တိုက်ပွဲနယ်မြေအတွင်းက “အလံဖြူ”

0
328
တောင်ယာခင်း စစ်ရှောင်တစ်နေရာမှာ အလံဖြူ လွှင့်ထူထားပုံ။

(ကန္တာရဝတီတိုင်း(မ်))

ဖရူဆိုမြို့နယ် နဲ့ ဘောလခဲမြို့နယ် ကြားက တောင်ယာခင်းတနေရာမှာရှိတဲ့ တဲအိမ်လေး တွေရဲ့ ခေါင်မိုးအထက်မှာ မြင်သာထင်သာရှိတဲ့ အဖြူရောင် အဝတ်စလေးတွေကို ချိတ်ဆွဲထားပါတယ်။ တစ်ပေကျော် အကျယ်ရှိတဲ့ ဒီအဝတ်ဖြူစဟာ တောင်ယာခင်းထဲမှာ စစ်ရှောင်နေကြရတဲ့ နန်းဖဲဒေသက ဒေသခံတွေအတွက် အန္တာရယ် ကင်းစေနိုင်တဲ့ မျှော်လင့်ချက် အဆောင်လေးလို့ ပြောလို့ရပါတယ်။

တောင်ယာခင်းထဲကတဲအိမ်လေးတွေရဲ့ ခေါင်မိုးအထက်မှာ ချိတ်ဆွဲထားတဲ့ ၃ လက်မ ခန့်သာ ရှိတဲ့ အဖြူရောင် အဝတ်စလေးက လေထဲမှာလွှင့်နေပါတယ်။ ဒါကတော့ မိမိပိုင်ဆိုင်တဲ့ တောင်ယာခင်းမှာ စစ်ဘေးရှောင်ရင်း ယာယီနေထိုင်ကြတဲ့ အိမ်တွေမှာ ချိတ်ဆွဲထားတာပါ။ အိမ်တိုင်း တဲတိုင်းကတော့ အဲ့လို အလံဖြူထောင်ကြတာတော့မဟုတ်ပါဘူး။

အဲ့လို အလံဖြူ ထောင်ထားကြတဲ့သူတွေကတော့ ဖရူဆိုမြို့နယ်အဆုံး ဘောလခဲမြို့နယ်အစ မှာတည်ရှိတဲ့ နန်းဖဲကျေးရွာနဲ့ တော်ခူရွာသစ်ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒေသခံတချို့ဖြစ်ပါတယ်။

“အလံဖြူ ထောင်ထားရင် စိတ်လုံခြုံမှုရှိတယ်လို့ ထင်တယ်။” လို့ တိုက်ပွဲနယ်မြေထဲကနေ ရိုးသားတဲ့ အဲဒီဒေသက ဒေသခံအများစုက ပြောဆိုကြတဲ့ စကားလေးဖြစ်ပါတယ်။

လက်ရှိ နန်းဖဲ ကျေးရွာ မြင်ကွင်းတချို့။

သို့ပေမယ့် တကယ်လက်တွေ့မှာက အမှန်တကယ်ကော စိတ်လုံခြုံမှုရှိလားလို့ မေးလိုက်ရင်တော့ လူတိုင်းက “မရှိဘူးလေ” လို့ ပြောဆိုမှာ အမှန်ပါပဲ။

လက်ရှိ နန်းဖဲ ကျေးရွာ မြင်ကွင်းတချို့။
လက်ရှိ နန်းဖဲ ကျေးရွာ မြင်ကွင်းတချို့။

ကရင်နီပြည် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား နေ့စဉ်နဲ့ အမျှ တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီတပ်ဘက်ကနေ စစ်ရှောင်တွေရှိနေတဲ့နေရာတွေ၊ ကျေးရွာတွေဆီကို အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပါတယ်။

ကျေးရွာတွင်းမှာ လက်နက်ကြီးကျတဲ့အတွက် စစ်ရှောင်ရင်း တောင်ယာခင်းတွေမှာ နေထိုင်ကြတဲ့ နန်းဖဲဒေသခံတွေကတော့ အလံဖြူ ထောင်ထားရင် လက်နက်ကြီးမကျရောက်နိုင်ဘူး၊ စစ်တပ်ကတွေ့လို့လည်း မပစ်ခတ်နိုင်ဘူးလို့ ယူဆထားဟန်တူပါတယ်။

အရပ်သားဒေသခံတွေဖြစ်ကြတဲ့ သူတို့ နေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီဘက်က မှားယွင်းပြီး မပစ်ခတ်ဖို့အတွက် အလံဖြူတွေကို ထောင်ထားကြတာပဲဖြစ်ပါတယ်။

“အလံဖြူ ထောင်ထားလို့ရှိရင် မပစ်ဘူးဆိုပြီးပြောတယ်ကော။ အ့ကြောင့်မလို့ သူတို့လည်းထောင်တာပေါ့။ ဒါပေမယ့် ထောင်တာထောင်တာပဲ ပစ်ချင်ရင်လည်းပစ်တာပဲ။ အဓိပ္ပါယ်တိတိကျကျတော့မသိဘူးလေ၊ အဲ့ဒီအလံဖြူထောင်တာကတော့။ အလံဖြူထောင်ရင် မပစ်ဘူး မပစ်မခံရဘူးလို့တော့ ပြောကြတယ်။ ဒါပေမယ့် အလံဖြူထောင်တော့ ပစ်ခံရတဲ့ အိမ်လည်းရှိတယ်။” လို့ တိုက်ပွဲနယ်မြေအတွင်းက ဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၂၄နှစ်အရွယ် မောင်စိုးက ပြောတာပါ။

“နန်းဖဲ” လို့ ပြောလိုက်ရင် တစ်ချိန်က ခေတ်ကောင်းတဲ့ကာလမှာတော့ ခရီးသွားတစ်ထောင့်နားတဲ့ နားခိုရာနေရာလေးပါ။ မနက်စာ၊ နေ့လည်စာ၊ ညစာ အတွက် စားသောက်ဆိုင်တွေရှိတဲ့အပြင် ဒေသထွက်အစားအစာတွေ ရရှိတာကြောင့်ပါ။ ခရီးသွားလိုင်းကား၊ အိမ်စီးကားတွေနဲ့ ခရီးသွားလာသူတွေ “နန်းဖဲ” ကျေးရွာကိုရောက်ရှိရင်တော့ နားခိုမြဲ ဖြစ်ပါတယ်။

နန်းဖဲ စစ်ရှောင်စခန်းတစ်နေရာက မြင်ကွင်းတချို့။
နန်းဖဲ စစ်ရှောင်စခန်းတစ်နေရာက မြင်ကွင်းတချို့။

သို့ပေမယ့် လက်ရှိမှာတော့ အဲ့ဒီကျေးရွာမှာ လူသူကင်းမဲ့ခြောက်ကပ်နေပါတယ်။ လက်နက်ကြီးကျရောက်တဲ့အတွက် နေအိမ် ၁၅လုံးအထက် မီးလောင်ပျက်စီးတာလည်းရှိနေပါတယ်။

စစ်ကောင်စီတပ်က အဲ့ဒီကျေးရွာထဲ တပ်စွဲထားမှု မရှိတော့တာကြာမြှင့်နေပေမယ့် မိုင်းကြောင့်သော်လည်းကောင်း လက်နက်ကြီးကျမှာစိုးရိမ်တဲ့အတွက် ဒေသခံတွေကတော့ နေရပ်ပြန်နိုင်ခြင်းမရှိကြသေးပါဘူး။

ယခင်စစ်မရှောင်ခင်တုန်းကလည်း ကျေးရွာထဲက နေအိမ်တွေမှာ အလံဖြူထောင်ထားကြပေမယ့် တကယ်တမ်းတိုက်ပွဲဖြစ်လာချိန်မှာ အလံဖြူကလည်း သူတို့ကို လုံခြုံမှုမပေးနိုင်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် မေလအချိန်ကစပြီး ဘောလခဲအခြေစိုက်စစ်ကောင်စီတပ်စခန်း နဲ့ နန်းဖဲ ကျေးရွာအနီးက မယ်စလောင်းတောင်ကုန်းစခန်းကနေ ၆၀မမ၊ ၁၂၀ မမ နဲ့ မကြာခဏ ပစ်ခတ်ခဲ့တဲ့အတွက် အလံဖြူ ထောင်ထားလည်း နေအိမ်ထိ ပျက်စီးတာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ယာခင်းမှာ တဲထိုး၊ အိမ်ဆောက်ပြီး အလံဖြူထောင်ကာ နေထိုင်ကြတယ်ဆိုပေမယ့် ဘောလခဲပိုင်နက်ထဲက စစ်ကောင်စီ အခြေစိုက်တပ်စခန်းတွေကနေ စစ်ရှောင်တွေရှိရာနေရာဆီကို လက်နက်ကြီး မကြာခဏပစ်ခတ်နေဆဲပဲလို့ ဆိုပါတယ်။

ဒါကြောင့် ဒေသခံတွေကတော့ မိမိတို့ပိုင်ရာ အိမ်၊ တဲ ရဲ့ ခေါင်မိုးနေရာမှာ အလံဖြူထောင်ပြီး စိတ်ပူပန်စွာနဲ့ နေထိုင်ကြရတာပါ။

“အလံဖြူထောင်တာလည်း အိမ်တွေပျက် လက်နက်ကြီးကျလို့ ထိသွားတာရှိတယ်။ တစ်ခါ လက်နက်ကြီးလာကျတယ်။ ဒါပေမယ့် လူကတော့ မထိဘူး၊ အဲ့ဖက်မှာတော့။ ဒါပေမယ့် ဟိုးအရင်ကတော့ထိတယ်။ ထိဖူးတယ်ပေါ့။ အလုံးတိုင်းတော့ မထိပါဘူး။ တစ်ခါတစ်လေ သူတို့ ရွာပြန်နေတဲ့အချိန်ပဲဖြစ်ဖြစ် စစ်ရှောင်ပြီးတဲ့နောက်မှာတော့ စစ်ရှောင်နားမှာ လက်နက်ကြီးထုလို့ လူထိသွားတာတော့မရှိဘူး။ ဒါပေမယ့် ရွာထဲ ပြန်ဝင်လာတဲ့အချိန်ပဲ ထုတဲ့အချိန်ရှိတယ် အဲ့မျိုးပေါ့။” လို့ မောင်စိုးက အခြေအနေကို ရှင်းပြပါတယ်။

နန်းဖဲ စစ်ရှောင်စခန်းတစ်နေရာက မြင်ကွင်းတချို့။

လက်နက်ကြီးကျရောက်မှာကို စိုးရိမ်နေကြပေမဲ့လည်း တောင်ယာခင်းထဲမှာပဲ ဆက်လက်နေထိုင်ကြရင်း ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာကြတဲ့ တောင်ယာခင်းမှာ စစ်ရှောင်ရင်း စပါး၊ ပြောင်း၊ ငရုပ်၊ ပဲအမျိုးမျိုး၊ သခွား၊ ဘူး စတဲ့ သီးနှံတွေကိုစိုက်ပျိုးပြီး တစ်နိုင်တစ်ပိုင် စားသောက်ရေးကိုဖြေရှင်းနေရပါတယ်။

ရေရှည်စားဝတ်နေရေးအပြင် နေထိုင်ရာအရပ်ဒေသကလည်း မလုံခြုံတာကြောင့် အမြန်ဆုံးငြိမ်းချမ်းစေချင်ပြီလို့ နန်းဖဲစစ်ရှောင်အမျိုးသမီးဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် နော်ဆာခွီးလာက ဆိုပါတယ်။

“နိုင်ငံရေးက မြန်မြန်ငြိမ်းချမ်းစေချင်တာပေါ့။ ဘာဖြစ်လဲဆိုရင် ကျမတို့ ဒီလိုမျိုးသွားနေရတာ အခက်အခဲကအဆင်လည်းမပြေဘူးလေ။ သွားလာရတာလည်းခက်ခဲတယ် မလုံခြုံဘူးလေ။“ လို့ နော်ဆာခွီးလာက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းမှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သိန်းနီးပါးဟာ လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိကြသေးပါဘူး။ စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်နေသေးသ၍ ဒေသတွင်းမှာ စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာမှုရှိနေအုံးမှာပဲလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

တိုက်ပွဲဖြစ်ပွားမှုက ဆက်လက်ရှိနေအုံးမှာဖြစ်တဲ့အတွက် အလံဖြူ ထောင်ထားရင်လည်း လက်နက်ကြီးကျရောက်တာရှိနေတာကြောင့် စိတ်လုံခြုံမှုမရှိဘူးလို့ မောင်စိုးက ပြောပါတယ်။

“ထောင်လည်းသူတို့(စစ်ကောင်စီ) ပစ်တယ်။ မထောင်လည်း သူတို့(စစ်ကောင်စီ) ပစ်တယ် ဘားမထူးဘူးလေ။ စိတ်လုံခြုံမှုကတော့ ဘားမှမရပါဘူး။”