spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

တန်ဖိုးမဖြတ်နိုင်တဲ့ ပြည်သူပေးတဲ့ ထမင်းထုပ်

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

“တိုက်ပွဲတွေက တနေကုန်လုံး ဖြစ်နေတဲ့အချိန်မှာ ထမင်းကအရမ်းဆာနေတော့ သေနတ်လည်း မသယ်နိုင်၊ ရေလည်း ငတ်နေတဲ့အချိန်မှာ ပြည်သူကိုယ်တိုင် ထမင်းထုပ် လာပို့ပေးတာပေါ့။ ထမင်းထုပ်ထဲမှာ စာလေးတစောင်ပါလာခဲ့တယ်။ ရဲဘော်တို့ အာတင်းထားပေါ့။ ရဲဘော်တို့ရဲ့အနောက်မှာ ငါတို့ပြည်သူတွေရှိတယ်။” လို့ ရှေ့တန်းစစ်မြေပြင်ရောက်ခဲ့စဉ် ထမင်းထုပ်နဲ့အတူ ပြည်သူတွေပို့လိုက်တဲ့ အားပေးစကားပါ စာတစောင်အကြောင်းကို ရဲဘော် ကိုအောင်က ပြန်ပြောပြပေးနေတာပါ။

ရှေ့တန်းစစ်မြေပြင်မှာ ရန်သူနဲ့ ရင်ဆိုင်တိုက်ခိုက်ရင်း အားအင်တွေကုန်ခမ်းလုနီး၊ ခြေကုန်လက်ပန်းကျနေချိန်မှာ ပြည်သူတွေ ပို့ပေးတဲ့ ထမင်း၊ ပြည်သူ့ထံက အားပေးစကားက ကိုအောင်တို့လိုရဲဘော်တွေအဖို့ ခွန်အားအပြည့်နဲ့ တဖန်ပြန်လည်လန်းဆန်းတက်ကြွစေတာပါ။

“ထမင်းထုပ်ထဲမှာတော့ ဟင်းကတေ့ာ အမဲသားနဲ့ ငရုတ်သီးစိမ်းထည့်ပေးလာတယ်။ အရမ်းလည်း ဗိုက်ဆာတဲ့အချိန်နဲ့ ပင်ပန်းတာနဲ့ မျက်ရည်တွေဝဲပြီး စားခဲ့ရတယ်။” လို့ ကိုအောင် ကပြောပါတယ်။
ဒီလို အာဏာသိမ်းပြီးနောက်ပိုင်း အရာရာခက်ခဲနေတဲ့ ကာလမှာ ကရင်နီကပြည်သူတွေဟာ စားနပ်ရိက္ခာ အခက်အခဲတွေအမျိုးမျိုးနဲ့ရင်ဆိုင်နေကြရပေမဲ့ စစ်ကောင်စီကို အမြစ်ပြတ်တော်လှန်နိုင်ဖို့အတွက် တိုက်ပွဲထွက်တဲ့ရဲဘော်တွေကို အကောင်းဆုံး အထောက်အမ ပြုလုပ်နေကြတယ်ဆိုတာ ကိုအောင်ပြောပြတဲ့ ဒီထမင်းထုပ်က သက်သေပါ။

တခါတလေမှာ ကိုယ့်အတွက်အပန်းမကြီးဘူးလို့ ထင်ထားတဲ့အရာတချို့က တခြားသူတွေအတွက်တော့ အကြီးမားဆုံးခွန်အား သို့မဟုတ် အားတက်စရာတခု ဖြစ်နေတတ်ပါတယ်။

ပေးပို့လာတဲ့ ထမင်းထုတ်တွေကို စားနေတဲ့ တော်လှန်ရေး ရဲဘော်များ။

ယခင် စစ်တပ်အာဏာမသိမ်းခင်မှာတော့ ဟင်းတွေစုံစုံလင်လင်နဲ့ မြိန်ရည်ယှက်ရည်စားခဲ့ရတဲ့ မိသားစု ထမင်းဝိုင်းလေဟာ ဘာနဲ့မှ တုနိူင်းစရာ မရှိလောက်အောင်ပါပဲ။ သိပ်ကို ရိုးရှင်းပြီး အဓိပ္ပါယ် ရှိလွန်းလှပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ကိုအောင်တို့လို လူငယ်တွေ အများစုဟာ မိသားစု ထမင်းဝိုင်းလေးနဲ့ ဝေးကွာနေခဲ့ကြတာ လေးနှစ်တာကာလကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။

ကျရာ အခန်းကဏ္ဍမှာ ကိုယ်ကျွမ်းကျင်ရာကိုလုပ်ကိုင်နေကြရင်း ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး လွတ်လပ်ဖို့အတွက် တာဝန်တွေကိုကိုယ်စီ ထမ်းရွက်နေကြရပါတယ်။ ကိုအောင်တို့လို မိသားစုနဲ့ ဝေးတဲ့ ရှေ့တန်း ရဲဘော်တွေအတွက် ပြည်သူတွေ ထောက်ပို့ပေးတဲ့ ထမင်းထုပ်လေးဟာ သူတို့အတွက်တော့ တန်ဖိုးအရှိဆုံး ထမင်းဝိုင်းလေး ပါ။

လက်ရှိအချိန်မှာတော့ ကိုအောင်တယောက်ဟာ ရှေ့တန်းတနေရာမှာ ရန်သူရဲ့ (၁၄) မိုင်းကို နင်းမိခဲ့တာကြောင့် ရှေ့တန်းမှာ ပြည်သူဆီက ရတဲ့ တန်ဖိုးရှိလှတဲ့ ထမင်းထုပ်လေးကို လွမ်းဆွေး နေရပါတော့တယ်။

တိုက်ပွဲတိုက်နေတဲ့ ရဲဘော်တွေအဖို့ အလိုအပ်ဆုံးက ခဲယမ်း တွေပါ။ ဒုတိယကတော့ အားအင်တွေပြန်လည်ဖြည့်တင်းဖို့ ရေနဲ့ ထမင်းထုပ်ပဲလို့ ရှေ့တန်းရောက် ရဲဘော် ခူးဦးရယ်က ပြောပါတယ်။
“တရက်မှာ အနည်းဆုံးတော့ တနပ်နှစ်နပ်စားရမှ တိုက်ပွဲဝင်လို့ရနိုင်မှာ။ ဘာလို့လည်းဆိုတော့ ပစ်လိုက်တဲ့ ခဲယမ်းအနံ့ကြောင့် ရေငတ် ဗိုက်ဆာပြီး အတော်ပင်ပန်းလို့ပါ”လို့ ခူးဦးရယ် ကပြောပါတယ်။

အပြန်အလှန် ပစ်ခတ်နေကြတဲ့ ကျည်ဆံတွေကြားက ရှေ့တန်းရဲဘော်တွေဆီကို ထမင်းထုပ်တွေ၊ ရေဗူးတွေပို့ပေးနိုင်ဖို့ကလည်းမလွယ်ကူလှပါဘူး။
ရန်သူဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ အကြားက ထမင်းထုပ်နဲ့ ရေဗူးတွေကို ရှေ့တန်းက ရဲဘော်တွေဆီ အရောက်ပေးပို့ ကြရတာပါ။ အခန့်မသင့်ရင် မြေမြုပ်မိုင်းတွေနင်းမိတာအပြင် လေကြောင်း ဗုံးကြဲနေချိန်နဲ့ လည်း ကြုံတွေ့ရနိုင်ပါသေးတယ်။

၂၀၂၃ ခုနှစ် မေလ ပိုင်းမှာတုန်းက ရှေ့တန်းတနေရာမှာ ရှိနေတဲ့ ခူးဦးရယ်တို့ဆီကို လာပို့တဲ့ ထမင်းထုပ်အဖွဲ့ ဟာ ရန်သူရဲ့ မိုင်းကို နင်းမိသွားခဲ့ရတဲ့အဖြစ်နဲ့ ကြုံတွေ့ ခဲ့ရသေးတယ်လို့ ပြောပါတယ်။

ရှမ်းတောင်ဒေသ တိုက်ပွဲမှာ ပါဝင်ဆင်နွဲခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေ ကိုယ်လက်သန့်စင်နေကြစဉ်။

“လားလီခူ တိုက်ပွဲမှာတုန်းက ထမင်းထုပ်လာပို့တဲ့အဖွဲ့ လာတဲ့လမ်းမှာ မိုင်းနင်းမိသွားလို့ ကျနော်တို့ ထမင်းငတ်ခဲ့ရတယ်” လို့ ခူးဦးရယ်ကပြောပါတယ်။

သူတို့ဆီကို ထမင်းထုပ် ရောက်မလာနိုင်တော့လို့ ထမင်းငတ်ခဲ့ရတဲ့အပြင် အဲဒီရက်မှာပဲ ခူးဦးရယ်ဟာ ရန်သူနဲ့ အပြန်အလှန် ပစ်ခတ်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဘယ်လိုပဲခက်ခဲနေပါစေ၊ စစ်အာဏာရှင် အမြစ်ပြတ်ပြီး တိုင်းပြည်အေးချမ်းတဲ့အထိ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေဆီကို ပြည်သူတွေကတော့ ရေနဲ့ ထမင်းထုပ်တွေ ပေးပို့နေဦးမယ်၊ ပေးပို့ကြဦးမှာပါပဲ။

“ဆက်လက်ပြီးတော့ အားတင်းထားကြပါ။ တပ်ဗိုလ်၊ တပ်မှူးတွေရဲ့ အမိန့်တွေကိုလည်း နာခံကြပါ။ ကျနော်တို့ပြည်သူတွေ အနေနဲ့ကလည်း အရေးတော်ပုံ အောင်မြင်တဲ့အထိ ဆက်လက် ပါဝင်သွားမှာ ဖြစ်တယ်။“ လို့ ရဲဘော်တွေအတွက် အမြဲလိုလို ထမင်းထုပ် ပို့ပေးလေ့ရှိတဲ့ ပြည်သူတဦးက အခုလိုပဲ ပြောဆိုသွားပါတယ်။

ကိုယ်တိုင်ချက်ပြုပ် စားသောက်နေကြတဲ့ တော်လှန်ရေးရဲဘော်များ။
spot_img
spot_img

Recent posts