ကန္တရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ဒေသခံတောင်သူတွေဟာ ယခုနှစ်မှာ ထွန်ယက်စိုက်ပျိုးနေတဲ့ စိုက်ခင်းတွေမှာ မြေဆီ၊မြေဩဇာတွေကို ထည့်သုံးစိုက်ပျိုးနိုင်မှု မရှိတာကြောင့် သီးနှံမဖြစ်ထွန်းမှာကို စိုးရိမ်နေကြပါတယ်။
“မြေသြဇာ၊ မြေဆွေးလည်း မရှိဘူး၊ ဒီအတိုင်းပဲ စိုက်ပျိုးလိုက်တယ်၊ မြေသြဇာမှ မထည့်နိုင်တော့တာ၊ နွားချေးလည်း မထည့်နိုင်တော့ဘူး၊ ယခုနှစ်ပိုမို ဆိုးရွားလာကြတယ်။” လို့ ဖရူဆိုမြို့က တောင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ အများစုဟာ စစ်ရှောင်နေကြရတာဖြစ်ပြီး စားဝတ်နေရေးအတွက် နေရပ်ပြန်ပြီး တောင်ယာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေကြတာပါ။ အဓိကစိုက်ပျိုးသီးနှံအဖြစ် စပါးနဲ့ မြေပဲကို စိုက်ပျိုးကြပေမဲ့ စိုက်ခင်းအတွက် ဓါတ်မြေဩဇာကို ဝယ်ယူရခက်ခဲသလို၊ စျေးနှုန်းကြီးမြင့်တာကြောင့်လည်း မဝယ်ယူနိုင်ဘူးလို့ ဆိုပါတယ်။
“မြေဆီ၊ မြေသြဇာ မထည့်နိုင်ရင် ကျမတို စားရဖို့က မရှိဘူးပေါ့၊ ဒေသခံဖြစ်ပေမယ့်လည်း သူများကူညီမှလည်း စားရတယ်၊ မကူလည်း မစားရဘူး၊ စစ်ဘေးရှောင်နဲ့ တူတူပဲ ဖြစ်သွားတယ်”လို့ ဖရူဆိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက တောင်သူတွေဟာ စိုက်ပျိုးရေးလုပ်ငန်းမှာ မြေဩဇာတွေကို မဖြစ်မနေ ပုံမှန်အသုံးပြုကြပြီး မြေဩဇာမထည့်နိုင်တဲ့ ယခုနှစ်မှာတော့ သီးနှံမဖြစ်ထွန်းမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။