ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ၊ အင်းလေးဒေသ ၊ လင်လန်တောင်ကျေးရွာအုပ်စုက တောင်ပို့ကွဲ ကျေးရွာ နဲ့ ဟိုပန်နောက်ကျေးရွာ အတွင်းကို စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံးနဲ့ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့ဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ ဖယ်ခုံမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီး ၃ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် နေအိမ် နဲ့ ဘုန်းကြီးကျောင်း ပျက်စီးသွားတာပါ။
စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ၃ လုံးက တောင်ပို့ကွဲကျေးရွာ ဘုန်းကြီးကျောင်းမှာ တစ်လုံး၊ ကျေးရွာအပြင်ဖက်မှာ တစ်လုံး နဲ့ ဟိုပန်နောက်ကျေးရွာအတွင်း တစ်လုံး ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်ကြေညာထားပေမယ့် အရပ်သားရှိရာနေရာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာ၊ စစ်ကြောင်းထိုးတာတွေကို လုပ်ဆောင်နေဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။
ညောင်ရွှေမြို့နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ ကတည်းက စန့်စွဲကျေးရွာဖက်ကို စစ်ကောင်စီက အင်အား ၂၀၀ ကျော် နဲ့ စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။