spot_img
Thursday, December 1, 2022
spot_img

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC) ဒုတိယဥက္ကဌ နိုင်ဟံသာ နှင့် တွေ့ဆုံမေးမြန်း ခြင်း

spot_imgspot_imgspot_imgspot_img

ထျိူ းမြာ

”စိုးရသစ်ရဲ့အနေအထားက အမှန်တော့ သူတို့လည်း တပ်ကို အမိန့်မပေးနို်င်ဘူး။ သူတို့လည်း တပ်ကို မလွှမ်းမိုးနိုင်သေးတော့ အချိန်ယူပြီးတော့ တဖြည်းဖြည်းချင်း လုပ်ဆောင်နေရတဲ့ပုံစံမျိူးလို့ မြင်တယ်’’

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ကျင်းပသည့် ပြည်ထောင်စုညီလာခံ ၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးကို နေပြည်တော် ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ-၂တွင် ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းအထိ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(NCA) လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များ အပါအဝင် စုစုပေါင်း ၁၈ ဖွဲ့တက် ရောက်ခဲ့သည်။

ယခုကျင်းပခဲ့ပြီးသည့် ၂၁ ရာစုပင်လုံပထမအကြိမ်အစည်းအဝေးသည် အစိုးရ သစ်၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အစပျိုးရာ တိုင်းရင်းသားများ တောင်းဆိုနေ သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် စတင်လိုက်ခြင်းဟု ဆိုရမည်ဖြစ်သည်။

ထို့ကြောင့် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တို့၏ NCAအပေါ်သဘောထား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိက စိန်ခေါ်မှုများ၊၂၁ ရာစုပင်လုံအစည်းအဝေးအပေါ် သဘောထားနှင့် အစိုးရသစ်အပေါ် သဘောထားများနှင့် ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC) ဒုတိယဥက္ကဌ နိုင်ဟံသာ နှင့် Internews မှ ပြုလုပ်သည့် ၂၁ ရာစုပင်လုံ သတင်းခန်းမှ သတင်းထောက်များ၏ မေးမြန်းမှုများမှ ကောက်နှုတ်ဖော်ပြလိုက် ပါသည်။
မေး။ ။UNFC အနေနဲ့ NCAကို ဘာကြောင့် လက်မှတ်မထိုးတာလဲ။

ဖြေ။ ။ NCA ရရှိဖို့က NCCT(တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့)ကို ဖွဲ့စည်းပြီးတော့မှ ဆွေးနွေးလာတာ တစ်နှစ်နဲ့ငါးလရှိသွားပြီ။ အဲ့ဒီမှာ မူကြမ်း တစ်ချို့နားလည်မှု ရတယ်။ ၂၀၁၅ မတ်လကုန်မှာ လက်မှတ်တွေ ထိုးကြတယ်။ မူကြမ်းတွေမှာ အန်ကယ်တို့ ပါဝင်လက်မှတ်ထိုးခဲ့တယ်။ အဲ့ဒီမူကြမ်းက အန်ကယ်တို့ဘက်က ထိပ်သီးခေါင်းဆောင်တွေကို တင်ပြ ပြီးတော့ ဘယ် ဟာတွေကို ထပ်ဖြည့်ချင်လဲဆိုတာ တင်ပြပြီးတော့မှ ပြန် ယူလာမှာ မယ်။ ပြီးရင် ပြန်ညှိမယ်ပေါ့။ သူတို့ဘက်ကလည်း UPWC (ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ) အနေနဲ့က UPCC (ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ)ကို တင်ပြပြီးတော့မှ ထပ်ပြင်လည်း သူတို့ပြင်မယ်။

နောက်ပြီးတော့ ပြန်ညှိမယ်ဆိုတဲ့ မူကြမ်းတွေနဲ့ပဲ သဘောတူထားကြတယ်။ သဘောတူထားပြီးတော့ အန်ကယ်တို့က အဲ့လိုပဲ ထိပ်သီးခေါင်းဆောင် အစည်းအဝေးလုပ် လိုက်တယ်။ နောက်ပြင်ချင်တဲ့ အချက်အလက် တစ်ချို့ကို စုလိုက်တယ်။ ပြီးတော့ တင်လိုက်တယ်။ အဲ့လိုတင်ပြဖို့က အန်ကယ်တို့ NCCTက ဆွေးနွေးထားတယ် သဘောတူထားတယ် ဆိုတဲ့အနေ အထားမှာ အန်ဂယ်တို့ထပ်ပြင်ရင် နည်းနည်းပြောရခက်မယ်။ အဲ့တော့ အန်ဂယ်တို့က SD(Senior delecation) ဆိုပြီးတော့မှ ဖွဲ့စည်းပြီးတော့ အဖွဲ့သစ်အနေနဲ့ ထပ်ပြီးတော့ လာဆွေးနွေးတယ်။ အဲ့ဒီဆွေး နွေး တဲ့အခါကြတော့ အဲ့ဒီပြင်ဆင်ချက်တွေကို သူတို့က အဲ့ဒီစာတမ်းမှာပြင်ခွင့်မပေးတော့ဘူး။ နှစ်ဘက်အစည်း အဝေးဆုံးဖြတ်ချက်တွေနဲ့ပဲ ထားပါ။ ဒါက သမ္မတရှေ့မှာ လက်မှတ်ထိုးထားတဲ့စာတမ်းဖြစ်တယ်။ ဒါကိုတော့ သူတို့အပြင်မခံချင်တော့ဘူး ဆိုပြီးတော့ အဲ့ဒါတွေပြောလာတယ်။ အဲ့ဒါ မကျေနပ်ချက်က တစ်ချက်။
နောက်တစ်ချက်က နောက်ဆုံး အဲ့ဒီဆုံးဖြတ်ပေးရမယ့်ပွဲကြတော့ ဒီNCCTထဲမှာ တလျှောက်လုံး အန်ကယ် တို့နဲ့ အတူ ပါဝင်ဆွေးနွေးလာတဲ့ ရခိုင်က AA(ရခိုင်တပ်မတော်) ၊ နောက်ပလောင် TNLA (တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်)၊ နောက်ကိုးကန့် MNDAA(မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတာ်)၊ အဲ့ဒီသုံးဖွဲ့ကို အစိုးရဘက်က လက်မခံဘူး။ လက်မှတ်ထိုးရမယ်ထဲမှာ မပါရဘူးဆိုပြီး တော့ အစိုးရက လက်မခံဘူး။ အဲ့လိုအနေအထားမျိူးဖြစ်နေတယ်။ ဒါကြောင့်အန်ဂယ်တို့က အတန်တန်တောင်း ဆိုတယ် အဲ့အပေါ်မှာ အစိုးရအဖွဲ့က လက်မခံတော့ နောက်ဆုံးတော့လည်း အန်ကယ် တို့ ဒီအပစ်ရပ် စဲရေး လက်မှတ်ကို မထိုးတော့ဘူး။ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးလိုလား တာမျိူး မဟုတ် ဘူး ဆိုတော့ လက်မှတ်မထိုးတာ။

မေး။ ။ ရှေ့ဆက်ပြီးတော့ အမျိုးသားအဆင့်နိုုင်ငံရေးဆွေးနွေးပွဲတွေမှာ UNFCအဖွဲ့တွေက ဆွေးနွေးခွင့်မရရင် ဘာဆက်လုပ်မှာလဲ။

ဖြေ။ ။ NCAလက်မှတ်မထိုးရင် ပါဝင်ခွင့်မပေးဘူးဆိုတဲ့ ကိစ္စက လက်အောက် ခံပြဿနာလို့ တွက်တယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုတာ အခြေခံအားဖြင့် သုံးမျိုးရှိတယ်။ ဒေသအလိုက်ရှိတယ်။ လူမျိုးအလိုက်ရှိတယ်။ ဘာသာရပ် အလိုက်ရှိတယ်။ ဥပမာ- ဒေသအလိုက်ဆိုရင် ညှိနှိုင်းဆွေးနွေးတဲ့ ကိစ္စ၊ နောက် သူ့လူမျိုးအလိုက် ဆွေးနွေးတဲ့ကိစ္စ ဆွေးနွေးဖို့ အဲ့လို သဘောထား မျိုးရှိတယ်။ အခုအနေအထားမျိုးမှာ ကိစ္စတစ်ခုကို ဆွေးနွေးတော့မယ်ဆိုရင် တစ်ကယ်လို့ အမျိုးသားအဆင့်မှာ ပါဝင်ခွင့်မရှိဘူးဆိုရင် တစ်ဘက်က အန်ကယ်တို့ အမျိုးသားရေးကို လွတ်မြောက်တဲ့ဘက်မှာ သွားလုပ်မှာပေါ့။ ကိုယ့်လမ်းနဲ့ ကိုယ်လုပ်မှာပေါ့။ လုပ်စရာရှိရင် မထူးဘူး၊ ပါဝင်ခွင့်လည်းမရှိဘူး၊ ဒီကိစ္စသပိတ်မှောက်လိုက်မယ်ဆိုတဲ့ကိစ္စရှိရင်လည်း ရှိမယ်။ ဒါကတော့ မပြောနိုင်ဘူး အဓိကအားဖြင့် framework(နိုင်ငံရေးမူဘောင်)ကို ညှိနှို်င်းတဲ့ကိစ္စမှာ အန်ကယ်တို့ ကိစ္စကတော့ အဖြေပေးရမယ့် ကိစ္စဖြစ်တယ်။ အမှန်ကတော့ အန်ကယ်တို့လည်း ဖြစ်စေချင်တယ်။ဒါပေမဲ့ တရားမျှတမှုရှိတဲ့ Framework မျိုးဖြစ်၊ မဖြစ်ဆိုတာကတော့ အများကြီးထည့်တွက်ရမယ့် ကိစ္စဖြစ်တယ်။

မေး။ ။လာမယ့်ခြောက်လအတွင်းမှာ UNFC အနေနဲ့ NCAထိုးဖို့ ရှိလား။

ဖြေ။ ။ NCAထိုးဖို့မထိုးဖို့ဆိုတဲ့ကိစ္စက အဲဒီ Framework ညှိနှိုင်းတဲ့အပေါ်မှာမူတည်တယ်။ ဒီကြားထဲမှာ Framework ကိုညှိနှိုင်းတယ် တကယ်လို့ Framework ကို ညှိလို့ သဘောကျပြီး လက်ခံနိုင်ပြီးဆိုရင် အချိန်မရွေး ထိုးကို ထိုးမယ်။

မေး။ ။ ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကိုကျင်းပရတဲ့အဓိက အချက်က ယုံကြည်မှု တည်ဆောက်တယ်လို့ ပြောသွားတာရှိတယ်ပေါ့။ အခုပြီးသွားပြီဆိုတော့ ဘယ်လောက်လောက် ယုံကြည်မှုရ လိုက်လဲ။

ဖြေ။ ။ အဓိကအားဖြင့်က ဖဒရယ်ပြည်ထောင်စုကို အနာဂတ် တည်ဆောက်မယ့် ဖယ်ဒရယ်ပြည် ထောင်စုကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ကိစ္စပေါ့နော။ အဓိကက တပ်နဲ့ လက်နက်ကိုင်တိုင်းရင်းသား အင်အားစုရဲ့ အမြင်ကွားခြား မှုပေါ့။ အစိုးရနဲ့လွှတ်တော်တွေက ကြားနေတဲ့စကားလုံးကို သူသုံးတယ်။ အဓိက တပ်မတော်ဘက်ကဆိုရင် သူတို့ ၂၀၀၈ဖွဲ့စည်းပုံကိုပဲ အခြေခံတယ်။ သူတို့ရပ်တည်ချက်။

ဒီပွဲမှာတော့ သူ့အမြင်သူတင် ကိုယ်အမြင်ကိုယ်တင် အားလုံးတင်လိုက်ကြ တာပေါ့နော။ တိုင်းရင်း သားတွေဘက်ကလည်း လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းနဲ့ သူ့အမြင်ကို သူတင်ပြရတယ်။ တပ်မတော် ဘက်ကလည်းသူ့အမြင်ကို ပွင့်ပွင့်လင်းတင်လိုက်ရတာပေါ့။ အခြေအနေ ကတော့ တစ်ခုကောင်းတာက ကျွန်တော်တို့နိုင်ငံမှာ ပြဿနာဘယ်လိုရှိနေလဲ အုပ်စုတစ်ခုနဲ့တစ်ခုကြားမှာ အခြေအနေဘယ်လိုရှိနေတယ် ဆိုတဲ့ ဒီပွဲမှာမြင်လိုက်ရတာပေါ့။ ပြည်သူတွေလည်း သိလိုက်ရတယ်။ အဲ့ဒီအနေအထားမျိူးမှာ တစ်ခု ကောင်းတာက ရောဂါတစ်ခု ကုချင်ရင် ရောဂါ လက္ခဏာရဲ့အချက်အလက်တွေ အားလုံးကို သိလိုက်တာပေါ့။ သိလိုက်ပြီးတော့ ဆက်ကုနိုင်ဖို့က နည်းလမ်းတွေရှာရမှာပေါ့။ အရင်က ဖုံးကွယ်ထားတဲ့ အနေအထား ပြည်သူ တွေမသိဘူး။ အခုကပွင့်ပွင့်လင်းလင်းနဲ့ပြည်သူတွေပါ သိသွားပြီ။

မေး။ ။ NCA လက်မှတ်မထိုးသေးရင် ရှေ့ဆက်ပြီးတော့ ဘာတွေ ဆက်လုပ်မလဲ။

ဖြေ။ ။ လက်မှတ်ထိုး၊မထိုးဆိုတဲ့ကိစ္စက အဓိက သုံးပွင့်ဆိုင်ကျ၊မကျဆိုတဲ့ ကိစ္စမှာ အများကြီး မူတည်တယ်။ နောက်ပြီးတော့ အန်ကယ်တို့အတတ် နိုင်ဆုံးကြိုးစား မယ်ဒီသုံးဖွဲ့ကို တစ်ကယ်လို့နောက်ဆုံး က တော့ သုံးပွင့်ဆိုင်ကို ခဏလောက် ချန်ထား။ ရှေ့တိုးပြီးတော့မှ ရှေ့မှာဖြေရှင်းလို့ ရနိုင်တဲ့အနေအထားမျိုးရှိ တယ်။ ဟိုသုံးဖွဲ့ကိုလည်းသွား မတိုက်ဘူးဆိုရင် ဒါအန်ကယ်တို့ လက်ခံသင့်ရင်လည်း လက်ခံသွားမယ်လေး။ အခြေအနေကိုကြည့်ပြီးတော့ လုပ်သွားရမယ့်ကိစ္စပေါ့။

မေး။ ။ အစိုးရသစ်အပေါ် ဘယ်လိုသဘောထားလဲ။

ဖြေ။ ။ အစိုးရသစ်ရဲ့အနေအထားက အမှန်တော့ သူတို့လည်း တပ်ကို အမိန့်မပေးနို်င်ဘူး။ သူတို့လည်း တပ်ကို မလွှမ်းမိုးနိုင်သေးတော့ အချိန်ယူပြီးတော့ တဖြည်းဖြည်းချင်း လုပ်ဆောင်နေရတဲ့ပုံစံမျိူးလို့ မြင်တယ် ။ အဲ့ဒါကြောင့်ပဲ အခုအစိုးရက ဒီရက်တစ်ရာအတွင်းမှာ ဘာမှထိ ထိရောက် ရောက်မလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့ အပေါ်မှာလည်း ဝေဖန် ခံနေရတယ်။ ဒါကြောင့် တစ်ဘက်က ဒီ၂၁ပင်လုံကို အမြန်လုပ်လိုက် တာလည်း ပါကောင်းပါနိုင်တယ်။အစိုးရဆိုတာကတော့ တစ်ဘက်က သူ့မှာ တကယ့်အရေးကြုံလာရင် သူတို့မှာ ခိုင်မာတဲ့ အာဏာမရှိဘူး။ အာဏာသိမ်း လိုက်မယ်ဆိုရင် လွယ်လွယ်လေးပါပဲ။ အဲ့တော့ အခြေအနေ ကို အချိန် ဆွဲပြီးတော့မှ လုပ်နေရတဲ့အနေအထားဖြစ်နေတယ်။ ဒါကိုလည်း အန်ကယ်တို့နားလည်ပါတယ်။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Related Stories