ကန္တာရဝတီတိုင်း ( မ် )
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ်အတွင်းက စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ် အထိုင်ချတဲ့ ရွှေတဂူစခန်းကို ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၄၀) ကျော်သေဆုံးခဲ့သလို လက်နက်မျိုးစုံ (၃၀) ကျော်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း အသက်မပြည့်သေးတဲ့ ပအိုဝ့်ပြည်သူ့စစ် (PNO) တပ်ရဲ့ ကလေးစစ်သား စစ်သုံ့ပန်းတစ်ဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့စစ် (PNO) တပ်ဟာ တပ်သားတွေကို အတင်းအဓမ္မ စုဆောင်းနေသလို အသက်မပြည့်သေးတဲ့ ကလေးတွေကိုလည်း စုဆောင်းနေတယ်လို့ တာအယ်စိုးက အခုလို ပြောပါတယ်။
“ စစ်သုံ့ပန်းက အသက် ၁၅နှစ် အသက်မပြည့်သေးတဲ့ ကလေးတစ်ဦးဖြစ်ပါတယ်။ PNO ရဲ့စစ်သားဖြစ်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အသုံးပြုပြီးတော့မှ အတင်းအဓမ္မ တပ်သားတွေကို စုဆောင်းနေတာဖြစ်ပါတယ်။”လို့ တာအယ်စိုးက ဆိုပါတယ်။
တိုက်ပွဲအတွင်း အသက်မပြည့်သေးတဲ့ ကလေးတွေကို အသုံးချတာဟာ ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်တဲ့ပြစ်မှုဖြစ်သလို နိုင်ငံတကာဥပဒေ နဲ့ စစ်ရာဇဝတ်မှုကို ချိုးဖောက်နေတာဖြစ်တယ်လို့လည်း တာအယ်စိုးက ဆိုပါတယ်။
တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ရွှေတဂူစခန်းဟာ ဆီဆိုင်မြို့ နဲ့ ၁၀ မိုင်ဝန်းကျင် အကွာအဝေးမှာ တည်ရှိပြီး ဆီဆိုင်မြို့အတွက် စစ်ရေးအရ အရေးပါတဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။
“ရွှေတဂူစခန်းကတော့ ဆီဆိုင်မြို့ကိုကာထားတဲ့ ကုန်းစခန်းတခုဖြစ်တဲ့အတွက် စစ်ကောင်စီအတွက်ကော PNO အတွက်ကော စစ်ရေးအရ အရေးပါတဲ့ နေရာမျိုးဖြစ်ပါတယ်။” လို့ တာအယ်စိုးက ဆက်ပြောပါတယ်။
အဆိုပါ ရွှေတဂူစေတီကုန်းအနီးအနားက ကျေးရွာတွေဟာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတွေဟာ တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
၂၀၂၅ခုနှစ် နှစ်သစ်ကစလို့ ရှမ်း – ကရင်နီနယ်စပ်တွေမှာ စစ်ကောင်စီ ၊ ပြည်သူ့စစ် (PNO) ပူးပေါင်းတပ် နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ရွှေတဂူစခန်းကို တော်လှန်ရေးတပ်က သိမ်းပိုက်ရရှိထားပါတယ်။