ကန္တာရဝတီတိုင်း ( မ် )
ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး မြို့ပေါ်ရပ်ကွက်က ဒေသခံတွေရဲ့နေအိမ်တချို့ မီးလောင်နေတာကို မေလ ၁၉ ရက်နေ့ ညနေပိုင်းမှာ တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ၄နာရီကတည်းက ရှို့မယ်လို့ ထင်တယ်။ မီးအရောင်တအားဟပ်တာက ၄နာရီခွဲ ၅ နာရီဝန်းကျင်ပေါ့။ တိုက်ပွဲပေါ်မူတည်တယ် တိုက်ပွဲကြီးရင်တော့ အငွေ့ တန်းတွေ့တယ်။ မီးလောင်တဲ့အငွေ့ပေါ့။ ဥပမာ – စစ်ကောင်စီက်က ဒီနေ့ ကျဆုံးမှုရှိမယ်ဆိုရင် မနက်ဖြန်မနက်မီးရှို့တယ် အဲ့လိုမျိုးရှိတယ်။ တိုက်ပွဲဖြစ်တဲ့တချိန် နောက်ပြီး သူတို့(စစ်ကောင်စီ) အုပ်စိုးနေတဲ့အတိုင်းအတာပေါ့နော သူတို့ထိန်းသိမ်းနိုင်တဲ့အပိုင်းဆိုရင်တော့ စိတ်ကြိုက်ရှို့ပဲ အဲ့ချိန်ဆိုရင်တော့ အဲ့လိုမျိုးလည်းရှိတယ်။” လို့ မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒေသခံတွေကတော့ မေလ ၁၉ ရက်နေ့ နဲ့ ၂၀ ရက်နေ့မှာ မိုးဗြဲမြို့မှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီက လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
ယမန်နေ့ညပိုင်းကလည်း မိုးဗြဲမြို့နဲ့ နီးစပ်တဲ့ ဖယ်ခုံအရှေ့ဖက်ကမ်းကို စစ်ကောင်စီက လက်နက်ကြီး ၃လုံးပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ လယ်ယာခင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဧပြီလကတည်းက မိုးဗြဲမြို့ကို စစ်ကောင်စီက အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာပြီး ဒီကနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းဗုံး တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုအပြင် ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့တာ၊ မီးလောင်ဗုံးနဲ့ ပစ်ခတ်မီးရှို့လေ့ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ မတ်လကနေ မေလအထိ မိုးဗြဲမြို့ပေါ်က နေအိမ်တွေကို စစ်ကောင်စီက ရှို့မီး၊ မီးလောင်ဗုံးတွေနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေတာဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း မိုးဗြဲမြို့ကို လက်မလွှတ်ရရေးအတွက် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။