ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ ဆိုမိုဖေစိုးလေးမြို့နယ် (ရှားတောမြို့နယ် ) က အမှတ် ၂ စစ်ရှောင်စခန်းမှာ အလယ်တန်းကျောင်းဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေပြီး အကူအညီလိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံဆရာမတစ်ဦးက ပြောပါတယ်။
“လာမယ့်နှစ်ဆိုရင်တော့ Grade 7 ၊ 8 အထိဖွင့်မလို့။ နောက်လာမယ့်နှစ်မှ ဆက်သွားမယ်ပေါ့။ တချို့ကလေးတွေက ကျောင်းတက်ချင်ပေမယ့် မသွားနိုင်ဘူးပေါ့နော တောင်ပေါ်ကျောင်းတို့ အထက၊ အလယ်တန်းရှိတဲ့ကျောင်းတွေကို သူတို့မသွားနိုင်ဘူးလေ။ အဲ့ဒါနဲ့ ကျမတို့က ဒီမှာပဲ ရအောင်လုပ်ပေးမယ်ပေါ့။ စာအုပ်တွေတော့ ဘုတ် တာဝန်ခံပေါ့ ရှာပေးတယ်ပေါ့။”လို့ ကျောင်းတာဝန်ခံဆရာမတစ်ဦးက ပြောပါတယ်။
အဆိုပါ စစ်ရှောင်စာသင်ကျောင်းဟာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလမှာဖြစ်ပွားခဲ့တဲ့ ရှားတောမြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပါတယ်။
လတ်တလောမှာတော့ အဲ့ဒီစာသင်ကျောင်းမှာ KG တန်းကနေ Grade 5 ထိ ဖွင့်လှစ်သင်ကြားနေတာပါ။ သင်ကြားမယ့် ဆရာ၊ ဆရာမ အခက်အခဲကြောင့် Grade 6 ကို တက်ရောက်ရတဲ့ ကျောင်းသားတွေက အမှတ် ( ၁ ) စစ်ရှောင်စခန်းမှာ ၆ လ တစ်ဖြတ်ပုံစံနဲ့ သွားရောက် သင်ကြားရတယ်လို့ သိရပါတယ်။
KG တန်းကနေ Grade 5 ထိ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်ပြီးဆုံးသွားတဲ့ ကျောင်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်သွားပါတယ်။
လာမယ့် ပညာသင်နှစ်အမီ အလယ်တန်းကျောင်းအဆင့် ကို တိုးမြင့်နိုင်ဖို့အတွက် လိုအပ်တဲ့ ကျောင်းဆောင်အမိုး ၊ စာရေးကိရိယာ၊ White Board နဲ့ တခြားသင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံဆရာမက ဆက်ပြောပါတယ်။
“ ကျမတို့ ဒီကျောင်းရဲ့အမိုးပေါ့နော အမိုးကျန်သေးတဲ့ဟာရယ် အဲ့ဒါလည်း အကူအညီတောင်းချင်တယ်။ စာရေးကိရိယာတွေရမယ်ဆိုရင်လည်း ကူညီပေးဖို့ပြောချင်ပါတယ် ကလေးအတွက်ပဲပေါ့နော။ ဝိုက်ဘုတ်ဆိုလည်း မကောင်းတော့ဘူး။ အဓိက လိုမယ်။”လို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီ စစ်ရှောင်စာသင်ကျောင်းမှာတော့ ဆရာ၊ ဆရာမ (၁၀)ဦး၊ ကျောင်းသားပေါင်း ၈၄ ဦးရှိတယ်လို့ သိရပါတယ်။