ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် က ထမ်းယံတိုင်ကျေးရွာက ပြည်သူတွေကို စစ်ကောင်စီက ကျေးရွာအပြင်ပေးမထွက်ပဲ တချို့သော ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ ဒီကနေ့ ဇူလိုင်လ ၄ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က အသိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါ ပစ်သတ်ခံရတဲ့အထဲမှာ အသက် ၃၇ နှစ်အရွယ် အရပ်သားဖြစ်တဲ့ ခွန်တငွေ ပါဝင်ပြီး ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ မနက် ၇နာရီ ဝန်းကျင်မှာ ကျေးရွာအတွင်း တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် (PNO) တို့က ပစ်သတ်ခဲ့တယ်လို့ ဆိုထားပါတယ်။
အဆိုပါကျေးရွာအတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိဘူးလို့ PNLA ရဲ့ စစ်ရေးပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“အဲ့ဒီရွာမှာက တိုက်ပွဲမဖြစ်ပါဘူး။ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ကရွာထဲမှာ နေထိုင်ပါတယ်။ တပ်စွဲထားတယ်။ ဒေသခံတွေကို ရွာပြင်ထွက်ခွင့်မပေးဘူး။ ဒေသခံတွေကို ရွာပြင်ထွက်ရင် တော်လှန်ရေးတပ်ဖွဲ့လို့ သတ်မှတ်ပြီးတော့ ခြိမ်းခြောက်ထားတာပေါ့လေ”လို့ ခွန်ရိန်းယံက ဆိုပါတယ်။
ပစ်သတ်ခံရသူ ခွန်တငွေဟာ အဖော်ဖြစ်သူ ခွန်မောင်ႏပေႏ နဲ့ ရပ်ရွာထဲက အသုဘအိမ်မှာ အသုဘစောင့်အိပ်ပေးရာကနေ နေအိမ် အပြန်လမ်းမှာ ပစ်သတ်ခံခဲ့ရပြီး အဖော်ဖြစ်သူ ခွန်မောင်ႏပေႏကိုတော့ ရွာအပြင် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အရပ်သားပြည်သူတွေ ပစ်သတ်ခံရမှုနဲ့ ဖမ်းဆီးခံရမှုအကြောင်းရင်းကိုတော့ မသိရှိရသေးဘူးလို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း(PYO)ရဲ့ အဖွဲ့ဝင်တစ်ဦးက အခုလိုပြောပါတယ်။
“ဟုတ်တယ် ပစ်သတ်ခံရတာပေါ့နော် တစ်ဦးပေါ့။ နောက်တစ်ဦးက ဖမ်ဆီးသွားတာပေါ့။ ဒါပေမဲ့ ဘာကြောင့်ဖမ်းဆီးသွားလဲ ဘာကြောင့် ပစ်သတ်ခဲ့လဲဆိုတာတော့ အခုထိမသိရသေးဘူးပေ့ါနော်”လို့ PYO အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ပစ်သတ်ခံခဲ့ရတဲ့ ခွန်တငွေအလောင်းကိုတော့ ယမန်နေ့ ညနေခင်းမှာ စစ်ကောင်စီခြိမ်းခြောက်မှုကြားကနေ ပြည်သူတွေ ပြန်ကောက်နိုင်ခဲ့ပေမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ခွန်မောင်ႏပေႏကိုတော့ လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ PNLA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် (PNO)ဟာ လက်ရှိအချိန်ထိ ထမ်းယံတိုင်ကျေးရွာအတွင်း တပ်စွဲနေဆဲနေပြီး ဒေသခံပြည်သူတွေကို ရွာအပြင်ထွက်ခွင့်ပိတ်ပင်ထားဆဲဖြစ်တယ်လို့ PNLA ထံကနေ သိရပါတယ်။