ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ကျေးရွာက မြေပြင်တိုက်ပွဲ ၁၀ ရက်အတွင်းမှာ တော်လှန်ရေး တပ်ပေါင်းစုဖက်ကနေ စစ်ကောင်စီ နဲ့ PNO တပ်သားတွေကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိထားတဲ့အပြင် လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ စခန်းကုန်းကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖယ်ခုံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ (၁၀၀၂) တပ်ရင်းဆီကနေ သိရပါတယ်။
စစ်ရေးအခြေအနေအရ တော်လှန်ရေးတပ်ပေါင်းစုကနေ သိမ်းဆည်းရမိခဲ့တဲ့ အချက်အလက် အသေးစိတ်ကိုတော့ ဖြေကြားပေးဖို့ အဆင်မပြေသေးဘူးလို့ ဖယ်ခုံ PDF (၁၀၀၂) တပ်ရင်းရဲ့ တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“စခန်းကုန်းနဲ့ စစ်သုံ့ပန်း ရယ်၊ လက်နက်ခါကျတော့ ကျွန်တော်တို့ စစ်ရေးအခြေအနေအရ ကျွန်တော်တို့ပြောလို့မရသေးပါဘူး။ တိုက်ပွဲအတွင်းမှာတော့ ကျွန်တော်တို့နဲ့အတူ KNDF နဲ့ PDF 1007 တပ်ရင်း တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။”လို့ ဖယ်ခုံ PDF (၁၀၀၂) တပ်ရင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ဆောင်းပြောင်းကျေးရွာတိုက်ပွဲဟာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့ကာ မေလ ၂၆ ရက်နေ့အထိ ၁၀ ရက်ကြာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီ နဲ့ PNO တို့ဖက်က သူတို့ စခန်းကုန်းတွေ မဆုံးရှုံးရလေအောင် လက်နက်ကြီးအပြင် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပစ်ကူနေတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိဆောင်းပြောင်းမှာတော့ မိုးရာသီကာလအတွင်း မိုးဆက်တိုက်ရွာနေတာကြောင့် တော်လှန်ရေးတပ်ပေါင်းစုဖက် တိုက်ပွဲ ရပ်နားထားပေမဲ့ စစ်ကောင်စီနဲ့ PNO ဖက်မှာတော့ အရပ်သားနေအိမ် မီးရှို့ဖျက်စီးမှုတွေလုပ်နေတယ်လို့ အဆိုပါ ဖယ်ခုံ PDF (၁၀၀၂) တပ်ရင်းရဲ့ တာဝန်ရှိသူက ဖြည့်စွက်ပြောဆိုထားပါတယ်။
စစ်ကောင်စီ ကနေ လူထုနေအိမ် မီးရှို့ခဲ့ရာ နေအိမ်ပျက်စီးမှုများခဲ့တဲ့အပေါ် ဒေသခံတွေ စိတ်မကောင်းခဲ့ကြသလို လက်ရှိစစ်ရှောင်ကြတဲ့အခြေအနေမှာလည်း လိုအပ်ချက်ပေါင်းစုံ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ တော်လှန်ရေးတပ်ပေါင်းစုဖက်ကလည်း ရဲဘော်အချို့ ထိခိုက် ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ ဖယ်ခုံ PDF (၁၀၀၂) တပ်ရင်းဆီကနေ သိရပါတယ်။