spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

“စစ်ရှောင်မိသားစုတွေ ကြုံနေရတဲ့ အရေပြားယားယံမှု ပြဿနာ”

Author

Date

Category

သိုးကလေး/ ကန္တာရဝတီတိုင်း(မ်)

ဦးစော( နာမည်လွှဲ ) တို့ မိသားစုဟာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခုမှာ နေထိုင်ကြသူတွေပါ။ သားသမီး ကိုးယောက်အပါအဝင် ဇနီးဖြစ်သူနဲ့ အတူ စစ်ရှောင်စခန်းမှာ နေထိုင်လာတာ သုံးနှစ်ဝန်းကျင် ရှိနေပါပြီ။

စစ်ဘေးရှောင်ဖြစ်တဲ့အလျောက် လိုအပ်ချက်တွေက များပါတယ်။ ဒီအထဲမှာ အဓိက လိုအပ်နေတာကတော့ ကျန်းမာရေး စောင့်ရှောက်မှုဖြစ်ပါတယ်။ လက်ရှိမှာ ဦးစောတို့ တမိသားစုလုံး အရေပြားယားနာမှုတွေ ဖြစ်ပွားနေတာပါ။

“အစတုန်းက သေးသေးလေးပဲပေါ့၊ ရေချိုးမှားတယ်၊ နောက်ပြီးတော့ အစာလည်း စားမှားတာပေါ့၊ ဒါကဟုတ်တယ်၊ ယားနေတော့ အိပ်ရေးလည်း ပျက်ရတယ်၊ ယားလို့ ဟိုကုတ်ဒီကုတ်နဲ့ လူရှေ့သူရှေ့တောင် သိပ် မတိုးရဲဘူးပေါ့၊ နည်းနည်း ရှက်ရတယ်”လို့ ဦးစောက သူတို့မိသားစု ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ဦးစောတို့ အရေပြားယားနာဖြစ်ရတဲ့ အကြောင်းရင်းက ရေမသန့်တာကြောင့်လို့ ပြောပါတယ်။ မိသားစု နေ့စဉ်သုံးစွဲနေရတဲ့ ရေအရင်းအမြစ်မှာ ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်တွေလည်း သောက်သုံးနေတာပါ။ ဦးစောတို့ မိသားစုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဒီအရေပြားရောဂါ စတင်ဖြစ်ပွားခဲ့ကြတာပါ။

အရေပြားယားနာမှုတွေ အတွက် ဆေးဝါးကုသမှု ခံယူတာတွေရှိခဲ့ပေမယ့် မပျောက်ကင်းသွားဘူး လို့ ဆိုပါတယ်။

“ဆေး ဟိုဝယ်၊ ဒီဝယ်နဲ့။ ရောဂါဆိုလည်း သိပ်မပျောက်လိုဘူးပေါ့။ လိမ်းဆေးပဲ ခပ်များများ ပေးကြတာကော။ ထိုးဆေးက သိပ်မပေးလိုဘူး။ အဲဒါကြောင့် သိပ်မပျောက်ဘူး။” လို့ ဦးစော က ပြောပါတယ်။

အရေပြားရောဂါဖြစ်ပွားတာက စစ်ရှောင်စခန်းနဲ့ ရေရှားတဲ့ ဒေသတွေမှာ နေထိုင်သူတွေအတွက် အထူးဆန်းတော့ မဟုတ်ပါဘူး။ ဆေးဝါးရှားပါးမှု ၊ ဆေးရုံဆေးခန်းနဲ့ ဝေးကွာမှုတွေအပြင် အဓိကအကြောင်းရင်းဖြစ်တဲ့ သန့်ရှင်းတဲ့ ရေအရင်းအမြစ်ကို မသုံးစွဲနိုင်တာ၊ တကိုယ်ရေသန့်ရှင်းမှု အားနည်းတာ စတာတွေကြောင့် အရေပြားရောဂါတွေ အဖြစ်များကြပါတယ်။

ကရင်နီပြည်အတွင်းမှာ ရှိတဲ့ ဒေသခံလူထု လူဦးရေ နှစ်သိန်းကျော်ဟာ အိုးအိမ်ကို စွန့်ခွာပြီး တောတောင်ထဲက စစ်ရှောင်စခန်းတွေ၊ တိုက်ပွဲနဲ့ ဝေးရာ မြို့နယ်၊ ကျေးရွာတွေမှာ စစ်ရှောင်နေကြရတာပါ။

ဒီလိုစစ်ရှောင်နေကြရင်းနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ ဆေးဝါးတွေကို ရရှိဖို့အတွက် လက်လှမ်းမမီကြပါဘူး။

ဒါ့အပြင် မိသားစုဝင်များတဲ့ ဦးစောတို့ မိသားစု ဟာ အရေပြားယားနာကို ကုသနိုင်ဖို့ အတွက်ကလည်း ငွေကြေးဆိုင်ရာ အခက်အခဲရှိနေတာပါ။

သူနေတဲ့ ဒီးမော့ဆိုမြိုနယ်က စစ်ဘေးရှောင်စခန်းမှာတော့ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းမရှိပါဘူး။

ကုန်စျေးနူန်းကြီးမြင့်တာကြောင့်လည်း ဆေးဝယ်ယူရတာ ခက်ခဲသလို ဆေးတခါထိုးရင် အနည်းဆုံး ကျပ် တသောင်းကျော်အထိ ရှိနေတာပါ။

ဦးစောတို့ မိသားစုလိုပဲ အရေပြား ယားယံမှု ဝေဒနာကို ခံစားနေရတဲ့အထဲမှာ ဦးကိုးရီ (အမည်လွှဲ) တို့ မိသားစုလည်း ပါဝင်ပါတယ်။

မိသားစုတခုလုံး အရေပြားယားယံမှုကို ခံစားရပေမယ့် ကျောင်းနေအရွယ်ဖြစ်တဲ့ သမီးငယ်တွေအတွက် ပိုခက်ခဲတယ်လို့ ဦးကိုးရီ (အမည်လွှဲ) က ပြောပါတယ်။

“သူတိုလည်း ယားတယ်ဆို မိသားစုထဲလောက်ပဲ၊ သူပြောရဲတာပေါ့၊ အပြင်ကိုလည်း သိပ်မပြောရဲဘူး၊ ရှက်ကြတယ်၊ ယားယံတာတွေ ကုတ်နေရတော့ စာကျက်တာတွေလည်း အနှောင့်အယှက် ဖြစ်စေတာပေါ့”လို့ ဦးကိုးရီ က ပြောပါတယ်။

ဦးစော နဲ့ ဦးကိုးရီ(အမည်လွှဲ) တို့လို မိသားစုလိုက် အရေပြားယားယံမှုတွေ ဖြစ်ပွားနေတဲ့ မိသားစုတွေ စစ်ရှောင်စခန်းတွေမှာ အများကြီးရှိနေပါသေးတယ်။

သူတို့တွေကတော့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးရရှိနိုင်မှုနဲ့ ကာကွယ်ဖို့ အသိပညာပေးလုပ်ငန်းတွေအပြင် အကူအညီတွေ ရနိုင်ဖို့ မျှော်လင့်တယ်လို့ ဦးစောက ပြောဆိုသွားပါတယ်။

spot_img
spot_img
spot_img

Recent posts