တနီးလာလဲ(ကန်ခုနှဆင့်) ကျေးရွာရဲ့ မိုးခေါ်ပွဲ သို့မဟုတ် ဆုံဆွဲပွဲ

စိုးထိုက်အောင်


ကယား(ကရင်နီ) မျိုးနွယ် စုတွေမှာ ဘိုးဘွားစဉ်ဆက် က ယုံကြည်လာခဲ့တဲ့ မိုးခေါ်တဲ့ ဓလေ့ (ဆုံဆွဲပွဲ) ဆိုတာရှိပါတယ်။ မိုးခေါင်တဲ့ နှစ်တွေမှာ ဒီလိုပွဲတွေကို ပြုလုပ်တတ်ကြပါတယ်။
မိုးခေါ်ပွဲ (ဆုံဆွဲပွဲ) မှာ ဆုံကို ကျိုးနဲ့ ချည်ပြီး အမျိုးသားတဖက်၊ အမျိုးသမီးတဖက် အားပြိုင်ဆွဲကြရပါတယ်။

ဆုံဆွဲတဲ့ အချိန်မှာ အမျိုးသမီးတွေ အနိုင်ရသွားရင်တော့ မိုးရွာမယ်လို့ ယုံကြည်ထားကြပါတယ်။
အမျိုးသားတွေက နိုင်သွားရင်တော့ ဒီနှစ်မှာ မိုးခေါင်မယ်လို့ ယုံကြည်ကြတာပါ။
ဒီနှစ်တော့ ကယား(ကရင်နီ) ပြည်နယ်မှာ မိုးရွာသွန်းမှု နည်းပါးတာကြောင့် ဒီးမော့ဆိုမြို့နယ် တနီးလားလဲ (ကန်ခုနှစ်ဆင့်) ကျေးရွာက ဒေသခံတွေ မိုးခေါ်ပွဲ(ဆုံဆွဲပွဲ) လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

ဆုံဆွဲပွဲမှာ သုံးမယ့် ဆုံကို မဆွဲခင်မှာ ပထမဆုံး နတ်တင်ရပါတယ်။ စပါး၊ပြောင်းကောက်၊ပြောင်းဖူး စတာတွေကို ဆုံရှေ့မှာ ထားထားပြီး ရှေ့မီနောက်မီ သက်ကြီးပိုင်း လူတွေက နေတဆင့် နတ်ဟောပြီးမှ ဆုံဆွဲကြပါတယ်။
“ စပါးတွေ၊ ပြောင်းတွေ၊ ပြောင်းကောက်တို့ကစ သူတို့ယူလာပြီးတော့ အဲ့မှာလာထားပြီးတော့

အမှန်ဆိုပြောမယ်ဆို နတ်ကိုတင်တာပေါ့နော် အဲ့ဒါက နတ်တင်ပြီးတော့ သူဟောပေးတာပေါ့နော် ရေထည့်တယ် အဲ့မှာဆုန်ထဲမှာရေထည့်ပြီးတော့ ဒါလေးကို သူမိုးခေါ်ပေးတာ။ သူဘယ်လို ဟောလည်းဆိုတာ ဒါလေးကို သူကြွေးပြီးပြီ ဆိုတာနဲ့အမျိုးသမီးနဲ့အမျိုးသားက သူလွန်ဆွဲခိုင်းတာ သူကပြန်ဟောပေးတယ် ဟောတဲ့အချိန်မှာ သူအမျိုးသမီးဘက်နိုင်လို့ရှိရင် ဒါမိုးကောင်းတယ်လို့ပြောရမာပေါ့နော်။ အမျိုးသားနိုင်ရင်တော့မိုးခေါင်တယ်။” လို့ ဦးတီရယ်ကပြောပါတယ်။

ဆုံဆွဲပွဲဆိုတာ လွန်ဆွဲပွဲတွေနဲ့မခြားနားပဲ အလယ်မှာ စပါးထောင်းတဲ့ဆုံ တစ်လုံးထဲကို ရေတွေအပြည့်ထည့်ရပါတယ်။ ရေအပြည့်ထည့်တာက ဆုံဆွဲတဲ့အခါမှာ ဆုံကလှဲပြီး ရေတွေဖိတ်စင်ကျလာတဲ့အခါမှာ မိုးရွာပြီ၊ မိုးကျပြီဟုယုံကြည်ကြလို့ရေထည့်ပြီးဆွဲတာဖြစ်ပါတယ်။

ဆုံဆွဲခြင်းကို ၃ကြိမ်ဆွဲရတာဖြစ်ပြီး ပထမ တစ်ကြိမ်နှင့် ဒုတိယတစ်ကြိမ်ဆွဲလို့နိုင်မယ်ဆိုရင် အနိုင်ရတယ်လို့မသတ်မှတ်သေးပဲ ၃ကြိမ်မှာ နိုင်မယ်ဆိုရင်တော့ အနိုင်အဖြစ်သတ်မှတ်တာပဲ ဖြစ်ပါတယ်။ အမျိုးသားနိုင်မယ်ဆိုရင် မိုးခေါင်မှာစိုးတဲ့အတွက်ကြောင့် အမျိုးသမီးကိုပဲအနိုင်ပေးကြတာကို ဆုံဆွဲပွဲတိုင်းတော်တော်များများမှာ တွေ့မြင်နိုင်ပါတယ်။

အမျိုးသမီးနှင့် အမျိုးသားက အားမညီမျှတာကြောင့် ဆုံဆွဲတဲ့အခါမှာ လူကိုမျှပြီးတော့ ထည့်လေ့ရှိပါတယ်။

ဆုံဆွဲပွဲမှာ နတ်တင်တဲ့ အဘိုးအဘွားကလူကိုညှိ ပေးရတာဖြစ်ပြီး ဥပမာ- အမျိုးသားက ၇ယောက်ဆို အမျိုးသမီး ၁၀ယောက်ဆွဲကြတာဖြစ်ပါတယ်။

အားခြင်းအညီအမျှဖြစ်တဲ့အထိ လူကိုမျှပြီးဆွဲကြတာဖြစ်ပါတယ်။ ဆုံဆွဲခြင်းက အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် အသက်အရွယ်အရ ပိုင်းခြားထားခြင်းမရှိပါဘူး။
အမျိုးသားနှင့်အမျိုးသမီးတို့ဆုံဆွဲကြတဲ့ အခါမှာ ကျေးရွာအလယ်လမ်းမှာ ဆွဲကြတာဖြစ်ပါတယ်။ ရွာလယ်လမ်းမပေါ်မှာ ဆုံဆွဲနေကြတဲ့အချိန်မှာ တစ်ရွာလုံးမှာ ရှိတဲ့ ကလေး၊ လူကြီးနဲ့အဘိုးအဘွားတွေက ဝိုင်းပြီးတော့ အမျိုးသမီးနိုင်ဖို့အတွက် အမျိုးသမီးဘက်ကနေ အားပေးနေကြပါတယ်။

ဆုံဆွဲပွဲမှာ သုံးရမယ့်ဆုံကို ဒီတိုင်း တွေ့ရာ၊ ရှိရာ ဆုံကို ယူလေ့ရှိတာမဟုတ်ဘဲ၊ကျေးရွာထဲက နတ်ဆရာမ မျိုးနွယ်စုထဲက အငယ်ဆုံးမျိုးဆက်ကနေ ရွေးချယ်ပေးရတာဖြစ်ပါတယ်။
ဆုံဆွဲဖို့အတွက်ဟောတဲ့အချိန်မှာ မျိုးနွယ်အဆက်ဆက်က ဆက်ခံခဲ့တဲ့ ကျောက်ပုတီးစေ့ကြိုးကို နတ်ဆရာမက ကိုင်ပြီးတော့ ဆွဲမည့်ဆုန်ကို အီလူးဖက်လား ၊ ကေ့ဖက် ယူရမှာလားဆိုတာကို မေးတဲ့အခါမှာ ယူရမည့်ဘက်ကို ကျောက်ပုတီးစေ့ကြိုးက လှုပ်ပေးတယ် ၊ မအောင်မြင်ဘူးဆိုရင်တော့ မလှုပ်ဘူးဟု ဒေါ်ပါးမြာက ပြောပါတယ်။

“ မအောင်မြင်ရင် မလုပ်ဘူး။ ဒီအတိုင်း ငြိမ်ငြိမ်လေးကိုင်ထားရင် သူ့ဘာသာသူ လုပ်တယ်။ ကိုင်ထားပြီးတော့ ဘာမှမလုပ်ရင်တော့ ဘာမှမအောင်မြင်ဘူးပေါ့။ ငြိမ်ငြိမ်လေးဘဲနေတယ်။” လို့ နတ်ဟောပေးတဲ့ ဒေါ်ပါးမြာက ပြောပါတယ်။

“ ညချိန် ဟောပြီးတော့ ကျမ သိပ်မယုံသေးဘူး။ မယုံတော့ မနက်ပြန်ထပ်ဟောတယ် ။ ရေကြီး မိုးမရွာပေးဘူး။ မိုးမရွာတော့ နေပူပြီး ကျမတို့ စပါးပင်တွေ သေကုန်ပြီ ကျမဟောကြည့်ကြည့်မယ်ဆိုပြီး ဆုံကိုဆွဲလာရမယ် ဘယ်ဆုံကိုဆွဲရမလဲ အီလူးဖက်လား ၊ ကေ့ဖက်လား မေးကြည့်တော့ အီလူးဖက် မုဆိုးမ အီလူးဖက်ကိုယူရမယ် အဲလိုပြောတယ်။ ဒီလိုဟောရတော့ ကျမယောကျာ်းကိုပြန်ပြောပြလိုက်တယ်။” လို့ဘယ်လိုဆုန်ကိုယူရမလဲဆိုတာ ဟောပေးရသူ ဒေါ်ပါးမြာက ဆက်ပြောပြပါတယ်။

တနီးလာလဲ ကျေးရွာက စပါးစိုက်တောင်သူတွေရဲ့ စပါးပင်တွေက မိုးမရွာတဲ့အတွက်ကြောင့်မို့ အချို့အပင်တွေ သေတာတွေ၊ အပင်ခြောက်သွားတာတွေဖြစ်နေတဲ့အတွက်ကြောင့် မို့အခုလို ရိုးရာဓလေ့အရာ ဆုံဆွဲပွဲကို လုပ်ပေမယ့် ရိုးရာကိုယုံကြည်တဲ့အတွက်ကြောင့်လုပ်တာဖြစ်တယ်လို့ ဦးပါးရယ်က ပြောပါတယ်။

“ တကယ်တမ်းမိုးရွာတယ်၊ မရွာဘူးဆိုတာ ကျတော်တို့လည်း ပြောမရဘူး။ ရိုးရာဆိုတာက ဘိုးဘွားဘီဘင်က လုပ်လာလို့ယုံကြည်လာလို့လုပ်လာတာ။ မိုးတကယ်ရွာလည်းရွာတယ်၊ နောက် မရွာရင်လည်းမရွာဘူးပေါ့ ပြောမရဘူးပေါ့။ ဒါပေမဲ့ ရိုးရာရှိလို့ လုပ်လာတာ ယုံကြည်လို့လုပ်တယ် ဆိုရမှာပေါ့။” လို့ ဦးပါးရယ်ကပြောပါတယ်။

မိုးခေါင်တဲ့အချိန်မှာ မိုးခေါ်တဲ့ ကယားလူမျိုးတို့ရဲ့ရိုးရာဓလေ့တွေက အချို့နေရာဒေသတွေမှာဆိုရင် ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။ ရိုးရာကို မပပျောက်စေချင်ဘူး၊ ရိုးရာပျောက်ရင် လူမျိုးပါပျောက်တဲ့ဆိုတဲ့ ကယားလူမျိုးတို့၏ အဆိုအရ ရိုးရာကိုလည်းမပပျောက်အောင် ဒီလိုရိုးရာဓလေ့လေးတွေကို ဖော်ထုတ်ရခြင်းဖြစ်ပါတယ်လို့ ဦးတီရယ်က ပြောပါတယ်။

“ ကျတော်တို့ကစ ကျတော်တို့မျိုးဆက်သစ်လူငယ်တောင်မှ ဒါတွေဘာကြောင့်လုပ်ရလည်းဆို ဒါတွေ ကျတော်တို့ရိုးရာကို မပျောက်ပျက်စေချင်ဘူး။ ဒီရိုးရာလေးကို ပျောက်လို့ရှိရင်လူမျိုးပါပျောက်တယ်ဆိုတဲ့ စကားလုံးရှိတယ် အဲ့စကားပုံလေးရှိတဲ့ အတွက် လူငယ်လေးကိုလည်း သူတို့ကိုလည်းမြင်စေချင်တယ်။ ဘာကြောင့်လုပ်လဲ၊ ဘယ်လိုလုပ်လဲ အဲ့ထဲမှာ ဘယ်လို ဘာလာချသွားလဲ၊ ဘယ်လိုဟောလဲဆို အခုမျိုးဆက်သစ်လူငယ်တောင်မှ ကျတော်တို့အဲ့မှာ လာတွေ့စေချင်၊ မြင်စေချင်တယ်။ နောက်ကျရင်ဒါတွေမပျောက်ပျက်အောင်ပေါ့နော်။ မပပျောက်အောင်ကျတော်တို့ ဒါလေးကိုဖော်ထုတ်ရခြင်းဖြစ်တယ်။”

တနီးလာလဲကျေးရွာရဲ့ ဆုံဆွဲပွဲဓလေ့မှာ အမျိုးသမီးတွေ အနိုင်ရသွားခဲ့ပြီးဆုံကိုဆွဲပြီးရွာ၏ တောင်ဘက်မှာရှိတဲ့ ရေကန်ထဲကို သွားပြီးဆုန်ကိုရေထဲပစ်ချရပါတယ်။
ဆုန်ကိုရေကန်ထဲကိုပစ်ချဖို့အတွက်ဆွဲလာတဲ့အခါမှာ လမ်းမှာ နားလို့မရဘူး၊ ဖြေးဖြေးလေးတော့သွားလို့ရတယ်။

ဒါပေမဲ့ကျေးရွာက အမျိုးသမီးတွေက ဆုန်ကိုဆွဲပြေးပြီး ရေကန်ထဲကို မြူးမြူးကြွကြွနဲ့သွားတဲ့အခါမှာ မိုးကောင်းမယ်ဆို့နတ်တင်ပေးတဲ့ သက်ကြီးပိုင်းလူတဦးကပြောပါတယ်။
ကန်အထဲကို ဆုန်ကိုပစ်ပြီးတဲ့နောက်မှာ ဆုံဆွဲလာတဲ့အမျိုးသမီးတွေ၊ အမျိုးသားတွေနဲ့ဆုံဆွဲပွဲကိုလာကြည့်တဲ့ ကလေးတွေ၊ အဘိုးအဘွားတွေက မိုးရွာတော့မှာဖြစ်တဲ့အတွက် အလွန်ပျော်ရွှင်မှုကိုပြသတဲ့အနေနဲ့ ကန်နဘေးမှာ ရ်ှိတဲ့ ရေတွေ၊ ရွှံ့တွေနဲ့အချင်းချင်းပတ်ပြီးတော့ ပျော်ရွှင်နေကြတာကို ဆုံဆွဲပွဲအပြီးမှာ တွေ့မြင်နိုင်ပါတယ်။

အမျိုးသားတွေက အမျိုးသမီးတွေကို ဆုံဆွဲပွဲမှာ အနိုင်ပေးလိုက်ရတာဖြစ်တဲ့ အတွက် အမျိုးသားတွေက မကျေနပ်တဲ့အတွက်ကြောင့် ဆုံဆွဲပွဲပြီးသွားတဲ့ အခါမှာ အမျိုးသားနဲ့အမျိုးသမီးတို့ ဘောလုံးကန်ကြပါသေးတယ်။

ဒီအစဉ်အလာ ကလည်း ဒီရွာမှာ ပြုလုပ်လာခဲ့တာ ကြာပြီလို့ တနီးလာလဲ ကျေးရွာမှာ နေထိုင်တဲ့ ဘိုးဘွားအချို့က ပြောပါတယ်။ ဘောလုံးကန်တဲ့အခါမှာတော့ အမျိုးသားတွေက အရှုံးပေးနေစရာမလို တော့ပဲ ကန်တဲ့လူတွေကတော့ မိုးခေါ်ပွဲမှာဆုံဆွဲကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ပဲ ဘောလုံးကန်ရတာဖြစ်ပါတယ်။

Comments

comments

Next Post

“ဒီပုံအတိုင်း ဆက်သွားလို့ကတော့ ပြည်ထောင်စု ညီလာခံ အခါတစ်ရာခေါ်လည်း ကျနော်တို့ တိုင်းပြည်က ပြည်ထောင်စုအဆင့်ကို ဖြစ်လာမှာ မဟုတ်ဘူး။ ”

Mon Aug 10 , 2020
“ဒီပုံအတိုင်း ဆက်သွားလို့ကတော့ ပြည်ထောင်စု ညီလာခံ အခါတစ်ရာခေါ်လည်း ကျနော်တို့ တိုင်းပြည်က ပြည်ထောင်စုအဆင့်ကို ဖြစ်လာမှာ မဟုတ်ဘူး။ ” လို့ ပြောတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အထွေထွေ အတွင်းရေးမှှူး ဦးရွှေမျိုးသန့်နှင့် မေးမြန်းခြင်းမော်ဦးမြာ မေး ။ ။ စတုတ္တအကြိမ် ၂၁ ပင်လုံ ညီလာခံကို လာမဲ့ သြဂုတ်လ ၁၂-၁၃-၁၄ မှာ ကျင်းပမယ်လို့ သိရတယ်ရှင့်။ ဆိုတော့ ဒီညီလာခံကို ဆရာတို့ KNPP အနေနဲ့ တက်ရောက်ဖို့ အစီအစဉ်ရှိသလား၊ မရှိဘူးလား၊ ဘယ်လို စီစဉ်ထားလဲ သိချင်ပါတယ်ရှင့်။ ဖြေ ။ ။ ကျနော်တို့ အစီအစဉ်မှာတော့ တရားဝင်ဖိတ်စာ […]