ဘလက်ဇင်း / ကန္တာရဝတီတိုင်း ( မ် )
“မိုးရာသီကို ရောက်ပြီဆိုတာနဲ့ ကျနော်တို့ရဲ့ အိမ်၊ ခြံ၊ လယ်တွေကို တအားသတိရတယ်။ ပြန်လုပ်ချင်တယ်။ ဒါပေမဲ့ ပြန်လို့မရတော့ ဝမ်းနည်းတာပေါ့။”
ဒါကတော့ အသက် ၄၂ နှစ်အရွယ် တောင်သူတဦးဖြစ်တဲ့ ဦးဖျားရယ်က ပြောတာပါ။ ယခု မေလ၊ ဇွန် လ ဟာ စိုက်ပျိုးတောင်သူတွေရဲ့လယ်၊ ယာတွေကို ထွန်ယက်စိုက်ပျိုးဖို့ ပြင်ဆင်ရမယ့်အချိန်ကာလ ဖြစ်ပါတယ်။ သို့ပေမဲ့ စစ်ဘေးရှောင်နေရတဲ့ တောင်သူ ဦးဖျားရယ်အဖို့ လုပ်ကိုင်ခွင့်မရရှိပါဘူး။ အကြောင်းကတော့ ဦးဖျားရယ်တို့ နေရပ်ဇာတိမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နေရပ်ပြန်လို့ မရတာပါ။
ဦးဖျားရယ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းဖြတ်ကျေးရွာဇာတိ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် (PNO) ပူးပေါင်းတပ် နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် မိုင်းဖြတ်ကျေးရွာအပြင် အနီးအနားက ကျေးရွာ ၅ ရွာထက်မနည်း စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။
ထွက်ပြေးတိမ်းရှောင်စဉ်က စိုက်ပျိုးရေးသုံးပစ္စည်း ဘာတခုမှ မယူဆောင်ခဲ့ရတဲ့အပြင် တခြားအသုံးအဆောင်ပစ္စည်း အနည်းငယ်ကိုသာ ယူဆောင်နိုင်ခဲ့တယ်လို့ ဦးဖျားရယ်က ပြန်ပြောင်းပြောပြပါတယ်။
လက်ရှိမှာတော့ ဦးဖျားရယ်နဲ့ တခြားဘဝတူ စစ်ဘေးရှောင်တွေဟာ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက “ထေးကေးလျား” လို့ ခေါ်တဲ့ စစ်ရှောင်စခန်းမှာ နေထိုင်ကြပါတယ်။
ရွာမှာနေစဉ် ဦးဖျားရယ်က သူပိုင်ဆိုင်တဲ့ လယ် ၃ ဧကမှာ စပါး နဲ့ ယာခင်းမှာတော့ ပြောင်းကို အဓိက ထားစိုက်ပျိုးပါတယ်။ တိုက်ပွဲဖြစ်ပွားလို့ ဝင်းမှည့်နေတဲ့ စပါးကို မရိတ်သိမ်းနိုင်ခဲ့သလို စိုက်ပျိုးရေးအတွက် သူ့ရဲ့ ခြေလက်လို သဘောထားရတဲ့ လယ်ယာသုံးပစ္စည်းတွေဖြစ်တဲ့ လယ်ထွန်စက်၊ ထော်လာဂျီ အားလုံးကို ချန်ထားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါတင်မကသေးပါဘူး စပါးစိုက်ပျိုးထားတဲ့ အရင်းနှီးအတွက် သိန်း ၅၀ ဝန်းကျင်ကုန်ကျပြီး တခြား ပျက်စီးဆုံးရှုံးသွားတဲ့ စက်ပစ္စည်းတန်ဖိုးက သိန်း ၄၀၀ ဝန်းကျင်ရှိတယ်လို့ ဦးဖျားရယ်က ပြောပါတယ်။
အခုတော့ နေရပ်ကို ပြန်လို့မရသေးတာကြောင့် ဦးဖျားရယ်အဖို့ ဒီတနှစ်မှာတော့ လုပ်ကိုင်ခွင့်မရတော့တဲ့အတွက် ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
စစ်ရှောင်နေတဲ့ ဒေသမှာတော့ စိုက်ပျိုးရာသီအတွက် ပြင်ဆင်ထွန်ယက်နေကြတဲ့ တခြားစိုက်ပျိုးတောင်သူတွေကို ဦးဖျားရယ် မြင်တွေ့ရတဲ့အချိန်တွေမှာ သူ့ရဲ့လယ်ယာမြေကို သတိရနေပါတယ်။

“ကျနော်တို့ သူများတွေရဲ့ စိုက်ထားတဲ့ စပါး၊ ပြောင်းခင်း ကြည့်လိုက်မယ်ဆိုရင် ကိုယ့်ရပ်၊ ကိုယ့်ရွာကို သတိရတာပေါ့။” လို့ ဦးဖျားရယ် က ပြောပါတယ်။
သူနေထိုင်တဲ့ကျေးရွာမှာ စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ တပ်သားတွေ တပ်စွဲခဲ့ပြီး မိုင်းထောင်ထားနိုင်တာကြောင့် နေရပ်ပြန်ကြည့်လို့မရသေးတာကလည်း ဦးဖျားရယ်ကို ပိုပြီး စိတ်ဓာတ်ကျစေတယ်လို့ ဆိုပါတယ်။ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာ၊ လယ်ယာသုံးပစ္စည်းတွေကို ယူဆောင်သွားတာ၊ ဖျက်ဆီးတာကို တဆင့်စကား တဆင့်နားနဲ့ ဦးဖျားရယ်ကြားနေရပါတယ်။
စိုက်ပျိုးရာသီကာလမှာ ထွန်ယက်စိုက်ပျိုးခွင့်မရတာ ဦးဖျားရယ် တဦးတည်းတော့ မဟုတ်ပါဘူး။ တခြားဘဝတူ စစ်ဘေးရှောင်အများအပြားကလည်း မိမိတို့ရဲ့ တောင်ယာ၊ လယ်ယာကို ချန်ထားခဲ့ရပြီး စစ်ဘေးတိမ်းရှောင်နေရသလို စစ်ရှောင်စခန်းမှာလည်း အလှူရှင်အဖွဲ့အစည်းက လှူဒါန်းတဲ့ ဆန်၊ ဆီ၊ ဆားကို ချွေတာစားသောက်နေရပါတယ်။
“ကိုယ့်ယာ၊ ကိုယ့်မြေနဲ့ဆိုရင်တော့ နည်းနည်းအဆင်ပြေသေးတယ်လေ ဒီရောက်တော့ ဘားမှလုပ်စရာမရှိတော့ တအားခက်ခဲတယ်။” လို့ ပြောလာသူတဦးကတော့ အသက် ၃၁ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီး မော်ဖရေးမြာ ပါ။
သူမကလည်း မိုင်းဖြတ်ကျေးရွာကနေ စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။ သူမကလည်း လယ်ယာစိုက်ပျိုးရေးကို အဓိက အားထားလုပ်ကိုင်နေတဲ့ တောင်သူအမျိုးသမီးဖြစ်ပါတယ်။ စစ်ရှောင်ကာလမှာတော့ တခါတရံ တခြားသူတွေရဲ့ ယာမှာ နေ့စားလိုက်တာ နဲ့ ဝမ်းရေးကို ဖြေရှင်းနေရတာပါ။ single mother တယောက်ဖြစ်တာကြောင့်လည်း သူတဦးတည်း သားသမီးတွေကို ရုန်းကန်ရှာဖွေကျွေးမွေးရပါတယ်။
စစ်ရှောင်စခန်းမှာနေထိုင်းရင်း နေ့စားအလုပ်နဲ့ ဝမ်းရေးကို ဖြေရှင်းတယ်လို့ ပြောပေမဲ့လည်း နေ့စားအလုပ်ကနေ ရလာတဲ့ အခကြေးငွေက နေ့စဉ်အသုံးစရိတ်အတွက် မဖူလုံနိုင်ပါဘူး။ သူမမှာ သားသမီးငယ် နှစ်ဦးရှိပြီး ကလေးအတွက် အာဟာရရှိတဲ့အစားအစာကို ချက်ပြုတ်ရတာကြောင့် တခြားလိုအပ်တဲ့ အသုံးစရိတ်တွေကို ပိုပြီး ချွေတာသုံးစွဲနေရပါတယ်။
ယခင် ကိုယ့်ယာ၊ ကိုယ့်မြေမှာ လုပ်ကိုင်စားသောက်စဉ်က နေ့စဉ်စားသောက်စရိတ်အတွက် အဆင်ပြေပြေနဲ့ ဖြတ်သန်းနိုင်သူပါ။ ဖြတ်သန်းရတဲ့ အခြေအနေ ကွာခြားသွားတာကြောင့်လည်း ချွေတာစားသုံးရတဲ့အကြောင်းကို အခုလို ပြောပြပါတယ်။
“လာလှူတဲ့ ဆန် ၊ ဆီ ၊ ဆားကနေ ချွေတာပြီးစားတာပေါ့၊ ကိုယ့်ရွာမှာ ၄ ဘူးချက်ရင် ဒီမှာက ၂ ဘူးပဲ ချက်နိုင်တော့တယ်။ လျှော့ရတာပေါ့ ကိုယ့်ရပ် ကိုယ်ရွာမှာလို စားလို့မရတော့ဘူးလေ။ ကလေးတွေကို ဝအောင် အရင်ကျွေးပြီးတော့မှ အကျန်လေး စားတာ။” လို့ မော်ဖရေးမြာက ပြောပါတယ်။
မော်ဖရေးမြာအတွက် ယာခင်းထဲ နေ့စားလိုက်တဲ့အလုပ်က အမြဲတမ်း မရှိပါဘူး။ စိုက်ပျိုးရာသီအလိုက် လိုအပ်တဲ့အချိန်မှ အလုပ်သမားတွေကို ခေါ်တာကြောင့်လည်း “ရရင် ရသလို ရုန်းပြီး ရှာနေရပြီ” လို့ သူက ပြောပါတယ်။
မိရိုးဖလာ အစဉ်အလာအရ တောင်ယာ၊ လယ်ယာကို အဓိကထား လုပ်ကိုင်နေကြတဲ့ ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ ကာလရှည်ကြာစွာ တိမ်းရှောင်နေရတာနဲ့အမျှ အဖက်ဖက်က လိုအပ်ချက်က များပြားနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် စားနပ်ရိက္ခာလိုအပ်ချက်လို့ပြောတဲ့နေရာမှာ ဆန် က မရှိမဖြစ် လိုအပ်နေဆဲပါ။
စစ်ရှောင်ကာလအတွင်း နေရပ်မပြန်နိုင်ကြသေးတဲ့ စစ်ရှောင်တောင်သူတွေအဖို့ စိုက်ပျိုးရာသီရောက်ရင် လွမ်းဆွတ်တာ၊ မိမိတို့ရဲ့ ခြံယာမြေအကြောင်း သတိရတာတွေက ရှိနေကြဆဲပါပဲ။ တချို့စစ်ရှောင်တွေကတော့ တခြားသူတွေရဲ့ တောင်ယာမြေ၊ လယ်ယာမြေမှာ အငှားစိုက်ပျိုးခွင့်ရတာလည်း ရှိနေပါတယ်။ တနှစ်စာ ဝမ်းရေးဖူလုံနိုင်ဖို့ မဆိုထားနှင့် တနေ့တနေ့ ဝမ်းပြည့်နိုင်ဖို့ကို စစ်ဘေးရှောင်တွေကတော့ ရရာအဆင်ပြေတဲ့နည်းလမ်းတွေနဲ့ စိုက်ပျိုးခွင့် ရရှိဖို့ လုပ်ဆောင်နေကြတာပါ။
စစ်ဘေးကြောင့် တောင်ယာလုပ်ကိုင်ခွင့်မရရှိတဲ့အပြင် ပြီးခဲ့တဲ့နှစ်က သဘာဝဘေးဒဏ်တွေကြောင့်လည်း စပါးသီးနှံ ရိတ်သိမ်းခွင့်မရှိတော့တဲ့ တောင်သူတွေလည်း များစွာရှိပါတယ်။

စစ်ရှောင်ကာလ လေးနှစ်ကျော်အတွင်း အလှူရှင်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုက နည်းပါးလာတာ၊ အလုပ်ရှင်တွေခေါ်တဲ့ ကြုံရာနေ့စားအငှားလိုက်တာ၊ နီးစပ်ရာ အသိမိတ်ဆွေတွေထံ ဆန်ချေးစားတာ ကို စစ်ဘေးရှောင်တွေက လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။
ကြားကာလအစိုးရဖြစ်တဲ့ IEC အနေနဲ့ လိုအပ်ချက်တွေ လိုအပ်နေဆဲဖြစ်တဲ့ စစ်ဘေးရှောင်တွေအားလုံးကို လွှမ်းခြုံနိုင်တဲ့ ထောက်ပံ့ပေးနိုင်ခြင်းမရှိနိုင်သေးတဲ့ အခြေအနေမှာ အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေက ကိုယ်ထူကိုယ်ထနဲ့သာ ဝမ်းရေးကိုဖြေရှင်းနေရအုံးမှာ ဖြစ်ပါတယ်။
တဖက်မှာလည်း လယ်ယာ၊ တောင်ယာစိုက်ခင်းကို ချန်ထားရစ်ပြီး စစ်ဘေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တောင်သူတွေကတော့ တိုက်ပွဲအမြန်ဆုံး ပြီးဆုံးနိုင်ဖို့ မျှော်လင့်နေကြပြီး အိုးအိမ်၊ ပစ္စည်း အားလုံးပျက်စီးဆုံးရှုံးသွားရင်တောင် ဘဝကို “တစ်” ကနေ ပြန်လည်စတင်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။
စိုက်ပျိုးရာသီရောက်တိုင်း လွမ်းဆွတ်တမ်းတစိတ်ကနေ တနေ့ အိမ်ပြန်ရောက်ရှိဖို့ မျှော်လင့်ရင်း စစ်ဘေးရှောင်တောင်သူတဦးဖြစ်တဲ့ မော်ဖရေးမြာကတော့ အခုလို ပြောဆိုသွားပါတယ်။
“ကိုယ့်ရပ်ကိုယ့်ရွာ ဘယ်ချိန်ပဲ ပြန်ရောက်ရောက် ပြန်လုပ်စားရမှာပေါ့။ ဒါပဲရှိတယ်ကော ဒါပဲလုပ်စားလာတာကော။”