spot_img

တပ်ပြေးတစ်ဦးကို KNDF ဖမ်းဆီးမိပြီး KSP ထံလွှဲပြောင်းထား

Must read

spot_img

ကန္တာရဝတီတိုင်း(မ်)

ဧပြီလ ၆ရက်နေ့ ညပိုင်းမှာ တပ်ကနေ ထွက်ပြေးလာခဲ့တဲ့ လွိုင်ကော်မြို့ ၃၆၂အမြောက်တပ်ရင်းမှ တပ်သားတစ်ဦးကို တွေ့ရှိတဲ့ ဒေသခံတွေက KNDF B-10 ကိုအကြောင်းကြားတာကြောင့် သွားရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ကရင်နီပြည်ရဲဌာန (KSP) ထံလွှဲပြောင်းလိုက်ပြီလို့ သိရပါတယ်။

“သူကတပ်ပြေးပေါ့။ သူထွက်လာတော့ ပြည်သူတွေကတွေ့ပြီး ကျနော်တို့ကိုအကြောင်းကြားတော့ သွားဖမ်းတာ၊ သွားခေါ်တာ။ အရှေ့ဖက်ခြမ်းမှာပဲတွေ့တာ သွားခေါ်ပြီးမှ KSP ကိုအပ်လိုက်တာဗျ။ သူပြောတာတော့ သူတပ်ထဲမှာနေတာ သူ့ဗိုလ်တွေက နှိပ်စက်တယ်ပြောတယ်။ ပိုက်လုံးကြီးတွေနဲ့ရိုက်တယ်လို့ပြောတယ် အဲ့ကြောင့် မခံနိုင်တော့ဘူး ထွက်လာတာလို့ပြောတယ်။” လို့ KNDF B-10 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုယ်ပိုင်နံပါတ် (၅၃၀၀၈၂)၊ အသက်၂၅နှစ်အရွယ်ရှိသူ တပ်သား ကိုအောင်ဆန်းလင်းမှာ ဧရာဝတီတိုင်း ညောင်တုံးမြို့နယ် ဇာတိဖြစ်ပြီး ၃၆၂အမြောက်တပ်ရင်းမှာ တာဝန်ထမ်းဆောင်တာ ၆နှစ်ရှိပြီဖြစ်ကြောင်း သူ့ရဲ့ ပြောကြားချက်အရသိရပါတယ်။ တပ်ထဲမှာတာဝန်ထမ်းဆောင်တဲ့အချိန် တပ်ကြပ်ကြီး ဦးမောင်မိုးလက်အောက်မှာနေရပြီး လစာ ၉သောင်းခွဲရရှိတယ်လို့ ဆိုပါတယ်။

“ထမင်းက မနက်နဲ့ညနေပဲကျွေးတယ်။ တပ်ထဲမှာနေတုန်းက သွားလာရတာမရှိဘူး။ လက်နက်မကိုင်ရဘူး။ ဆရာကြီးဘေးမှာပဲနေရတယ်။ သန်းရှင်းရေးလုပ် ရေလောင်းရတယ်။ တပ်ထဲမှာရိုက်နှက်ခံရတာရှိတယ်။ အပြင်နဲ့ အဆက်သွယ်မရှိဘူး။ မိသားစုနဲ့လည်းအဆက်သွယ်မရဘူး။ ပညာအရည်အချင်း ၄တန်းအောင် ဘာသင်တန်းမှမတက်ရဘူး။ ညီအကိုမောင်နှမ၊မရှိ။” လို့ ကန္တာရဝတီတိုင်း(မ်) ရရှိထားတဲ့ အဆိုပါတပ်သားရဲ့ ပြောဆိုမှု မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ထွက်ပြေးလာတဲ့အချိန် လက်နက် မယူခဲ့ဘဲ အခြားတပ်သား ၄ဦးနဲ့အတူ ထွက်ပြေးလာခဲ့ပေမယ့် လူစုကွဲသွားတယ်လို့ အဆိုပါတပ်သားက ပြောပါတယ်။

ကရင်နီပြည်သူ့ရင်ခွင်ကလည်း စစ်ကောင်စီတပ်သားတွေ CDM လုပ်ပြီး ပြည်သူနဲ့အတူ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ထားပြီး သူတို့ကို ကရင်နီပြည် အရပ်လေးမျက်နှာလုံးမှာရှိတဲ့ KNDF ၊ PDF တို့ကြိုဆိုရှိနေတယ်လို့ အသိပေးထားပါတယ်။

- Advertisement -spot_img
- Advertisement -spot_img

Latest article