ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဒီးမော့ဆိုမြို့ ဒေါရောက်ခူကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဒီကနေ့ မတ်လ ၁၁ရက်နေ့ မနက် ၂နာရီဝန်းကျင်မှာ တစ်ကြိမ်၊ မနက် ၇နာရီဝန်းကျင်မှာတစ်ကြိမ် တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့မှုကြောင့် အရပ်သား ၂ သေဆုံး ခဲ့ပါတယ်။
“မနက် ၂နာရီတစ်ခါ ဒေါရောက်ခူနားတစ်ဝိုက်ကြဲတယ်။ တစ်ဦးသေတယ်။ မနက် ၇နာရီ ထပ်လာကြဲတယ်။ စစ်ရှောင်တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရတယ်။ ဒေါရောက်ခူနားတစ်ဝိုက်ပါပဲ လောဆယ်။ တိုက်ပွဲမရှိပါ အဲ့နားတစ်ဝိုက် စစ်ရှောင်တွေပဲရှိတယ်။ စစ်ရှောင်တွေကို ဦးတည်တိုက်ခိုက်နေတယ်။ အသေးစိတ်မသိရသေးဘူး”လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်လေယာဉ်နှစ်စီးနဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် ဒေါရောက်ခူဒေသခံအပါအဝင် စစ်ရှောင်ပြည်သူတွေက ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူ စစ်ရှောင်ရှိရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ပြောဆိုကြပါတယ်။
မတ်လ ဒုတိယပတ်အတွင်း စစ်ကောင်စီကနေ အရပ်သားပြည်သူရှိတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက ဆောင်ဒူလာ၊ ဒေါငံခါး၊ ဒေါရောက်ခူကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိတဲ့အပြင် ဘာသာရေးအအောက်အအုံ၊ လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
မိုးဗြဲမြို့က စတင်တဲ့ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်က မြေပြင်မှာ တင့်ကားအသုံးပြုမှုအပြင် လေကြောင်းပစ်ကူသုံးပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးလည်း ရှိခဲ့ပါတယ်။