spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်လူထု ငါးသောင်းအပါအဝင် ကျေးရွာပေါင်း သုံးဆယ်ဝန်းကျင်က အားထားရတဲ့ နန်းစံဖူးရေထွက်ပေါက်ကို ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ နန်းစံဖူးချောင်းရဲ့ ရေထွက်ပေါက်ကို ရေရှည်အသုံးပြုသွားနိုင်ဖို့အတွက် ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်နေပြီလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC )ရဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန ၊ ဌာနမှူးကြီး ခူးတူရယ်က ပြောပါတယ်။

“ ဒီနန်းစံဖူးချောင်းက ငွေတောင်ဆည်ကို စီးဝင်တယ်။ ပြီးတော့ ကရင်နီရဲ့ ဒုတိယ အများဆုံး စိုက်ပျိုးရေး ကိစ္စကို ပံ့ပို့ပေးနေတဲ့ ချောင်းတစ်ခုဖြစ်တယ်လို့ လည်း ပြောလို့ရတယ်။ ဒါကြောင့် သိပ်ကို အရေးကြီးပြီး အရေးပါတဲ့ ချောင်းတစ်ချောင်းဖြစ်တယ်။” လို့ IEC ရဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန ၊ ဌာနမှူးကြီး ခူးတူရယ်က ပြောပါတယ်။

အဆိုပါရေထွက်ပေါက်က ထွက်ရှိတဲ့ရေတွေကို စစ်ရှောင် ဦးရေ ငါးသောင်း နဲ့ ဒေသခံ ကျေးရွာပေါင်း ၃၀ ဝန်းကျင်က အဓိကထား အသုံးပြုနေရတာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီက စိုက်ပျိုးမြေဧကပေါင်း ( ၅၀၀၀၀ ) ကလည်း အဲ့ဒီ နန်းစံဖူးရေထွက်ကို မှီခိုနေရတယ်လို့လည်း ခူးတူရယ်က ပြောပါတယ်။ စပါးကို အဓိက စိုက်ပျိုးကြပြီး ပြောင်း၊ မြေပဲတို့ကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးတာတွေ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ပြီးနောက် နန်းစံဖူးချောင်းရေ ကျဆင်းသွားပြီး လက်ရှိမှာ ချောင်းရေတွေ ပြန်တက်လာပေမယ့် ယခင် ရေထွက်နှုန်းထက် လျော့နည်းနေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ရေထွက်ပေါက်က ရေ ပုံမှန်အတိုင်း ပြန်မဖြစ်ရင်တော့ လူထုတွေရဲ့ စိုက်ပျိုးရေးမှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်တာကြောင့် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့အတွက် လူထုတွေ ပူးပေါင်း ပါဝင်ဖို့ လိုအပ်တယ်လို့ ခူးတူရယ် ဆက်ပြောပါတယ်။

“ဒီရေထွက်ပေါက်က ရေပုံမှန်အတိုင်း ပြန်မသွားနိုင်ဘူးဆိုရင် စိုက်ပျိုးရေး အပိုင်းတွေမှာ အတော်လေး ထိခိုက်နစ်နာနိုင်တယ်။ ဒါကြောင့်ရေထွက်ပေါက်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့အတွက် ကျနော်တို့ လုပ်ဆောင်နေတဲ့ အပိုင်းတစ်ခုတော့ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်လောက်ပဲ လုပ်ဆောင်နေပါစေ လူထုပူးပေါင်းပါဝင်မှုက သိပ်ကို အရေးကြီးတယ်။”လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ရေထွက်ပေါက် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ နဲ့ ရိုးရာဓလေ့ ပူဇော်ပသရေး ကော်မတီ ကို ဖွဲ့စည်းထားပြီး ရေထွက်ပေါက်ကို ပြန်လည် ပြင်ဆင်မှုတချို့တွေ လုပ်ဆောင်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ဒီချောင်းသာ မရှိဘူးဆိုရင် ကျနော်တို့ ရေကို တနေရာရာမှာ ယူဖို့ဆိုရင် တော်တော်ခဲယဉ်းပြီးတော့မှ စဉ်းစားရမယ့် ကိစ္စရပ်တစ်ခုလည်း ဖြစ်တယ်။ ငွေတောင်ဆည်ဆိုရင် အရင်တုန်းက အခြေအနေမျိုးဆိုရင် သွားလို့လည်း အဆင်ပြေတာပေါ့။ အခုဆိုရင် ငွေတောင်ဆည်က သွားလို့လည်း မရတဲ့ အခြေအနေတစ်ခုမှာ ရှိနေတယ်။” လို့ နန်းစံဖူးချောင်းရေကို သုံးစွဲနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC )ရဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန ကနေ နန်းစံဖူးချောင်း အနီးအနားကို ခြံစည်းရိုးခတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts