ဈေးရောင်းဝယ်ချိန်တွင် နှာခေါင်းစည်း (Mask) တပ်၍ ဈေးရောင်းဝယ်ကြရန် စည်ပင် မေတ္တာရပ်ခံ

ကန္တရဝတီတိုင်းမ်

လွိုင်ကော်မြို့ရှိ ဈေးကြီးများတွင် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ဖို့အတွက် ဈေးရောင်းသူများ၊ ဈေးဝယ်သူများအားလုံး နှာခေါင်းစည်း (Mask) တပ်၍ ရောင်းဝယ်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းက ပြောပါတယ်။

“တနင်္လာနေ့ကတည်းက မိုက်နဲ့အော်တယ် မေတ္တာရပ်ခံတယ် တပ်တဲ့သူလည်းတပ်တယ် မတပ်တဲ့သူလည်းမတပ်ဘူး အဲလိုတော့ရှိတယ်ပေါ့နော ဈေးဝယ်သူကော ဈေးရောင်းသူကော။ ဒီနေ့ဈေးဆို မနေ့ကတည်းပေါ့ ဗီနိုင်းပေါ့ ကုန်ဈေးတန်းဖက်မှာလည်းကပ်တယ် ဈေးပတ်ချာလည်လည်း ကပ်ထားတယ် နှစ်ထပ်ဈေးမှာလည်းကပ်ထားတယ်။ အချို့ကတော့ နှာခေါင်းတပ်တာကိုတွေ့ရတာပေါ့နော အယောက်တိုင်း တပ်တာကိုတော့ မတွေ့သေးဘူးပေါ့နော” လို့ ဦးသန်းထွန်းကပြောပါတယ်။

စည်ပင်သာယာရေးကော်မတီအနေနဲ့ ဈေးအတွင်း Mask တပ်ပြီး ရောင်းဝယ်ကြဖို့ မေတ္တာရပ်ခံမှုကို လိုက်နာပေးဖို့ အနီးကပ်လိုက်ပြောနေသလိုဈေးပတ်လည်မှာလည်း Mask တပ်ပြီး ဈေးရောင်း၊ ဈေးဝယ်ဖို့ မေတ္တာရပ်ခံစာ ဗီနှိုင်းတွေ လိုက်ကပ်ထားလို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဈေးသည်တွေကိုလည်း တစ်ယောက်နဲ့တစ်ယောက် ၆ပေအကွာ နေကြဖို့ နိုးဆော်ထားတယ်လို့ သိရပါတယ်။

“လိုက်မနာတာက ပိုများနေတယ် ဈေးသည်တွေကိုတော့ အတင်းအကြပ်ပြောလို့ရပေမယ့် ဈေးဝယ်တဲ့သူတွေကိုတော့ ပြောရတာခက်တယ်လေ။ ပြောရင်းဆိုရင်းနဲ့ ရုန်းရင်းဆန်ခတ်တို့ စကားများကြတာတို့ဖြစ်မှာလည်း စိုးရိမ်ရသေးတယ်” လို့ ဦးသန်းထွန်းကဆက်ပြောပါတယ်။

ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက် Mask တပ်ဖို့ လိုက်နာမှုမရှိသူများကို အရေးယူဖို့မရှိသလို မည်သူကမှလည်း အရေးယူဖို့ ညွှန်ကြားထားမှုမရှိတာကြောင့် ကျန်းမာရေးအသိစိတ်ဓတ်နဲ့ လိုက်နာကြဖို့ မေတ္တာရပ်ခံတာဖြစ်တယ်လို့ သိရပါတယ်။

မိမိအိမ်မှာနေပြီး ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်သော်လည်း မဖြစ်မနေအိမ်ပြင်ထွက်ဖို့လိုအပ်ပါက လူစုလူဝေးရှိတဲ့နေရာသွားပါက Mask တပ်ပြီး သွားကြဖို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တိုက်တွန်းထားပါတယ်။

“ဆရာတို့တောင်ဈေးသွားကြည့်တယ် နှာခေါင်းစည်းထားတာမရှိဘူးပေါ့နော တစ်ယောက်နဲ့တစ်ယောက်က ၆ပေအကွာနေပြီးတော့ ရှိနေရမှာကို အဲဒါလည်းမရှိဘူး။ အပြင်ထွက်တဲ့သူအားလုံးသည် နှာခေါင်းစည်း စည်းသင့်တယ်။ နှာခေါင်းစည်းက အစိုးရဌာနတို့ ကျန်းမာရေးဌာနတို့မှ ပေးရတာမဟုတ်ဘူး ကိုယ့်ဘာသာချုပ်ပြီး စည်းလို့ရတဲ့ဟာကို သုံးလို့ရပါတယ်။ လုံးဝမကာကွယ်နိုင်တာထက်စာရင် အများကြီးကာကွယ်နိုင်တယ်။ အဲ့တော့ ပြည်သူများသည် မိမိအိမ်နဲ့မိမိနေပါ အပြင်မထွက်ကြပါနဲ့ ရောဂါမဝင်ပါဘူး။ မဖြစ်မနေ စားဝတ်နေရေးအတွက် စားသောက်ရေးအတွက် ထွက်ရမယ့်ကိစ္စရှိရင် နှာခေါင်စည်း စည်းပြီးထွက်ပါ။ တတ်နိုင်သမျှ လူစုလူဝေးရှိတဲ့နေရာမသွားပါနဲ့ အဲဒါဆိုရင် ဒီရောဂါကိုကာကွယ်ပြီးသားဖြစ်မှာ။ အခုက ကုစရာကဆေးလည်းမရှိသေးဘူး ကာကွယ်ဆေးလည်းမရှိသေးဘူး” လို့ ဒေါက်တာဌေးလွင်ကဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးကြီး (တောင်ဈေး)၊ နှစ်ထပ်ဈေး ကိုတစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ စတဲ့သုံးရက်သာ ဖွင့်လှစ်ထားပြီး ငါးရက်တစ်ဈေးဖြစ်တဲ့ နောင်ယားဈေးကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားပါတယ်။

Comments

comments

Next Post

ကယားတွင် COVID-19 သံသယလူနာ ရောဂါပိုးမတွေ့ရှိ

Wed Apr 15 , 2020
နော်ဒွေးအယ်ခူ ကယားပြည်နယ်အတွင်း COVID-19 သံသယလူနာနှင့် စောင့်ကြည့်လူနာ (၆) ဦးတို့ရဲ့ ဓတ်ခွဲနမူနာကို ပေးပို့စစ်ဆေးရာ ပိုးမတွေ့ရှိဘူးလို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ကန္တရဝတီတိုင်းမ်ကို အတည်ပြုပြောကြားပါတယ်။ “အမျိုးသားဓတ်ခွဲဌာနနဲ့ ကုသရေးဦးစီးဌာနကို ဆရာတို့က လှမ်းပြီးမေးလိုက်ပါတယ်။ ကယားပြည်နယ်မှာ ၁၃ရက်နေ့ ညပို့ပြီး ၁၄ရက်နေ့မနက်ရောက်တဲ့ လူနာ စုစုပေါင်း၆ဦးပေါ့။ လွိုင်ကော်ဆေးရုံကြီးက လေးဦး၊ ရှားတောမြို့နယ်ကတစ်ဦး၊ ဒီမော့ဆိုမြို့နယ်တစ်ဦး စုစုပေါင်း ဓတ်ခွဲလူနာ ၆ဦးပို့လိုက်တယ်ပေါ့။ အဲထဲမှာ လွိုင်ကော်ဆေးရုံကြီးထဲက လေးဦးမှာ ဒေါဥခူက ဆရာတို့စိတ်ပူရတဲ့ လူနာအမျိုးသမီးပေါ့နော သူလည်းပါပါတယ်။ အဲဒီ ၆ဦးလုံးက ဒီနေ့စစ်ထဲပါပြီးတော့ ပိုးမတွေ့ရှိပါဆိုတဲ့ အဖြေရပါတယ် ဒါသေချာပါတယ်” လို့ ဒေါက်တာဌေးလွင်ကပြောပါတယ်။ အဆိုပါ သံသလူနာတို့ရဲ့ ဓတ်ခွဲနမူနာကို ဧပြီလ […]

ဆက်စပ်သတင်းများ