ကန္တာရဝတီတိုင်း ( မ် )
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ်က ပအိုဝ်းကျေးရွာဖြစ်တဲ့ ထီစုံကျေးရွာကို စစ်ကောင်စီက မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကားတစ်စီးနဲ့ နေအိမ် ၂လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၇ ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ထုတ်ပြန်ထားပါတယ်။
ယမန်နေ့ ဇန်နဝါရီလ ၆ရက်နေ့ ၊ မနက် ၉နာရီမှာ မီးလောင်ဗုံးနဲ့ နှစ်ကြိမ်ခန့် ဗုံးကြဲခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်မီးလောင်ခဲ့ပြီး ထပ်မံ မီးလောင်ကူးစက်မှုတွေ မဖြစ်ပွားအောင် မီးငြိမ်းသတ်မှုတွေ လုပ်ပေးခဲ့တယ်လို့ PNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
“မနေ့က ဖြစ်စဥ်တော့ လူထုထိခိုက်မှုတော့ မရှိပါဘူး။ စစ်ကောင်စီက မီးလောင်ဗုံးနဲ့ ကြဲတော့ နေအိမ် ၂လုံးပျက်စီးသွားတာပေါ့။ အဲ့တာနဲ့ ကျနော်တို့လည်း သတင်းရတော့ အခြားအိမ်တွေပါပါ ကူးစက်တာမျိုး မဖြစ်အောင် ကျနော်တို့ တပ်ဖွဲ့ကပဲ စွန့်စားပြီးတော့ သွားပြီး မီးငြိမ်းသတ်ခဲ့တာပေါ့။”လို့ ခွန်ရိန်းယံ ကဆိုပါတယ်။
အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီက မကြာခဏ တိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် အရပ်သားတွေဟာ မနေထိုင်ရဲကြတော့ဘူးလို့ ဆိုပါတယ်။ အဆိုပါ ထီစုံကျေးရွာမှာလည်း ပြည်သူတွေ နေထိုင်မှုမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားတာဖြစ်တယ်လို့ ခွန်ရိန်းယံက အခုလိုဆက်ပြောပါတယ်။
“လွယ်ထွဲကျေးရွာဖက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီက ဒရုန်းနဲ့ လာကြဲသွားတာပေါ့နော် ထီစုံကျေးရွာဖက်ကို။ သူတို့က နေ့တိုင်းလိုလို ကျေးရွာထဲတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတော့ ရွာသူရွာသားတွေကို ရွာထဲမနေရဲကြဘူးပေါ့နော်။”လို့ သူကဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ထီစုံကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး တော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အိမ်ခြေ ၂၄ အိမ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ထီစုံကျေးရွာမှာ တိုက်ပွဲတစ်စုံတစ်ရာ မဖြစ်ပွားသလို တော်လှန်ရေးတပ်ဖွဲ့တွေလည်း နေရာယူထားတာမရှိဘဲ စစ်ကောင်စီက စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ခွန်းရိန်းယံက ပြောဆိုထားပါတယ်။