ကန္တာရဝတီတိုင်း ( မ် )
တောင်ယာခင်းတွေထဲ သက်ကယ်မိုးလေးတွေနဲ့ ဆောက်လုပ်ထားတဲ့တဲအိမ်ငယ်တွေ ဟိုတစု၊ ဒီတစုနဲ့ ပြန့်ကျဲနေတဲ့ တဲအိမ်စုတွေဆီကို စာရေးသူကလှမ်းကြည့်နေချိန်မှာ အသက် ၄၀ အရွယ် အသားညိုညို၊ အရပ် ၅ ပေ ၃လက်မ ခန့် ရှိမယ့်အမျိုးသမီးတဦး တဲအိမ်အပြင်ဖက်ကို ထွက်လာတာကို မြင်တွေ့လိုက်ရပါတယ်။
ကျမကိုမြင်တော့ အပြုံးချိုချိုလေးနဲ့လှမ်းပြုံးပြနေတဲ့ အဲ့ဒီအမျိုးသမီးကို “ မင်္ဂလာပါ “ လို့ နှုတ်ခွန်းဆက်ရင်း သူမရှိရာနေရာကို ကင်မရာ နဲ့ ထရိုက်ပေါ့ ကိုင်ထားတဲ့ ကျမက ခြေလှမ်းခပ်သွက်သွက် သွားလိုက်ပါတယ်။
သူမကတော့ လွိုင်ကော်မြို့နယ်၊ ဒေါကလိုးခူကျေးရွာကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ဒေါ်ဖဲမြာ ဖြစ်တဲ့အကြောင်း စကားစမြည်ပြောရင်း သိရှိလိုက်ရပါတယ်။
ဒေါ်ဖဲမြာမှာ မိသားစုဝင်ငါးဦးရှိပြီး ခင်ပွန်း နဲ့ သားသမီးသုံးဦး ရှိပါတယ်။ အသက် ၁၆ နှစ်အရွယ် သားကြီးကတော့ မိဘနဲ့အတူ အိမ်အလုပ်တွေကူလုပ်နေပြီး ကျန်နှစ်ဦးကတော့ Grade -8 ၊ Grade – 4 မှာ ပညာသင်ယူနေတယ်လို့ သိရပါတယ်။
ကရင်နီဒေသဟာ တောင်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြတဲ့ ဒေသတခုဖြစ်ပါတယ်။ ဒေါ်ဖဲမြာတို့လည်း တောင်ယာလုပ်ငန်း တခုတည်းကိုသာ လုပ်ကိုင်ကြသူတွေပါ။ ဒါပေမဲ့လည်း စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် ဒေါ်ဖဲမြာတို့ မိသားစု ပိုင်ဆိုင်တဲ့ တောင်ယာခင်းမှာ လုပ်ကိုင်စားသောက်လို့မရတော့တဲ့ အခြေအနေပါ။
“သုံးနှစ် ၊ လေးနှစ်လောက် ပြေးရပြီပေါ့” လို့ ဒေါ်ဖဲမြာက ပြောပါတယ်။ စစ်ရှောင်တဲ့ကာလ လေးနှစ်ဆိုပေမဲ့ နေရာမတူဘဲ ထပ်ဆင့် ထပ်ဆင့် စစ်ရှောင်ရတာပါ။
သူမ ယခင်နေထိုင်တဲ့ ဒေါ်ကလိုးခူကျေးရွာဟာ လွိုင်ကော် – ရှားတော သွားလာတဲ့ လမ်းမကြီးပေါ်မှာရှိပြီး တောင်ခြေအောက်မှာ ရှိတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတတ်တယ်လို့ သူမက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ချိန်မှာ တောင်ယာခင်းထဲ နဲ့ တခြားကျေးရွာတွေမှာ သွားရောက်တိမ်းရှောင်လေ့ရှိပါတယ်။ မိုးရာသီ စပါးစိုက်ပျိုးချိန်ရောက်တိုင်း လုံခြုံရေးအန္တရာယ်ကြားထဲက တောင်ယာလုပ်ငန်း ပြန်လုပ်ကိုင်တာရှိခဲ့ပေမဲ့ တိုက်ပွဲဖြစ်ပွားရင်တော့ တဖန် ပြန်တိမ်းရှောင်ကြတယ်လို့ ပြောပါတယ်။
“စပါးပြန်စိုက်တာ ရိတ်သိမ်းလို့မပြီးသေးဘူး။ နည်းနည်းတော့ ရိတ်သိမ်းပြီးတာပေါ့ တကွက်တည်း စိုက်တာဆိုတော့။ မြေပဲတော့ ကျန်ခဲ့တာပေါ့ မနုတ်ရဘူးပေါ့။ ဒီဖက်ပြန်ပြေးရတာပေါ့။ တိုက်ပွဲကြောင့်ပဲလေ။”လို့ သူမက အဲ့ဒီအခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။
ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် တနေရာပြီးတနေရာ ထွက်ပြေးရင်း ဆီဆိုင်မြို့နယ်မှာလည်း တနှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်ခဲ့ရပါသေးတယ်။ ခုတော့ လွိုင်ကော်မြို့နယ်ထဲက ခိုလီဆို စစ်ရှောင်စခန်းအမှတ် ၂ မှာ နေထိုင်ပါတယ်။
နေထိုင်လာရင်းနဲ့ ဒေသခံတွေရဲ့ တောင်ယာတွေမှာ တရက်ကို လုပ်အားခ ၁၂၀၀၀ ကျပ် နှုန်းနဲ့ နေ့စားလိုက်ပြီး မိသားစုဝမ်းရေးဖြေရှင်းနေပါတယ်။ တောင်ယာလုပ်ငန်းကို မိရိုးဖလာ လုပ်ကိုင်လာတဲ့ ဒေါ်ဖဲမြာအဖို့ နေ့စား လိုက်တာက သာမာန်အလုပ်တခုလိုပါပဲ။

သို့ပေမဲ့ ကိုယ်ပိုင်တဲ့တောင်ယာ မဟုတ်သလို ရေရှည်လုပ်ကိုင်စားသောက်ဖို့အတွက်လည်း တောင်ယာလုပ်ငန်း လုပ်ကိုင်လိုတာကြောင့် ဒေသခံတွေရဲ့ တောင်ယာစိုက်ခင်းအလွတ်တွေမှာ ငှားရမ်းစိုက်ပျိုးဖို့ လုပ်ဆောင်ပါတော့တယ်။
စစ်ရှောင်စခန်းတွေမှာ အလှူရှင်အဖွဲ့အစည်းတွေရဲ့ လာရောက်ထောက်ပံ့မှုက ရေရှည်မဟုတ်တာကြောင့် ဘယ်နေရာပဲရောက်ရောက် ဝမ်းရေးအတွက် စိုက်ပျိုးမြေ လုပ်ကိုင်လို့ရတဲ့နေရာကို ဒေါ်ဖဲမြာ တို့က ရှာဖွေစိုက်ပျိုးလေ့ရှိပါတယ်။ ခုတော့ စစ်ရှောင်စခန်းမှာနေထိုင်ရင်း ရွာခံတချို့ရဲ့ တောင်ယာမြေကို ငှားရမ်းလုပ်ကိုင်နေပါတယ်။
စစ်ရှောင်ကာလအတွင်း အလှူရှင်အဖွဲ့အစည်းက လှူဒါန်းတဲ့ ဆန်ကို သုံးကြိမ်ရဖူးပါတယ်။ ရရှိတဲ့ ဆန်ပမာဏဟာ မိသားစုအတွက် မလုံလောက်ပေမဲ့ စစ်ဘေးရှောင်အိမ်ရှင်မတွေအတွက် မီးဖိုချောင်အသုံးစရိတ် သက်သာစေပါတယ်။ ဒါပေမဲ့လည်း တောင်ယာလုပ်ငန်းကသာ မိသားစုစားဝတ်နေရေးအတွက် အဓိက အလုပ်ကိုင်တခုဖြစ်လာတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် တောင်ယာစိုက်ပျိုးခွင့်ရခဲ့တဲ့ ဒေါ်ဖဲမြာတို့မိသားစုဟာ စပါး အိတ် နှစ်ဆယ် ရရှိခဲ့ပါတယ်။ စပါး အပင်မသန်တာကြောင့် အထွက်နှုန်း နည်းသလို ပိုးကျတဲ့အတွက် ရလာတဲ့ စပါးကို ထောင်းစား (ဆန်ဖွတ်) တဲ့အခါ မလှဘူးလို့ ဆိုပါတယ်။ ဒီအထွက်နှုန်းက မိသားစုရဲ့ တနှစ်စာမဖူလုံပေမဲ့ ချွေတာစားသောက်နေရတယ်လို့ ဒေါ်ဖဲမြာက ပြောပါတယ်။
“စပါးမရဘူးလေ ဒီဖက်မှာ ပိုးတွေကျတော့ ထောင်းစားတာ နီရဲနေတာပဲ။ ကောင်းကောင်း၊ မကောင်းကောင်း ထမင်းဖြစ်ရင် ပြီးတာပဲဆိုပြီးတော့မှ ထောင်းစားနေရတယ်။ ကြိတ်စားရင်တော့ မလောက်ဘူးလေ။”လို့ ဒေါ်ဖဲမြာက ပြောပါတယ်။
ဒေါ်ဖဲမြာတို့ စစ်ရှောင်နေတဲ့ ဒေသဘက်မှာ ရွာခံတွေကတော့ ပြောင်းကို စားဝတ်နေရေးအတွက် အဓိက ထားစိုက်ပျိုးကြတာပါ။ ဒါ့အပြင် စပါး၊ နှမ်း နဲ့ မြေပဲကို အနည်းငယ်သာ စိုက်ပျိုးကြပါတယ်။
ပြောင်းရိတ်သိမ်းတဲ့ ကာလရောက်ရင်တော့ ပွဲစားတွေထံ ရောင်းချကြပြီး တဖန် ဆန်ကို ပြန်ဝယ်စားကြတာပါ။ နှမ်းနဲ့ မြေပဲ စိုက်ပျိုးသူကတော့ ရောင်းရင်ရောင်း ၊ မရောင်းရင်လည်း စားဆီအဖြစ် ကြိတ်ထားကြပါတယ်။ ဒေါ်ဖဲမြာကတော့ မိသားစုစားဖို့ အတွက် စပါးကိုသာ အဓိကစိုက်ပျိုးပါတယ်။
တောင်ယာလုပ်ငန်းကိုလုပ်ကိုင်ကြသူတွေဟာ မိုးမကျမှီ ဧပြီလမှာ တောင်ယာမီးရှို့တာ၊ တောင်ယာခြံကို ခုတ်ထစ်ရှင်းလင်းတာတွေ ပြုလုပ်ကြရပါတယ်။ ပုံမှန်စိုက်ပျိုးချိန်ကတော့ မေလ၊ ဇွန်မှာ ဆိုပေမဲ့ မြေဆီလွှာကောင်းအောင် ပြင်ဆင်တာ၊ မျိုးစေ့ စုဆောင်းရှာဖွေတာ လုပ်ကြပါတယ်။ ဇူလိုင်ကစပြီး စပါး နဲ့ သီးနှံတွေ စိုက်ပျိုးတာကို လုပ်ဆောင်ကြတာပါ။
အခုချိန်ရာသီဟာ ဒေါ်ဖဲမြာတို့ တောင်ယာစိုက်ပျိုးသူတွေအဖို့ တောင်ယာခုတ်ထွင်ရှင်းလင်းရတော့မယ့်အချိန်ပါ။ ဒါပေမဲ့ ဒီနှစ်အတွက် မြေငှားရမ်းစိုက်ပျိုးခွင့် မရတော့ပဲ တောင်ယာခင်းကို ကိုယ်တိုင် ရှာဖွေပြီး အသစ်ခုတ်ထွင်ရှင်းလင်းရတော့မှာပါ။
“ ဒီနှစ်ဆို ပိုခက်ခဲမှာပေါ့ ပြီးခဲ့တဲ့နှစ်တော့ ပေးစိုက်တာပေါ့။ ဒီနှစ်တော့ ပိုင်ရှင်ပဲ အကုန်ပြန်လုပ်မယ်ပြောတယ်။”လို့ ဒေါ်ဖဲမြာက လက်ရှိအခြေအနေကို ပြောပြပါတယ်။
လက်ရှိမှာစစ်ရှောင်ပြည်သူတွေကို တောင်ယာခုတ်ထွင်ရှင်းလင်းခွင့်ကို ဒေသတွင်းတာဝန်ရှိသူတွေကခွင့်ပြုထားပေးတာရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ရှိသူကပြောပါတယ်။ အဆိုပါခွင့်ပြုပေးတဲ့နေရာကတော့ စစ်ရှောင်စခန်းနဲ့ အတော်အတန်ဝေးလံတယ်လို့လည်း သူက ပြောပြပါတယ်။
“ အခုလောဆယ်တော့ မြေနေရာကတော့ လုံလောက်ပါတယ် စပါးစိုက်ဖို့တော့ အသစ်ခုတ်ရတာပေါ့။ ဝေးတော့ဝေးတယ်။” လို့ စစ်ရှောင်စခန်း တာဝန်ရှိသူဦးငါးရယ်က တောင်ယာမြေလုပ်ကိုင်ခွင့်အခြေအနေနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။
စစ်ရှောင်တွေအတွက် တောင်ယာစိုက်ဖို့ လျာထားတဲ့မြေနေရာဟာ မြေရိုင်းဖြစ်တဲ့အပြင် ခြံထူတဲ့ မြေနေရာဖြစ်ပြီး မိသားစုဦးရေ လုပ်အားနဲ့ ခုတ်ထစ်ရှင်းလင်းဖို့ မဖြစ်နိုင်တာကြောင့် ဒေါ်ဖဲမြာတယောက် စိုးရိမ်ပူပန်နေရပြန်ပါတယ်။ စစ်ရှောင်စခန်းနေရာနဲ့ ဝေးလွန်းတာကြောင့် သွားရေးလာရေးမှာ အဆင်မပြေမှာကိုလည်း စိုးရိမ်ရပါသေးတယ်။
ဒေါ်ဖဲမြာ အကြီးမားဆုံး စိုးရိမ်ပူပန်မှုကတော့ တောင်ယာအသစ်မြေနေရာမှာ စပါးအထွက်နှုန်းမရှိမှာ၊ စပါးပင် သေမှာ၊ စပါးပင် မသန်တာဖြစ်ရင် ရင်းနှီးထားသမျှ ငွေကြေး၊ လုပ်အား အချည်းနှီးဖြစ်သွားနိုင်လို့ပါ။ ဒါ့ကြောင့် စိုက်ပျိုးလို့ သင့်၊ မသင့်လည်း ဇနီးမောင်နှံ နှစ်ဦး ခေါင်းချင်းဆိုင်ပြီး စဉ်းစားရပါတော့တယ်။
“ဟိုဖက်မှာ နည်းနည်း တောင်ယာသွားခုတ်တာပေါ့။ ရှင်းတော့မရှင်းပြီးသေးဘူး။ ရှင်းလည်းမနိုင်ဘူး ဝါးရုံက အကြီးကြီးပဲဆိုတော့ မရှင်းနိုင်သေးဘူးပေါ့နော။”လို့ ဒေါ်ဖဲမြာက ဆက်ပြောပါတယ်။

ဒေါ်ဖဲမြာလို ဝမ်းရေးအတွက် တောင်ယာငှားရမ်းပြီး စိုက်ပျိုးရတဲ့ စစ်ဘေးရှောင်တွေ၊ တောင်ယာအသစ်ခုတ်ထွင် စိုက်ပျိုးကြရမယ့် စစ်ရှောင်တွေဟာ ခိုလီဆိုစစ်ရှောင်စခန်းမှာ အများကြီးရှိနေပါသေးတယ်။
ဒေါ်ဖဲမြာကတော့ ဘယ်လောက်ပဲ ခက်ခဲပါစေ စိုက်ပျိုးစရာတောင်ယာမြေတွေရှိရင် မငတ်ဘူးလို့ ပြောပါတယ်။
တဖက်မှာလည်း တောင်ယာလုပ်ငန်းကို ပိုပြီး လုပ်ကိုင်နိုင်ဖို့အတွက် ဒေါ်ဖဲမြာကတော့ နွားပေါက်သားလေး နှစ်ကောင်ကို ဝယ်ယူထားပါပြီ။ အဆိုပါနွားပေါက်လေး နှစ်ကောင်ကို တောင်ယာစိုက်ခင်း ထွန်ယက်စိုက်ပျိုးတဲ့နေရာမှာ အကူအညီဖြစ်ဖို့ မျှော်လင့်နေတဲ့ ဒေါ်ဖဲမြာဟာ နွားနှစ်ကောင်ကို ကြည့်ရင်း အားတင်းနေပါတယ်။
တောင်ယာငှားရမ်းရတဲ့ အခြေအနေ( သို့မဟုတ်) တောင်ယာသစ် ခုတ်ထွင်ရတဲ့အခြေအနေကနေ တနေ့တချိန်မှာတော့ အိမ်ပြန်ပြီး ကိုယ်ပိုင်တောင်ယာလုပ်ငန်းကို အပြည့်အဝ လုပ်ကိုင်နိုင်ဖို့ ဒေါ်ဖဲမြာကတော့ မျှော်လင့်တောင့်တနေပါတယ်။
“အခြေအနေကောင်းကျရင် ကိုယ့်ရွာမှာကိုယ် ပြန်နေချင်တယ်။” လို့ ဒေါ်ဖဲမြာက ပြောပါတယ်။