့ သိရပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။

spot_img
spot_img

Recent posts