spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ဆောင်းပြောင်းကျေးရွာမှာ လူနေအိမ် မီးလောင်ပျက်စီးမှု များပြားတယ်လို့ ဒေသခံတွေပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအတွင်းမှာ လူထုနေအိမ် မီးလောင်ပျက်စီးနေတာတွေ များပြားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နေရပ်ပြန်လို့ မရသေးတာကြောင့် ပျက်စီးမှုအခြေအနေနဲ့ ပျက်စီးမှုအရေအတွက်ကိုတော့ အတိအကျ မသိရဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အခုက ကျေးရွာထဲ နေလို့မရတော့ဘူးလေ။ တိုက်ပွဲဖြစ်ကတည်းက တိမ်းရှောင်ကြတော့ နေအိမ် ပျက်စီးတာ မီးလောင်ကုန်တာတော့ ကြားနေရတယ်။ လိုင်းပေါ်လည်း မြင်တွေ့နေရတယ်။ တမင် မီးရှို့ကြတာလား၊ လက်နက်ကြီးတွေကြောင့်လား ပြီးတော့ ဘယ်နှစ်လုံးလောက် ပါသွားလဲ ဆိုတာတွေတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ပြန်လည်းမပြန်ရဲတော့ ကိုယ့်ရပ်ရွာ ပျက်စီးနေတာမြင်ရတော့ တကယ် နေရထိုင်ရ စိတ်မပျော်ရတော့ဘူး။” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဆောင်းပြောင်းကျေးရွာဒေသခံတွေဟာ ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး ကျေးရွာအတွင်းက နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် PNO တို့က လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက အွန်လိုင်းပေါ်တွေမှာ ဗီဒီယိုမှတ်တမ်းနဲ့တကွ ဖော်ပြထားတာ ရှိပါတယ်။

ဒေသခံအမျိုးသားတစ်ဦးဟာ သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ “ဆောင်းပြောင်းဒေသမှာ တစ်ပတ်အတွင်း တိုက်ပွဲပြင်းထန်ပြီး တိုက်ပွဲအခြေအနေမြင်ကွင်းက အိမ်တော်တော်များများ ရစရာ မရှိ။”လို့ မေလ ၂၇ ရက်နေ့မှာ နေအိမ်မီးရှို့ပျက်စီးမှု ဗီဒီယိုမှတ်တမ်းတွေကို ဖော်ပြထားပါတယ်။

ဆောင်းပြောင်းကျေးရွာအတွင်းက တိုက်ပွဲဟာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ PNO ဖက်က အကျအဆုံးများသလို တော်လှန်ရေးတပ်ဖွဲ့ကနေ စစ်သုံ့ပန်းဖမ်းမိတာ၊ လက်နက်တွေ သိမ်းဆည်းရမိတာရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေကို ကန္တာရဝတတီတိုင်း(မ်) ကနေ ချိတ်ဆက်မေးမြန်းခဲ့ပေမဲ့ မရခဲ့ပါဘူး။

ရွာလုံးကျွတ်တိမ်းရှောင်ကြတဲ့ဆောင်းပြောင်းကျေးရွာဟာ အိမ်ခြေ ၁ ထောင် ဝန်းကျင်ရှိပြီး လက်ရှိမှာ တကြော့ပြန် တိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေဟာလည်း စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေကြပါတယ်။

spot_img
spot_img

Recent posts