spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

စနစ်တကျ ထိန်းသိမ်း သိမ်းဆည်းသူမရှိတဲ့ အမှိုက်တွေ ညစ်ညမ်းမှုတွေအဖြစ် ပြောင်းလဲလာနေသလား….

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က “အမှိုက်” ကို စစ်တပ်အာဏာမသိမ်းခင်မှာ အစိုးရဌာနတစ်ခုဖြစ်တဲ့ စည်ပင်သာယာရေးဌာနက ပုံမှန်လာရောက်သိမ်းပေးပါတယ်။ ဒါပေမယ့် ၂၀၂၁ စစ်တပ်အာဏာသိမ်းယူလိုက်တဲ့ အချိန်မှာကတည်းကစတင်ပြီး အမှိုက်ကို လိုက်သိမ်းပေးတဲ့ အဖွဲ့အစည်းရယ်လို့ မရှိကြတော့ပါဘူး။

အမှိုက်ကား မလာတော့တာဖြစ်တဲ့အတွက် ပြည်သူလူထုတွေ တော်တော်များများက အမှိုက်ကို မိမိနေအိမ်တွင်းမှာတင်ပဲ မီးပုံရှို့တာ ပိုမိုများပြားလာပါတယ်။ အထူးသဖြင့် စစ်ဘေးရှောင်တွေ ပိုမိုများပြားလာပြီး ဆိုင်တန်းတွေနဲ့ စည်ကားနေတဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းတွေမှာ အမှိုက်စွန့်ပစ်မှုတွေ ပိုမိုများပြားလာပါတယ်။

အမှိုက်ကား လာသိမ်းပေးတာတွေ မရှိတော့တဲ့အတွက် အမှိုက်ကို စနစ်တကျ စွန့်ပစ်တာတွေ မရှိတော့ပဲ လူသွားလူလာ လမ်းမကြီးဘေးတွေမှာ စွန့်ပစ်နေကြတာတွေလည်း ရှိနေပါတယ်။

စစ်ရှောင်လူဦးရေ အများကြီးရှိနေတဲ့ ဒီးမော့ဆိုမြို့နယ်ထဲမှာ အမှိုက်စွန့်ပစ်မှုက ပိုများပါတယ်။ ဒီးမော့ဆိုအနောက်ခြမ်းက ဒိုင်းလေးအေးသာရွာအထွက်မှာ အမှိုက်တွေစုပြုံထားတာတွေကြောင့် အနံဆိုးတွေထွက်နေတာကိုလည်း တွေ့ရပါတယ်။

အမှိုက်ပုံဘေးကို ဖြတ်သန်းသွားလာနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက တစ်ဦးကတော့ အခုလို ပြောပါတယ်။

“တော်တော်ကို ပုတ်တာ အနံ့က။ အဲ့ဒီနားက ဖြတ်သွားရင် ကားနဲ့သွားရင် ကားမှန်တင်ထားရတယ်။ ဆိုင်ကယ်နဲ့သွားရင် နှာခေါင်းပိတ်ထားရတယ်။ အဲ့လိုမျိုး အခြေအနေတောင်ဖြစ်တယ်” လို့ ပြောပါတယ်။

ဆိုင်တန်းတွေနဲ့ စည်ကားနေတဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာတော့ နေ့စဉ်ထွက်ရှိလာတဲ့ စွန့်ပစ်အမှိုက်တွေ များပါတယ်။

ဆိုင်တန်းတွေကနေ ထွက်လာတဲ့ အမှိုက်ကို စနစ်တကျ စွန့်ပစ်မှု နည်းပါးလာတာကြောင့် မျိုးဆက်သစ်လူငယ်ပရဟိတအသင်းက ၂၀၂၃ အောက်တိုဘာလမှာ စတင်ပြီး တစ်ပတ်ကို တစ်ကြိမ် ပုံမှန် လာရောက်သိမ်းပေးတာတွေ ရှိတယ်လို့ မျိုးဆက်သစ် ပရဟိတလူငယ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ မယွန်းနဒီဖြိုးက အခုလို ပြောပါတယ်။

“အရင် ကျမတို့ အမှိုက်လိုက်မသိမ်းပေးခင်တုန်းကဆိုရင် ချယ်ရီကုန်းဘက်ဆို အမှိုက်တွေက ဖွေးနေတာပဲ။ ဒါပေမယ့်အခုနောက်ပိုင်းဆို အမှိုက်တွေ သိပ်မတွေ့ရတော့ဘူး။ အရင်တုန်းကဆိုရင် သူတို့ အမှိုက်ပစ်ရင် စနစ်တကျ မစွန့်ပစ်ကြဘူး။ ဟိုနေရာမီးရှို့ ဒီနေရာမီးရှို့နဲ့ သက်ကြီးရွယ်အိုတွေအတွက်ဆို အဆုတ်ရောဂါရှိတဲ့ သူတွေအတွက်လည်း မကောင်းဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ကျမတို့အမှိုက်ကားလာရင် စနစ်တကျ စွန့်ပစ်လာကြတယ်။” လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ အမှိုက်လိုက်သိမ်းပေးနေတဲ့ မျိုးဆက်သစ် ပရဟိတလူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မယွန်းနဒီဖြိုးက ပြောပါတယ်။

အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့က လူ့ပါတ်ဝန်းကျင်မှာ အင်မတန်အရေးကြီးတဲ့ အရာဖြစ်ပါတယ်။ လက်လွတ်စပယ် စွန့်ပစ်လိုက်တဲ့ အမှိုက်တွေကနေ လူနဲ့လူ့ပါတ်ဝန်းကျင်ကို တန်ပြန်ထိခိုက်စေတာမျိုးတွေ ရှိလာတတ်ပါတယ်။

“ခြင်တွေ ၊ ယင်ကောင်တွေက အဲ့ဒီအမှိုက်တွေကနေ ခိုကပ်နေတတ်တာမျိူးပေါ့နော်။ ယင်ကောင်တွေက ဝမ်းလျှောတာတွေ ဖြစ်မယ်။ ခြင်ကောင်က တုတ်ကွေးတွေ ဘာတွေ ဖြစ်တယ်။”လို့ မယွန်းနဒီဖြိုးက ပြောပါတယ်။

ဒါ့အပြင်အမှိုက်တွေကို စနစ်တကျမစွန့်ပစ်ဘဲ မီးပုံရှို့တာကနေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေအထိ ဖြစ်ပွားနိုင်တာပါ။

“ သက်ကြီးရွယ်အိုတွေအတွက် မကောင်းဘူး။ အဆုတ်ရောဂါတွေအထိ ဖြစ်ပွားပြီး လူ့အသက်တစ်ချောင်းကို ဆုံးရှုံးစေနိုင်တဲ့အထိ ဖြစ်တယ်” လို့ မယွန်းနဒီဖြိုးက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ မယွန်းနဒီဖြိုးတို့ရဲ့ မျိုးဆက်သစ် ပရဟိတလူငယ်အဖွဲ့ ကနေ အမှိုက်ကားနဲ့ တစ်ပတ်တစ်ကြိမ် ပုံမှန်လိုက်သိမ်းပေးတဲ့အပြင် အမှိုက်နဲ့ပတ်သက်ပြီး အသိပညာပေး ဗဟုသုတတွေလည်း စစ်ရှောင်တွေကို ဝေမျှပေးနေပါတယ်။

ဆိုင်တန်းဖွင့်ထားသူ အသက် ၂၇ နစ်အရွယ် အမျိုးသား တစ်ဦးကတော့ ပုံမှန်ဆို ကြုံရာနေရာတွေမှာပဲ အမှိုက်ကို စွန့်ပစ်ကြပြီး ဆိုင်ရှေ့တွေမှာမီးရှို့တာတွေပဲ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

အခုလို အမှိုက်လာသိမ်းပေးတဲ့ လူငယ်အဖွဲ့ကို ကျေးဇူးတင်သလို ကရင်နီပြည်နယ်တစ်ခုလုံး ဒီလို ပြုလုပ်ပေးနိုင်ရင်တော့ ဒီပြည်နယ်ကြီး ပိုမိုလှပမယ်လို့ သူက အခုလို ပြောပါတယ်။

“အလို ပရဟိတ အသင်းတွေ အများကြီးရှိလာရင်တော့ ပြည်နယ်ပိုပြီးတော့ တိုးတက်တာပေါ့။ အမှိုက်ကိုလည်း စည်းမဲ့ကမ်းမဲ့ မပစ်တော့ဘူးပေါ။ အဲ့လိုမဖြစ်အောင် ဒီပရဟိတအသင်းတွေက လိုက်သိမ်းပေးတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့နော်။ ဒါပေမယ့် ဒီချယ်ရီကုန်းလောက်တင် မဟုတ်ပဲနဲ့ တစ်ပြည်နယ်လုံးပေါ့။ ကရင်နီပြည် တစ်ပြည်နယ်လုံး အဲ့လိုမျိုးဆိုရင်တော့ ပြည်နယ်ကြီး ပိုပြီးတော့ သာယာလှပမယ်။ အဲ့ဒီလုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းကို ကျေးဇူးတင်တယ်”လို့ ဒီးမော့ဆို မြို့နယ် အနောက်ဘက်ခြမ်းမှာ ဆိုင်ဖွင့်ထားသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

လူအသွားအလာများတဲ့ လမ်းမကြီးဘေးတွေမှာ အနံ့ဆိုးတွေ ထွက်လွန်းတာကြောင့် ဒိုင်းလေးအေးသာ ရွာအထွက်က အမှိုက်ပုံကို ၂၀၂၄ ဇူလိုင်လမှာတုန်းက ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ရှင်းလင်းရေး တစ်ကြိမ် လုပ်ဆောင်ပေးခဲ့ပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ အတွင်းရေးမှုး -၂ ဦးဗညားကတော့ လိုအပ်ချက်အရ မြို့နယ်တစ်ခုချင်းစီမှာ စည်ပင်သာယာရေးဌာန ဖွဲ့စည်းထားတာတွေ ရှိတယ်လို့ ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts