spot_imgspot_imgspot_imgspot_img
Saturday, July 12, 2025
spot_imgspot_imgspot_imgspot_img

ညအချိန် စာကြည့်ဖို့အတွက် ဖယောင်းတိုင်ကိုသာ အသုံးပြုနေရ

Author

Date

Category

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ ညပိုင်းစာကြည့်တဲ့အခါ ဆိုလာမီးမရှိတဲ့အတွက် ဖယောင်းတိုင်ကိုသာ အသုံးပြုနေရပါတယ်။

စစ်ရှောင်ဖြစ်နေတဲ့အတွက် ဝင်ငွေမရှိတာ၊ ကုန်ဈေးနှုန်းမြင့်တက်နေတာကြောင့် ဆိုလာမီးမသုံးရတဲ့အပြင် ဖယောင်းတိုင်ကိုလည်း လုံလုံလောက်လောက်မသုံးနိုင်တာကြောင့် အခက်အခဲရှိတယ်လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

“ကျမ တို့ဒီမှာ စာသင်နေတာက Grade-1ကနေ Grade-4 ထိရှိတယ်။ အဲဒါကို ကလေးတွေက ကျောင်းမှာဆိုရင် အတတ်နိုင်ဆုံးတော့ ကလေးတွေကို စာတွေကို ရထားသင့်သလောက် မှတ်ထားသင့်သလောက် သင်ပေးတယ်။ ဒါပေမယ့် ညညဆိုရင် သူတို့ စာပြန်ကျက်ဖို့အတွက် ဆိုလာတွေ မီးတွေမရှိဘူး။ မရှိတာတွေလည်းတွေ့ရတယ်။ ပြီးတော့မှ သူတိုအိမ်စာ ပြန်လုပ်ဖို့ အခက်အခဲ ရှိတာကိုလည်း တွေ့ရတာပေါ့နော်။ ပြီးတော့မှ ကလေးတွေက တချို့ ဆိုလာ မရှိတဲ့ ကလေးတွေဆိုရင် ဖယောင်းတိုင်နဲ့ ဖယောင်းတိုင် ထွန်းပြီးတော့မှ စာတွေကျက်ခဲ့ရ လေ့လာခဲ့ရတယ်” လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

ညအချိန် စာကြည့်နေကြတဲ့ စစ်ရှောင်ကလေးများ။

ကလေးပညာရေးအထောက်အကူပြုစေဖို့အတွက် ဖယောင်းတိုင်၊ အလှူငွေ နဲ့ ရိက္ခာခြောက်ကို အောက်တိုဘာလ ၁၀ ရက်နေ့က ကန်ခုနစ်ဆင့် ခုနစ်စင်ကြယ် လူငယ်များ အဖွဲ့မှ ကျေးရွာတစ်ရွာကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

စာသင်ချိန်ပြီးလို့ အတန်းငယ်တဲ့ကလေးတွေအတွက် ညပိုင်းရောက်ရင် မီးမလိုအပ်ပေမဲ့ အတန်းကြီးတဲ့ကလေးအတွက်တော့ စာကျက်ဖို့အတွက် မီးလိုအပ်တယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“ညတိုင်းကုန်တယ်။ သူတို့ညကော မနက်ကောစာကျက်တော့။ မနက်ဆို နည်းနည်းသက်သာတယ်။ အရေးကြီးတာ ညပဲပေါ့။ တကယ်လို့ မီးသာ မရှိရင်လည်း သူတို့ စာကျက်လို့ မရဘူးလေ။ ညတိုင်းကြည့်ပေးရတော့ ကျမတို့မှာလည်း ဘာမှ မရှိဘူး။ အငှားလိုက်လိုက် ဈေးရှိတဲ့ တခုခုကို ရှာပြီးရောင်းလိုက် ရလာတာနဲ့ သူတို့ကို ပြန်ဝယ်ပေးလိုက် အ့လိုပဲ လုပ်ရတယ်။ ကလေးတွေက မီးမရှိဘူးပြောလိုက်။ မုန့်ဖို့မရှိဘူးပြောလိုက် နဲ့ မတတ်နိင်ဘူး။ စိတ်ထိခိုက်ရတယ်။ တခါခါဆို သူတို့တောင်းတာကို မပေးနိုင်တော့ ဝမ်းနည်းတယ်”လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

စားသောက်ကုန်အပြင် အဖက်ဖက်က ကုန်ဈေးနှုန်းမြင့်တက်နေတာကြောင့် ဖယောင်းတိုင်ထုပ် မဝယ်နိုင်တဲ့ မိသားစုတွေလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ကျေးရွာ၊ စစ်ရှောင်စခန်းတွေမှာ စာသင်ကျောင်းဖွင့်လှစ်လျက်ရှိပြီး စာသင်ဆောင်မလုံလောက်တာ၊ ဖတ်စာအုပ်နဲ့ စားရေးကိရိယာမလုံလောက်တဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေဆဲဖြစ်သလို ကျောင်းသားကလေးတွေအတွက်လည်း ညပိုင်းစာကြည့်ဖို့ အခက်အခဲတွေရှိနေတာပဲဖြစ်ပါတယ်။

ညအချိန် စာကြည့်နေကြတဲ့ စစ်ရှောင်ကလေးများ။
spot_img

Recent posts