spot_imgspot_imgspot_imgspot_img
Tuesday, September 17, 2024
spot_imgspot_imgspot_imgspot_img

“တစ်လေးလုံး စစ်ဆင်ရေးရည်မှန်းချက်” နှင့် “လွိုင်ကော်”

စောအယ်ကညော ၊ ပီတာ

၁၁.၁၁.၂၀၂၃ ရက်နေ့ကစလို့ “တစ်လေးလုံးစစ်ဆင်ရေး”ဆိုတဲ့နာမည်နဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေရဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲဟာ ခြောက်လကျော်အကြာမှာ ရည်မှန်းချက်မပေါက်ဘဲ တပ်ပြန်ဆုတ်ခဲ့ရပါတယ်။ ဘယ်လိုအချက်တွေကြောင့် စစ်ဆင်ရေးကျရှုံးခဲ့တယ်ဆိုတာကို ဒီဆောင်းပါးမှာ သုံးသပ်သွားမှာဖြစ်ပါတယ်။

လွိုင်ကော်မြို့ဟာ ကရင်နီပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ၂၃၀ စတုရန်းမိုင်ကျယ်ဝန်းကာ ရပ်ကွက် ၃၀ ကျော်မှာ လူဦးရေ ငါးသောင်းကျော်မှီတင်းနေထိုင်ကြတဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးအချက်အချာကျတဲ့မြို့ ဖြစ်ပါတယ်။

၂၀၂၂ခုနှစ်က ရိုက်ကူးထားတဲ့ လွိုင်ကော်မြို့မြင်ကွင်း

စစ်ဆင်ရေးမစခင်အထိ တပြည်နယ်လုံးရဲ့ လုံခြုံရေးနဲ့ စစ်ဆင်ရေးတွေကို တိုက်ရိုက်တာဝန်ယူကွပ်ကဲရတဲ့ အင်အား ၅၀၀ ခန့်ရှိတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)ဟာ မြို့လယ်မှာတပ်စွဲထားပါတယ်။ ဒီ ဒကစကို ရှမ်းပြည်နယ် တောင်ကြီးမှာ အခြေစိုက်တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ကွပ်ကဲပါတယ်။ မြို့ရဲ့ အပြင် တဝိုက်မှာတော့ ခြေလျင်တပ်ရင်း ခလရ (၂၆၁) ၊ ခလရ (၂၅၀) ၊ ခလရ (၅၄) ၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊ တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ ထောက်ပို့နဲ့ ပို့ဆောင်ရေးတပ်ခွဲ ထပခ (၇၂၂) တို့ရှိပြီး မြို့တွင်း၊ မြို့ပြင်တပ်အင်အား စုစုပေါင်း ၁၅၀၀ ခန့် ရှိပါတယ်။

ဒကစ (လွိုင်ကော်)အောက်က တပ်တချို့ကတော့ ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆို၊ မိုးဗြဲ၊ လောပိတ၊ လွိုင်လင်လေး စတဲ့ဒေသတွေမှာ တပ်ရင်း ၁၁ ရင်းအဖြစ် တပ်စွဲထားပါတယ်။ တနည်းအားဖြင့် ကရင်နီပြည်မှာရှိတဲ့ တပ်စခန်းစုစုပေါင်း ၃ပုံ ၂ပုံလောက်ကို တိုက်ရိုက်အမိန့်ပေးတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

၁၁၁၁ စစ်ဆင်ရေး

တစ်လေးလုံးစစ်ဆင်ရေး မစခင်တရက်မှာ စစ်ကောင်စီတပ်ဟာ အပေ့ါစားတင့်ကားငါးစီးကို လွိုင်ကော်မြို့ထဲ လှည့်ပတ်ပြီးအင်အားပြခဲ့ပါတယ်။ ဒကစ (လွိုင်ကော်) မှာ တင့်ကား ငါးစီးရှိခဲ့ပါတယ်။

လွိုင်ကော်မြို့သာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ရင် ကရင်နီတပြည်နယ်လုံး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ဖို့လွယ်ကူသွားနိုင်သလို၊ ပြန်ပြီးလက်လွတ်လိုက်ရရင်တော့ စစ်ကောင်စီဘက်က တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ အခြားသော မြို့နယ်မှာရှိတဲ့နယ်မြေတွေကို ပြန်ပြီးထိုးစစ်ဆင် တိုက်ခိုက်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၃ ခုနှစ် နံနက် ၅ နာရီမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်တပ်မတော် (KA) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် LPDF တို့ ပါဝင်ပြီး အင်အား ၄၀၀ ခန့်ဟာ လွိုင်ကော်အနောက်ဘက်ခြမ်းကနေ လျှပ်တပြက်ဝင်ရောက်ခဲ့ပါတယ်။

၁လေးလုံးစစ်ဆင်ရေး၊ ၂၀၂၃ခုနှစ် နိုဝင်ဘာလအတွင်း ဒေါဥခူရပ်ကွက်ထဲ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီး အသုံးပြုတိုက်ခိုက်အပြီး မြင်ကွင်း။ ( ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် ) )

စစ်ဆင်ရေးရည်မှန်းချက်မှာတော့ ဒကစ (လွိုင်ကော်)ကို အဓိကထားပြီး ပြည်နယ်ရဲစခန်း၊ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ လွိုင်ကော် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ အကျဉ်းထောင်၊ ဌာနဆိုင်ရာဝန်ထမ်းအိမ်ယာနဲ့ လွှတ်တော်ကိုယ်စားလှယ်အိမ်ယာတို့ဟာ စစ်ရဲ့လမ်းကြောင်းပေါ်မှာ တည်ရှိနေကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးတပ်တွေဝင်လာနိုင်တဲ့ လမ်းကြောင်းကို ခန့်မှန်းပြီး ကြိုတင်စောင့်ဆိုင်းတာ ဖြစ်ပါတယ်။ မြို့အစပ်က ဘာဒိုကျေးရွာမှာ စစ်ကောင်စီတပ်က ကြိုတင်စောင့်ဆိုင်းနေခဲ့ပေမဲ့ တိုက်ပွဲရှုံးနိမ့်လာတဲ့အခါ နောက်ဆုတ်ပြေးရင်း တက္ကသိုလ်ဝန်းထဲ ဝင်ပြေးကြပါတယ်။

မြို့နဲ့ နာရီဝက်ခန့်သွားရတဲ့အကွာအဝေးမှာရှိတဲ့ အင်အား ၅၀ ခန့်တပ်စွဲထားခဲ့တဲ့ စစ်ကောင်စီရဲ့ ဘုရားဖြူဂိတ်ကို နာရီအနည်းငယ်အတွင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လွိုင်ကော်မြို့လယ်ပိုင်းမှာရှိတဲ့ နာနတ်တော၊ နောင်ယားစတဲ့ တော်လှန်ရေးတပ်တွေရဲ့ စစ်ကြောင်းတွေရှေ့ပိုင်းကိုရောက်လာခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်လေယာဉ်နှစ်စီး၊ ရဟတ်ယာဉ်နဲ့ လက်နက်ကြီးတွေပါ အသုံးပြုပြီးခုခံခဲ့ပေမဲ့ ပထမဆုံးနေ့မှာ တပ်စခန်းနှစ်ခုကို အဲဒီနေ့က သိမ်းနိုင်ခဲ့ပြီး K-8 အမျိုးအစားတိုက်လေယာဉ်တစီးကိုလည်း ပစ်ချနိုင်ခဲ့ပါတယ်။

စစ်ဆင်ရေးထဲ လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်ရဲစခန်း နဲ့အကျဉ်းထောင်တို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အကျဉ်းထောင်ကလွဲလို့ ကျန်တဲ့နေရာတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ဆင်ရေးရဲ့ ပထမလေးရက်တာ ကာလဟာ တော်လှန်ရေးတပ်တွေအတွက် အောင်ပွဲအရဆုံးအချိန်လို့ ပြောလို့ရပါတယ်။ စစ်ကောင်စီတပ်ဟာ လေးရက်တာကာလအတွင်း စစ်သည် ၁၁၀ ဦးသေဆုံးပြီး အရှင်ဖမ်းမိတာ ၃၂ ဦးရှိပါတယ်။ အရှင်ဖမ်းမိသူတွေထဲမှာ တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကို ပါပါတယ်။

လွိုင်ကော်တက္ကသိုလ်ဝန်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်ချအညံ့တဲ့ စစ်ကောင်စီသုံ့ပန်း နဲ့ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

ထိုးစစ်ဆင်တိုက်ခိုက်မှု တလကျော်မှာတော့ လွိုင်ကော်မြို့ရဲ့ ၈၀ရာခိုင်နှုန်းနဲ့ ပြည်နယ်ရဲ့ ၉၀ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီလို့ ကရင်နီတပ်ပေါင်းစုတွေက ထုတ်ပြန်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ တိုက်ပွဲကြီးကြီးမားမားမရှိတော့ပဲ နှစ်ဘက် ထိုးစစ်ဆင်တာထက် နယ်မြေထိန်းချုပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၄ ဇွန်လကုန်ပိုင်းမှာတော့ လွိုင်ကော်အနောက်ဘက်ခြမ်းက တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ဘက်ကို စစ်ကောင်စီဘက်ကနေပြန်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ပြန်ပြီး ဆုတ်ခွာခဲ့ပါတယ်။

၁ လေးလုံးစစ်ဆင်ရေး ရှေ့တန်းတစ်နေရာမှာ ဒဏ်ရာရ ရဲဘော်ကို သယ်ထုတ်နေစဉ် ။ ( ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် ) )

ကရင်နီက တော်လှန်ရေးတပ်ဖွဲ့များ

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့အသစ်တွေ ပေါ်ပေါက်လာခဲ့သလို ရှိရင်းစွဲတော်လှန်ရေးတပ်တွေကလည်း အင်အားပိုကောင်းလာခဲ့ပါတယ်။ တစ်လေးလုံးစစ်ဆင်ရေးမှာတော့ တော်လှန်ရေးတပ်တွေဘက်က “ကရင်နီတော်လှန်ရေးတပ်ပေါင်းစု” အနေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော့ အဲဒီအထဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ အင်အား အတောင့်တင်းဆုံး အဖွဲ့ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ထုတ်ပြန်ချက်အရ တပ်သားဦးရေ ၁၁၀၀၀ ဦးရှိပြီး တပ်ရင်းပေါင်း ၂၈ ရင်းနဲ့ ဖွဲ့စည်းထားပါတယ်။

ဒုတိယအင်အားအများဆုံးကတော့ သက်တမ်းရင့် လက်နက်ကိုင်တပ်ဖွဲ့ ကရင်နီပြည်တပ်မတော် Karenni Army(KA) ဖြစ်ပြီး အင်အား ၈၀၀၀ လောက် ရှိပါတယ်။

ကျန် အားကောင်းတဲ့အဖွဲ့တွေမှာ KNPLF ခေါ် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)လည်း ပါဝင်ပါတယ်။ ကလလတဟာ နေပြည်တော်နဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ယူခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့တဲ့ တပ်ဖြစ်ပေမဲ့ ၂၀၂၃ ခုနှစ်အစပိုင်းမှာ စစ်ကောင်စီတပ်ကို ပြန်တိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါ့အပြင် ကရင်နီဒေသခံမဟုတ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ံခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ သီးခြားဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (LPDF) တွေလည်းပါဝင်ပါတယ်။

တော်လှန်ရေးအင်အားစုအားလုံးပေါင်းရင် လက်ရှိအင်အားဟာ ၂၅၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

ရှေ့တန်းတစ်နေရာက ကရင်နီပြည်တပ်မတော် (KA) ရဲဘော်တစ်ဦး။ (ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် ))

လွိုင်ကော်အကျဉ်းထောင်ကို မသိမ်းပိုက်နိုင်

လွိုင်ကော်ထောင်ဟာ ကရင်နီ(ကယား)ပြည်မှာ တခုတည်းသော အကျဉ်းထောင်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၅ဧကလောက်ရှိပြီး ဒေါဥခူရပ်ကွက်မှာ တည်ရှိပါတယ်။

အကျဉ်းထောင်အပြင်ဘက် ပတ်ပတ်လည်မှာရှိတဲ့ ဝန်ထမ်းအိမ်ယာတွေနဲ့ ဘန်ကာတွေဟာ အကျဉ်းထောင်လုံခြုံရေး ပထမစည်းဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ရာဂဏန်းတပ်စွဲ ခုခံထားပါတယ်။

ဒုတိယစည်းကတော့ ပေ ၃၀ လောက်မြင့်ပြီး အောက်ခြေအထူ ၅ပေလောက်ရှိတဲ့ အကျဉ်းထောင်နံရံ အုတ်တံတိုင်းကိုအကာကွယ်ယူထားတဲ့ အတွင်းစည်းဖြစ်ပါတယ်။

တစ်လေးလုံးစစ်ဆင်ရေးထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ ကယ်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကျဉ်းထောင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်ဟာ အကျဉ်းထောင်လုံခြုံရေး ပထမစည်းကျော်လာပြီး ဒုတိယစည်းကို ဖြိုချဖို့လုပ်ခဲ့ပါတယ်။ အစကတော့ အကျဉ်းထောင်တံခါးကနေဖောက်ဝင်ဖို့ကြိုးစားခဲ့ပေမဲ့ အကျဉ်းထောင်ထဲကနေ သေနတ်ပြောင်းထုတ်ပြီး တရစပ်ပစ်ခတ်နေလို့ ထောင်တံခါးနားကပ်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါကြောင့်အကျဉ်းထောင်နံရံကို ဖြိုချဖို့ နည်းလမ်းသာရှိတော့ပေမယ့် ထင်သလောက်လည်း မလွယ်ကူခဲ့ပါဘူး။

“ဖောက်လို့မရဘူးဆိုလည်းမဟုတ်ပြန်ဘူး ဖောက်လို့တော့ရတယ်။ အဲဒီကိစ္စကို ဆောင်ရွက်တဲ့အခါမှာ တော်တော်ကြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမယ့်အခြေအနေရှိတဲ့အတွက် မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ အရမ်းများသွားနိုင်တယ်ပေါ့နော၊ နှစ်ဘက်လုံးရော အကျဉ်းသားတွေရော လူအစုလိုက်အပြုံလိုက် သေဆုံးသွားတဲ့ပုံစံ ဖြစ်သွားနိုင်တယ်။” လို့အကျဉ်းထောင်နဲ့နီးစပ်တဲ့သူတယောက်က ပြောပါတယ်။

“‌မျှော်လင့်ချက်ကတော့ ဂိတ်ဆုံးပဲပေါ့နော။ တော်လှန်ရေးဘက်ကနိုင်ရင် ကျွန်တော်တို့လွတ်သွားနိုင်တယ်။ အသက်သေဆုံးသွားသည့်တိုင်အောင် ကျနော်တို့ အဲဒီအတွက်ဝမ်းနည်းပြီး အပြစ်တင်နေမှာမဟုတ်ဘူး။” အကျဉ်းထောင်နားတိုက်ပွဲဖြစ်နေချိန်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထားဖိုးက သူကြုံခဲ့တဲ့အတွေ့ကြုံကို ပြန်ပြောပြပါတယ်။

အကျဉ်းထောင်သိမ်းတိုက်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ KNDF ရဲ့ စစ်ကြောင်းမှူး တဦးကတော့ လုံခြုံရေး ဒုတိယစည်းကို ဖြိုချဖို့ကြိုးစားခဲ့ကြပြီး အရမ်းလည်း နီးစပ်ခဲ့တယ်လို့ ပြောပါတယ်။

“ထောင်ထဲမှာရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပျော်ကြမှာပေါ့။ သူတို့အော်တဲ့အသံကို ကြားရတယ်။ အဲ့လိုမျိုးအခြေနေတွေ ဖြစ်လာတဲ့အချိန်မှာ ကျနော်တို့ အားအရမ်းရှိတယ်။” လို့ KNDF ရဲ့ စစ်ကြောင်းမှူး တဦးက ပြောပါတယ်။

အဲ့ဒီချိန်မှာပဲ တဖက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေက တရစပ်ပစ်ခတ်ခဲ့တဲ့အတွက် ရှေ့ဆက်တိုးဖို့ခက်ခဲခဲ့ပါတယ်။ တိုက်ရည်ခိုက်ရည်နဲ့အတွေ့ကြုံတွေဘယ်လောက်ရှိပါစေ၊ အဓိကကတော့ လက်နက်ခဲယမ်း လုံလောက်ဖို့ အရေးကြီးတယ်လို့ သူကဆက်ပြောပါတယ်။

“လေယာဉ်လာတိုင်း နောက်ပြန်ဆုတ်တာမဟုတ်ဘူး။ သူတို့ဗုံးကြဲတိုင်းလည်း ကျနော်တို့ကို ထိချင်မှထိတာပါ။ အဲ့ဒါတွေကတော့ ရဲဘော်တွေအတွက်ကတော့ ပြဿနာမဟုတ်ဘူးပေါ့။ နောက်ပိုင်း ဘယ်လိုဖြစ်လာလဲဆိုတော့ အခက်ခဲက ကျည်ဆံပါပဲ။ ကျည်ဆံမလောက်တဲ့ အခက်ခဲ၊ အဲ့တခု ပြီးရင် ၇၉ ဗုံးသီးတွေ RPG တွေမလောက်ဘူး”လို့ သူက ဆက်ပြောပါတယ်။

ကရင်နီတပ်ပေါင်းစုတွေ အကျဉ်းထောင်ကို မသိမ်းနိုင်ခဲ့တာဟာ ခဲယမ်းမီးကျောက် မလုံလောက်မှုက အကြောင်းရင်းတခုဖြစ်ပါတယ်။ လေးကြိမ်ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

ခဲယမ်းလိုအပ်ချက်

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကိုတော့ ရက္ခိုင့်တပ်တော်(AA)၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ညီနောင်မဟာမိတ်သုံးဖွဲ့က လက်နက်ခဲယမ်းတွေနဲ့ စစ်ရေးအကူအညီတွေ ပေးထားတယ်လို့ ၂၀၂၃ ခုနှစ် မေလ ၃၁ရက်နေ့ KNDF တည်ထောင်ခြင်း ၂ နှစ်ပြည့် မိန့်ခွန်းမှာ ဥက္ကဌ ခွန်းဘီထူးက ထည့်သွင်းပြောကြားထားတာကို တွေ့ရပါတယ်။

တဖက်မှာလည်း ကရင်နီဒေသကိုရောက်မယ့် လက်နက်ခဲယမ်းတွေ လမ်းမှာမိသွားတာက အခက်တခု ဖြစ်ပါတယ်။ တစ်လေးလုံးစစ်ဆင်ရေး နှစ်လကျော်လာပြီး ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ မှာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတွေဆီက လက်နက်ခဲယမ်းအများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာရှိပါတယ်။

Canter ယာဉ် နှစ်စီးပေါ်မှာ လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနှင့် ခဲယမ်းတွေ မီးလောင်ပျက်စီးသွားတာဟာ ကရင်နီပြည် လွိုင်ကော် မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပို့ဆောင်မယ့်လက်နက်ခဲယမ်းတွေလို့ စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုထားတာရှိပေမဲ့ ကရင်နီတပ်ပေါင်းစုတွေဘက်ကတော့ ဒါနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောထားတာမျိုး မတွေ့ရပါဘူး။

ကရင်နီတော်လှန်ရေး အင်အားစုတွေဟာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့သာမက မြောက်ပိုင်းသုံးဖွဲ့နဲ့လည်း မဟာမိတ်ဆက်ဆံရေး ထူထောင်ထားပါတယ်။ အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO)၊ ပအိုဝ်းဖက်ဒရယ်ကောင်စီ(PNFC) ၊ ရှမ်းတောင် PDF တွေနဲ့လည်း မဟာမိတ်ဆက်ဆံရေးရှိပြီး ဆီဆိုင်တိုက်ပွဲတွေမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိခဲ့ပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့ တိုက်ပွဲဟာ ၈လကျော်ကြာတဲ့အထိ ကရင်နီတပ်ပေါင်းစုတွေက လွိုင်ကော်မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ထိုးစစ်ပြန်ဆင်လာတဲ့စစ်ကောင်စီတပ်

စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNO/PNAတို့ ပူးပေါင်းပြီး မေလ ဒုတိယအပတ်ကစလို့ ဆီဆိုင်- မိုးဗြဲ- လွိုင်ကော်လမ်းအတိုင်း လွိုင်ကော်ကို အင်အား နှစ်ထောင်လောက်နဲ့ ပြန်ပြီးထိုးစစ်ဆင်ခဲ့ပါတယ်။

ဒီစစ်ကြောင်းတွေကို ကရင်နီတော်လှန်ရေးတပ်တွေက လမ်းတလျောက်ဟန့်တားဖို့ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီဘက်က လူအင်အား၊ လက်နက်အင်အားအပြင် ခေတ်မီဒရုန်းတွေအပါဝင်၊ သာလွန်အင်အားနဲ့ ထိုးစစ်ဆင်လာလို့ ဆုတ်ခွာပေးခဲ့ရတာတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဘက်က ပြောပါတယ်။

ဇွန်လအစောပိုင်းမှာတော့ စစ်ကောင်စီနဲ့ PNO/PNAတပ်တို့ဟာ လွိုင်ကော်မြို့ထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ကရင်နီတပ်ပေါင်းစုတွေတပ်စွဲထားတဲ့ လွိုင်ကော်အနောက်ဘက်ခြမ်းက ရပ်ကွက်တွေကို စစ်ကောင်စီတပ်ဘက်က ပြန်ပြီးထိုးစစ်ဆင် တိုက်ခိုက်တာတွေလုပ်ခဲ့ပြီး၊ နယ်မြေစိုးမိုးမှု ပြန်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကတော့
“ကျည်အခက်အခဲကြောင့် ခဏဆုတ်တဲ့သဘောပါ။ အခုထိလည်း တခြားနေရာတွေမှာ ကျနော်တို့ ရှိနေပါတယ်။ ဒါပေမဲ့ လောလောဆယ်က ကျနော်တို့လည်း အင်အားဖြည့်ဖို့ထက် ကျည်မလောက်လို့ ဆုတ်ပေးလိုက် တဲ့သဘောပါ။” လို့ ဇူလိုင်လ ၆ ရက်နေ့တုန်းက ဧရာဝတီသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဌ လည်းဖြစ် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State -IEC) ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ခွန်းဘီထူး ကတော့ “လွိုင်ကော်မြို့ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျနော်တို့ရဲ့ တပ်တွေကို ဆုတ်လိုက်ပြီးမှ မြို့ရဲ့ အရှေ့ဘက်ခြမ်းကနေ တခါဝင်ပြီးတိုက်တယ်ပေါ့နော။” ဆိုပြီး ဇူလိုင် ၂၇ ရက်နေ့ BBCနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

ဆက်ပြီးတော့ ကရင်နီတော်လှန်ရေးတပ်တွေအနေနဲ့ လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်တဲ့အထိ ရည်ရွယ်ချက်မရှိခဲ့ပဲနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယား ရပ်တန့်သွားအောင်သာ ရည်ရွယ်ပြီး တစ်လေးလုံးစစ်ဆင်ရေးကို တိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။

စစ်ကောင်စီကတော့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး လွိုင်ကော်မြို့ရဲ့ အုပ်ချူပ်ရေးယန္တယား ပြန်လည်ပတ်ဖို့ ကြိုးစားလာတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဆေးရုံပြန်ဖွင့်တာတွေ၊ စာသင်ကျောင်း တချို့ပြန်ဖွင့်တာတွေ၊ ကားလိုင်းတွေပြန်ပြီးပြေးဆွဲတာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ် လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးသွားတဲ့ လောဓမ္မရပ်ကွက်ရှိ အထင်ကရ သီရိမင်္ဂလာဈေးကြီးကိုလည်း ပြန်ပြီးတည်ဆောက်နေတယ်လို့ သိရပါတယ်။

ယာယီသမ္မတနေရာကို ရယူထားတဲ့ မင်းအောင်လှိုင်ကတော့ လွိုင်ကော်အခြေနေနဲ့ ပတ်သက်လို့ KNPP/KNDFကို အပြစ်တင်ပြောဆိုတာတွေလုပ်ခဲ့ပြီးတော့ လွိုင်ကော်ကို ပြန်ပြီးထိန်းချုပ်နိုင်ခဲ့ပြီလို့ ပြောခဲ့ပါတယ်။

“လက်ရှိအချိန်မှာ ဆီဆိုင်နဲ့ လွိုင်ကော်ဒေသတို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကယားပြည်နယ်တခုလုံး ယခုလိုတည်ငြိမ်အေးချမ်းမှုရအောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”လို့ ဒီလ ဩဂုတ်လ ၅ ရက်နေ့မှာ ရုပ်မြင်သံကြားမိန့်ခွန်းကနေ ပြောဆိုလိုက်တာပါ။

လွိုင်ကော်အနောက်ဘက်ခြမ်းက ကရင်နီတပ်ပေါင်းစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လွိုင်ကော်တက္ကသိုလ်နဲ့ အကျဉ်းထောင်အနီးတဝိုက်ကို လက်လွတ်လိုက်ရတယ်ဆိုတဲ့အခြေနေပါ။

မြို့ရဲ့အရှေ့ဘက်ခြမ်း တောင်ကွဲစေတီရဲ့ အနောက်ဘက်တကြောမှာရှိတဲ့ ရပ်ကွက်တွေနဲ့ နည်းပညာတက္ကသိုလ်ဘက်ခြမ်းအပြင် လွိုင်ကော် – ဒီးမော့ဆို ကိုဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးနဲ့ ဆက်စပ်တဲ့ လမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အဲဒီလမ်းတွေကို အသုံးပြုသွားလာတာ မလုပ်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဩဂုတ်လ ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၄ ရက်နေ့မှာတော့ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ နမ့်ဘော်ဝမ်၊ ကြည်သာယာနဲ့ မိုင်းလုံးရပ်ကွက်တွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက မနက် ၅ နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်လို့ ဩဂုတ်လ ၁ ရက်နေ့ကထုတ်ပြန်တဲ့ ကရင်နီလူမှုအသင်းဖွဲ့များကွန်ယက် KCSNရဲ့ နှစ်ပတ်တကြိမ် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆက်ပြီးတော့ စစ်ကောင်စီတပ်တွေဟာ လက်တုံ့ပြန်တဲ့အနေနဲ့ လက်နက်ကြီးတွေပစ်ခတ်တာတွေ နေအိမ်တွေ မီးရှို့ခြင်းတွေကြောင့် အဲဒီရပ်ကွက်တွေက နေအိမ်အလုံး ၆၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ဆက်ပြီးဖော်ပြထားပါတယ်။


၁လေးလုံးစစ်ဆင်ရေး ၉လ မြောက်မှာ တန်ပြန်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က မိုင်းလုံးရပ်ကွက်အတွင်းက နေအိမ်ကို မီးရှို့ဖျက်ဆီးမှု မြင်ကွင်း ။

စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယားတွေ ရပ်တန့်သွားပေမဲ့ တဖက်မှာလည်း လွိုင်ကော်မြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေခံတပ်ရင်းတွေကို မသိမ်းပိုက်နိုင်သေးတဲ့အခြေအနေနဲ့အတူ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲချမှု ၊လက်နက်ကြီးပစ်ခတ်မှု ၊နေအိမ်မီးရှို့မှုတွေကြောင့် လွိုင်ကော်မြို့နယ်ထဲက ပြည်သူတွေရဲ့ နေအိမ်ပျက်စီးမှု ၁၅၄၅ လုံး ရှိခဲ့ပြီး လူပေါင်း ၇၅၀၀ကျော် အိုးအိမ်မဲ့ ဖြစ်နေပါတယ်။

ဒါ့အပြင် ပြည်သူတွေ ထိခိုက်သေဆုံးမှု ၇၀ ယောက်နဲ့ စစ်ဘေးတိမ်းရှောင်မှု ၉၂၃၁၁ ယောက် ရှိခဲ့ပါတယ်။ ဒီအချက်လက်တွေဟာ ကရင်နီလူမှုအသင်းဖွဲ့များကွန်ယက် KCSNရဲ့ နှစ်ပတ်တကြိမ် ထုတ်ပြန်ချက်နဲ့ သီးခြားပြုစုထားတဲ့ အရင်းမြစ်ထဲကဖော်ပြတာ ဖြစ်ပါတယ်။

spot_img
spot_img