ကန္တာရဝတီတိုင်း( မ် )
ကရင်နီပြည် နယ်စပ်တစ်နေရာကို ရိက္ခာပို့ဆောင်ဖို့သွားနေတဲ့ စစ်ကောင်စီတပ်ကို ဒီကနေ့ ( ဖေဖော်ဝါရီလ ၁၉ ) မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ခွဲမှူး ၁ဦးအပါအဝင် စုစုပေါင်းတပ်သား ၅ ဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိထားတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ( KMIC ) က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတဲ့ လက်နက်တွေမှာ စစ်ကောင်စီတပ်ရဲ့ MA လက်နက်မျိုးစုံ(၁၀)လက်နဲ့ ကျည်ဆံ၊ ခဲယမ်းတွေဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ ၆ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ KA ၊ KNDF တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အင်အား ( ၃၀ ) ခန့်နဲ့ နယ်စပ် BP-12 ဘက်ကို ရိက္ခာ၊ လက်နက်ခဲယမ်းတွေ ပို့ဆောင်ဖို့သွားနေတဲ့ စစ်ကောင်စီ ခလရ ( ၅၄ ) တပ်ကို ဟွေ့မာကော်နဲ့ ဟွေခွန်းမောင်းဆိုတဲ့ ကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာလည်း ရှမ်းပြည်တောင်ပိုင်း Southern Shan State ( SSS ) စခန်းကို ဖြတ်ပြီး ရိက္ခာပို့ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ကိုလည်း ဖြတ်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦး သေဆုံးသလို ထိခိုက်ဒဏ်ရာ တချို့ရခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း နယ်စပ်က စစ်ကောင်စီစခန်းတွေကို လက်နက်ပို့ဆောင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ကို ရှမ်းပြည်နယ်တောင်ပိုင်း ဟွေဟမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ၅ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် အင်အား ( ၂၀၀ ) ဝန်းကျင်ဟာ ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေးယူထားပြီး ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ Southern Shan State ( SSS ) ရဲ့ နယ်မြေကို အသုံးပြုပြီး နယ်စပ်စခန်းတွေကို ပွင့်လင်းရာသီတွေမှာ ရိက္ခာပို့ဖို့ကြိုးစားနေတယ်လို့ ကရင်နီတပ်မတော် ( KA )က ပြောဆိုပါတယ်။