ကန္တာရဝတီတိုင်း(မ်)
စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ PNO ပြည်သူ့စစ်ဟာ ဆီဆိုင်မြို့နယ်မှာရှိတဲ့ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှထွက်ခွာသွားခိုင်းခဲ့ပါတယ်။
ဇွန်လ ၇ ရက်နေ့မှာ စတင်ထွက်ခွာခိုင်းပေမယ့် ဒေသခံပြည်သူတွေ ဟာ ဇွန်လ (၉) ရက်နေ့ မှ သိရှိရတဲ့အတွက် (၉ ) ရက်နေ့ ညနေပိုင်းကစပြီး စတင်ရွေ့ပြောင်းကြတယ်လို့ သိရပါတယ်။
အခုလို ရွေ့ပြောင်းကြရတဲ့အခါမှာတော့ ဆီဆိုင်မြို့ပေါ်မှာ ဆိုင်ကယ် ၊ ကား လိုင်စင်မဲ့ ယာဉ်တွေ ကို ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် ရွေ့ပြောင်းကြတဲ့ ဒေသခံတွေအနေနဲ့ အခက်တွေ့နေကြတယ်လို့ ပအို့ ဝ် လူငယ်အစည်းအရုံးတာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။
“ဆီဆိုင်မြို့ပေါ်မှာက လိုင်စင်မဲ့ ကား ၊ ဆိုင်ကယ် တွေ ဖမ်းဆီးတဲ့ ကိစ္စတွေ ရပ်တွေ ရှိတယ်။ အဲ့ဒီအတွက် ရွေ့ပြောင်းလာတဲ့ သူတွေအတွက် အဲဒီမှာ ပြသနာ သွားပြီးတော့ ကြုံကြိုက်ကြရတယ်။ အဓိကတော့ ဖမ်းမိတယ်ဆိုရင် ပိုက်ဆံတောင်းတယ်ပေါ့။” လို့ ပအို့ဝ်လူငယ်အစည်းအရုံး တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
လိုင်စင်မဲ့ ယာဉ်တွေကို ဖမ်းဆီးကာ ငွေကြေးတောင်းတာတွေရှိနေတယ်လို့ ဆိုပါတယ်။ အဲ့ဒါတွေအပြင် အဖမ်းအဆီးတွေလဲ ရှိနေတယ် ဆိုတဲ့သတင်းတွေကြောင့် ရွေ့ပြောင်းကြတဲ့ဒေသခံတွေအနေနဲ့ လုံခြုံရေးကို အထူးစိုးရိမ်ကြရတယ်လို့ သိရပါတယ်။
အခုလို ထွက်ခွာသွားခိုင်းတာဟာ အဲ့ဒီအုပ်စုအတွင်းမှာ တော်လှန်ရေးအုပ်စုတွေ ရှိနေတဲ့အတွက် နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်နိုင်ဖို့ ဆိုတဲ့အကြောင်းရင်းနဲ့ ထွက်ခွားခိုင်းတာ ဖြစ်တယ်လို့ သိရကြောင်းကိုလည်း ပအို့ဝ်လူငယ်အစည်းအရုံး တာဝန်ရှိက ပြောပါတယ်။
“အကြောင်းအရင်းကို စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာတော့ အဲဒီဘက်တစ်ကျောမှာ တော်လှန်ရေးအုပ်စုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်နိုင်ဖို့ ဆိုတဲ့ဟာတွေ လမ်းကြောင်းရှင်းနိုင်ဖို့ ဆိုတဲ့ဟာတွေကို သိရတယ်။”လို့ သူက ဆက်ပြောပါတယ်။
PNO ဟာ ထွက်ခွာသွားတဲ့ ဒေသခံပြည်သူတွေကို တောင်ယာခင်းတွေ၊ စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံဖို့ကို ခွင့်မပြုထားပဲ တစ်နေရာထဲကို စုဝေးနေခိုင်းခဲ့တာ ဖြစ်ပါတယ်။
ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ ကလားလမ်ရွာ စတဲ့ ကျေးရွာတွေဟာ ကျေးရွာအတွင်း ထွက်ခွာသွားပေးရမှာဖြစ်ပြီး ရွေ့ပြောင်းနေဆဲ ကာလဖြစ်တာမို့ အချက်အလက် အတိကျကို တော့ ကောက်ယူနိုင်ခြင်း မရှိသေးဘူးလို့ ပအို့ဝ်လူငယ်အစည်းအရုံးက ပြောပါတယ်။