spot_imgspot_imgspot_imgspot_img
Wednesday, January 22, 2025
spot_imgspot_imgspot_imgspot_img

စာပေ ၊ ဓလေ့ထုံးတမ်းကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ မနုမနော (ကော်ယော်) အမျိုးသားနေ့မှာ KSCC တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

မနုမနော (ကော်ယော်) လူမျိုးစုအနေနဲ့ မိမိတို့ရဲ့စာပေ ၊ ဘာသာစကား ၊ ရိုးရာယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းတွေ ပိုမိုရှင်သန်လာစေဖို့ ရဲရဲဝံ့ဝံ့ဖော်ထုတ်ပြီး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ဖို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) က တိုက်တွန်းထားပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၃ ရက်နေ့မှာ ကျရောက်တဲ့ (၂၅) နှစ်မြောက် မနုမနော (ကော်ယော်) အမျိုးသားနေ့ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ပြီး တိုက်တွန်းပြောဆိုထားတာပါ။

စစ်အာဏာရှင်တော်လှန်ရေးကာလမှသည် တိုင်းရင်းသားများအားလုံး လိုလားတောင်းတတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မယ့် ကာလအထိ တခြားသော ညီနောင်လူမျိုးစုတွေနဲ့အတူ နိုင်ရာဝန်ဖြင့် ဆက်လက်ပါဝင်နိုင်ဖို့လည်း KSCC က ပြောပါတယ်။

မနုမနော (ကော်ယော်) အမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်း လူမျိုးစုတွေ နေထိုင်တဲ့ နေရာအသီးသီးမှာ ကျင်းပပြုလုပ်ကြပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း တော်ခူအုပ်စုအတွင်းက ကျေးရွာတရွာမှာ ဒေသခံတွေ စုပေါင်းပြီး အမျိုးသားနေ့အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။ ဇန်နဝါရီလ ၂ ရက်နေ့မှာလည်း အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲတွေ၊ မနုမနောရိုးရာအက ပြိုင်ပွဲ ၊ ရိုးရာကဗျာရွတ်ဆို ပြိုင်ပွဲ ထည့်သွင်းပြုလုပ်သွားကြပါတယ်။

“ကျနော်အနေနဲ့က ဒီအမျိုးသားနေ့ကို ကျင်းပပြုလုပ်ခွင့်ရတဲ့အတွက် လူငယ်တစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ် နောက်နှစ် အဆက်ဆက်မှာလည်း ဒီထက်မက ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားဖို့လည်း ဆန္ဒရှိပါတယ်။”လို့ အခမ်းအနားကို တက်ရောက်လာတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

ဒီကနေ့ အခမ်းအနားမှာတော့ အမျိုးသားအလံအားအလေးပြုခြင်း ၊ အမျိုးသားသီချင်းသီဆိုခြင်း ၊ အဖွင့်အမှာစကားပြောကြားခြင်း ၊ ဆင်းသက်လာပုံသမိုင်းကြောင်း ဖတ်ကြားခြင်း ၊ အကတင်ဆက်ခြင်း ၊ ပေးပို့လာတဲ့ သဝဏ်လွှာဖတ်ကြားခြင်း ၊ ဂုဏ်ပြုခြင်း အစီအစဉ်တွေနဲ့ ပြုလုပ်သွားပါတယ်။

မနုမနော (ကော်ယော်) အမျိုုးသားအချင်းချင်း ပြန်လည်သင့်မြတ်စေရေး နဲ့ လူမှုအသိုက်အဝန်းမှာ စည်းလုံးညီညွတ်စွာဖြင့် ရှင်သန်နေထိုင်နိုင်စေရေး ရည်ရွယ်ပြီး ဖခင်ကြီး ဦးပီတာကိုဒိုးအီရဲ့ ဦးဆောင်မှုနဲ့ ဖွံဘော်ခွတ်တောင်ပေါ်မှာ အစပြုပြီး ဖြစ်ပေါ်လာတဲ့ အမျိုးသားနေ့တစ်နေ့ဖြစ်ပါတယ်။

ဖွံဘော်ခွတ်တောင်ဟာ ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းမှာတည်ရှိပြီး မနုမနော (ကော်ယော်) လူမျိုးစုရဲ့ အမျိုးသားလက္ခဏာတစ်ခုဖြစ်သလို ရှေးဘိုးဘွားတို့ရဲ့ ချက်မြှုပ်ရာမြေ ဖြစ်ပါတယ်။

မနုမနော (ကော်ယော်) လူမျိုးစုဟာ ဖရူဆိုမြို့နယ်၊ တော်ခူအုပ်စု နဲ့ ဒေါလာစောအုပ်စုအတွင်းမှာ အများဆုံးနေထိုင်ကြပြီး တခြားသောနေရာတွေမှာလည်း ပြန်နှံ့နေထိုင်ကြတာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts