ဆေးနှင့် ဆေးဝါးဆိုင်ရာပစ္စည်းသယ်ဆောင်ခွင့်ကို စစ်ကောင်စီထံခွင့်ပြုချက်ယူရ

0
550

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့ပေါ်ရှိ လိုင်စင်ရဆေးဆိုင်တွေအနေနဲ့ ဆေးနဲ့ ဆေးဝါးဆိုင်ရာ ပစ္စည်းတွေ သယ်ယူလိုပါက
ထုတ်ပြန်ထားတဲ့အမိန့်စာကို လိုက်နာဆောင်ရွက်ဖို့ စစ်ကောင်စီက ဆိုပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့အတွင်း အခြား တိုင်းဒေသကြီး၊ ပြည်နယ်မှ တင်သွင်းတဲ့ ဆေးနဲ့ ဆေးဝါးဆိုင်ရာပစ္စည်း သယ်ဆောင်ခွင့်ကို စစ်ကောင်စီက မတ်လ ပထမပတ်ကစပြီး ကန့်သတ်ထားလိုက်ပါတယ်။

ဆေးနဲ့ဆေးဝါးဆိုင်ရာ ပစ္စည်းသယ်ဆောင်မည်ဆိုပါက သယ်ယူမယ့်နေ့ရက်၊ ယာဉ်အမျိုးအစား၊ ယာဉ်အမှတ်၊ ဆေးဝါးပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ သယ်ဆောင်မည့်လမ်းကြောင်းတွေကို ကယားပြည်နယ်အစိုးရအဖွဲ့သို့ ကြိုတင်တင်ပြခွင့်ပြုချက်ရယူ ဆောင်ရွက်သွားဖို့ ထုတ်ပြန်ထားတဲ့ အမိန့်စာကို မတ်လ ၄ရက်နေ့က ကြေညာထားတာပါ။

လွိုင်ကော်မြို့မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက “ ဒါက ဖြစ်ကိုမဖြစ်သင့်တဲ့ကိစ္စပဲလို့မြင်တယ်။ ဆေးဈေးနှုန်းတွေလည်း ပိုတက်လာတယ်လေ။ လူသားမဆန်ဘူး။”လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် မေလအတွင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ပြည်နယ်အတွင်း စားသောက်ကုန် နဲ့ ဆေးဝါးသယ်ယူပို့ဆောင်ခွင့်ကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေမှာ ကန့်သတ်ထားပါတယ်။ လွိုင်ကော်မြို့တွင်း ဝင်မယ့် ယာဉ်လိုင်းကားအပါအဝင် အိမ်စီးကားတွေ စစ်ဆေးခံရပြီး စားသောက်ကုန်နဲ့ ဆေးဝါးသယ်ဆောင်လာတဲ့ ယာဉ်လိုင်းကားတွေကိုလည်း မြို့တွင်းပေးမဝင်ဘဲ ကန့်သတ်ထားတာရှိပါတယ်။

လက်ရှိမှာလည်း ကရင်နီပြည်မှာ စစ်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ နှစ်သိန်းနီးပါးရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။