spot_imgspot_imgspot_imgspot_img
Thursday, July 25, 2024
spot_imgspot_imgspot_imgspot_img

တိုင်းတပါးမှာ ဘဝအတွက် အွန်လိုင်းစျေးရောင်းပြီး ရှေ့ဆက်နေတဲ့ CDM ကျောင်းဆရာမ

“ အမျိုးသမီးကဏ္ဍ”

ကန္တာရဝတီတိုင်း ( မ် )

မနက်စောစော မိသားစုတွေ စားသောက်ဖို့ ချက်ပြုတ်ပြင်ဆင်ပြီး ကျောင်း ပို့ဖို့ သမီးငယ်ရဲ့ လက်တဖက်ကိုဆွဲကာ ခြံထဲကနေ ထွက်လာတဲ့ မြင်ကွင်းကတော့ တချိန်က ကျောင်းစာသင်ခန်းထဲမှာ သူမကိုယ်တိုင် ကျောင်းသားတွေကိုစာသင်ပေးနေသူ ဖြစ်တယ်ဆိုတာ ယုံတမ်းတခုလို ဖြစ်နေမှာပါ။

သူမကတော့ စစ်တပ်အာဏာမသိမ်းခင်အထိ သူမဝါဿာနာပါတဲ့ ကျောင်းဆရာမဘဝနဲ့ ဘဝကို ရိုးရှင်းစွာ ဖြစ်သန်းခဲ့တဲ့ အသက် (၃၉) နှစ် အရွယ် မအင်ကြင်း(နာမည်လွှဲ) ပဲဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်ဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ပြည်သူတွေကို စစ်ကောင်စီကနေပြီး အကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းဆီးမှုတွေကို ပြုလုပ်တာတွေကြောင့် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ကရင်နီက ပြည်သူတွေဟာ ရှိတဲ့လက်နက်နဲ့ စစ်ကောင်စီကို ပြန်လည်ခုခံတော်လှန်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ကရင်နီမှာတိုက်ပွဲပြင်းထန်လာတာနဲ့အမျှ မအင်ကြင်းဟာ လည်း CDM တခုတည်း မဟုတ်တော့ဘဲ သူမတတ်နိုင်တဲ့ ဖက်ကနေ တော်လှန်ရေးရဲဘော်တွေကို ကူညီပေးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ သူမနေထိုင်ခဲ့ လွိုင်ကော်မြို့မှာ တိုက်ပွဲမဖြစ်ပွားသေး တာကြောင့် ရဲဘော်တွေကို ကူညီပေးနေတဲ့ သူမကို စစ်ကောင်စီရဲ့ စောင့်ကြည့်မှု ခံရပါတော့တယ်။ အဲဒီအချိန်ကစပြီး ထိုင်းနိုင်ငံ ဖက်ကို တိမ်းရှောင်ခဲ့ရတယ်လို့ သူမက ပြောပါတယ်။

“ နီးစပ်တဲ့မိတ်ဆွေကနေပြီးတော့မှ အသိပေးလာတယ်။ အသွားအလာဆင်ခြင် သူများစောင့်ကြည့်နေတယ် နင့်အကြောင်းကိုနည်းနည်းလေး စုံစမ်းနေတယ် ဆိုပြီး “ကျမရဲ့ဇာတိမြို့က အသိမိတ်ဆွေကနေပြီးတော့မှ သတိပေးတဲ့ အတွက်ကြောင့်မို့လို့ အစပိုင်းတော့ နေကြည့်သေးတယ်။ နောက်ပိုင်းတော့ နည်းနည်းစိုးရိမ်လာရတယ်ပေါ့နော။ ကိုယ်နေတဲ့အိမ်နီးနားမှာ သူစိမ်းတွေ စောင့်ကြည့်နေတယ် အဲလိုမျိုးပေါ့နော အဲတာကိုအိမ်နီးနားချင်း မိတ်ဆွေ တွေက သတိပေးတယ်။ ဒါကြောင့်မို့ နေလို့မဖြစ်တော့ဘူး ဆိုပြီးတော့မှ ဒီဖက်ထိုင်းနိုင်ငံဖက်မှာ ကျမမိသားစုတွေ ဒီမှာလာပြီးမှ စစ်ရှောင်နေတယ် ပေါ့နော။ ရှောင်ပြီးတော့မှ နေထိုင်နေပါတယ်။” လို့ မအင်ကြင်းက ပြောပါတယ်။

လက်ရှိမှာတော့ မအင်ကြင်းဟာ ထိုင်းနိုင်ငံမှာ သူမခင်ပွန်းသည် အပါအဝင် သားနဲ့သမီး စုစုပေါင်းမိသားစုဝင် ၄ ဦးနဲ့ အတူတူ နေထိုင်တာဖြစ်ပြီး အချိန်ကာလ အားဖြင့် ၂ နှစ်ကျော်လာပါပြီ။

သူမဝါသနာပါတဲ့ ကျောင်းဆရာမအလုပ်ကို ၁၅ နှစ်တိုင်တိုင် professional ကျကျ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့ သူမ တတ်ထားတဲ့ ပညာနဲ့ တနိုင်တပိုင် အွန်းလိုင်းဈေးတွေနဲ့ အစားအသောက် တွေကို လုပ်ရောင်း နေပါတယ်။

“ကျမတို့ကတော့ ဒီဖက်ရောက်လာတဲ့အတွက်ကြောင့်မို့ ကိုယ့်မိသားစု ဝမ်းစာကို လှုပ်ရှားဖို့အတွက်ခါကျတော့ ကိုယ်တတ်တဲ့ပညာ ပညာဆိုတာက လည်း ပညာရေးပိုင်းကလည်း ကိုယ်ဝင်မလုပ်နိုင်ဘူးပေါ့နော။ ကလေးကလည်း ငယ်တယ်။ ဒီမှာရောက်မှ ဒီဒုတိယသားကို မွေးတာပေါ့နော။ မွေးတဲ့အတွက်ကြောင့်မို့လို့ ကျမတတ်နိုင်တဲ့ဖက်ကဆိုတော့ မိတ်ဆွေတွေရဲ့ အကူအညီပေါ့နော ကိုယ်အရင်းအနှီးတော့ မရှိဘူး။ ဒါပေမဲ့ မိတ်ဆွေတွေ ကိုယ့်ကိုဖေးမပေးတဲ့ မိတ်ဆွေတွေရှိတဲ့အတွက်ကြောင့်မို့လို့ အွန်လိုင်းရှော့လေးကိုတော့ လုပ်တယ်ပေါ့နော။”

ဒီလို အွန်လိုင်းရှော့ပင်ကနေ ရတဲ့ငွေတွေနဲ့ မိသားစု စားစရိတ်၊ အိမ်ငှားခ စတာတွေကို ဖြေရှင်းနေရပါတယ်။

တိုင်းတပါးမှာ နေထိုင်ရတာတကြောင်းနဲ့ သူမကျွမ်းကျင်တဲ့ အလုပ်ကို လုပ်ကိုင်နေရတာ မဟုတ်ပေမယ့်လည်း မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရပြီး စိတ်ပိုင်းဆိုင်ရာအတွက်တော့ အဆင်မပြေဘူးလို့ မအင်ကြင်းက ပြောပါတယ်။

“ပြောရမယ်ဆို ကိုယ့်မြို့ကိုယ့်ရွာမှာ‌နေတဲ့ခါကျတော့ ကိုယ်ဝါသနာလည်း ပါတယ်။ ကိုယ်ဟိုဟာလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူတွေလည်း လေးစားတယ်။ ကိုယ့်ပတ်ဝန်းကျင်လည်း ဖြစ်တဲ့အတွက်ကြောင့်မို့ ဘားစိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကော ဘားမှချို့ယွင်းချက် မရှိဘူးပေါ့နော။ နေရတာလည်းပျော်တယ်။ စည်းစည်းလုံးလုံးနဲ့ ပျော်တယ်။ ဒါပေမဲ့ ဒီဖက်ကိုရောက်လာတဲ့အခါကျတော့ ဒါကကိုယ်ကျွမ်းကျင်တဲ့အလုပ် မဟုတ်ဘူးပေါ့နော။ ကျွမ်းကျင်တဲ့အလုပ်မဟုတ်ပေမဲ့လည်း မိသားစုအတွက်ဆိုတော့ ဘယ်လိုဖြစ်ဖြစ် ရုန်းကန်ရတော့မယ်လေးနော။ ဒီတိုင်းနေလို့လည်း မဖြစ်ဘူးပေါ့နော။ အဲတော့မဖြစ်ဘူးဆိုပြီးတော့ ကြိုးစားပြီတော့မှ လှုပ်ရှားနေပါတယ် တတ်နိုင်သလောက်ပေါ့နော။”

မအင်ကြင်းရဲ့ သမီးကြီးဟာ ကျောင်းနေအရွယ်ဖြစ်ပြီး ထိုင်းအစိုးရကျောင်း တကျောင်းမှာ ပညာသင်ကြားစေပြီး သားငယ်လေးကတော့ တစ်နှစ်သား အရွယ်သာ ရှိပါသေးတယ်။

လက်ရှိ မအင်ကြင်းတို့ နေထိုင်တဲ့ ထိုင်းနိုင်ငံမှာ တရားမဝင်နဲ့ နေထိုင်ရတာ ကြောင့် မိသားစုဝင် တဦးဦး ဖျားနာခဲ့ရင် သူမအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

သားသမီးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့က သူမရဲ့ ကြီးမားတဲ့ မျှော်လင့်ချက် တခုသာ ဖြစ်လာပါတော့တယ်။

“အခုကတော့ အဓိကဘာဖြစ်သွားလဲဆိုရင် ငါ့သားသမီးကျန်းမာရေးကောင်းမှ ရမယ်ဆိုတာပဲ ရှိတော့တယ်။ ကျန်တာမျှော်မှန်းလို့မရဘူးပေါ့နော။ အဓိက ဒီမှာက နေထိုင်တာက နေထိုင်လို့ရသေးပေမဲ့ မိသားစုဝင်ထဲက အကြီး အကျယ်ကျန်းမာရေး ချို့ယွင်းပြီဆိုရင် ကျမမှာ supportingလုပ်နိုင်တဲ့ ငွေအင်အားမရှိဘူးပေါ့နော။ ကျမတို့အများကြီး ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုရင် အများကြီးခက်ခဲမယ်။ တရားမဝင်လာနေတာလည်း ဟုတ်တယ်။ ပြီးဆေးဖိုး ဝါးခဆိုလည်း အများကြီး ကုန်ကျအုံးမယ်ဆိုလို့ရှိရင်တော့ သွားပြီ။ အဓိကခုကဘာဖြစ်သွားလဲဆိုရင် မိသားစုဝင်တွေ ကျန်းမာရေးကောင်းဖို့ သားသမီးကျန်းမာရေးကောင်းဖို့အတွက်ပဲ အဓိကဖြစ်သွားတယ်။ ကျန်တာတွေ ဘားမှမျှော်လင့်လို့ မရဘူးပေါ့နော။ အဓိကအဲတာပဲ ဖြစ်သွားတယ်။ ဘာလို့ဆိုကျန်တာတွေ ရှေ့လျှောက်ဘားမှလုပ်လို့မရဘူး။ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ပဲ မျှော်လင့်ချက်ရှိတော့တယ်။ “

ဒါတွေအပြင် သားသမီးတွေရဲ့ အနာဂတ်ပညာရေးအတွက်လည်း စိုးရိမ်ရတယ်လို့ မအင်ကြင်းက ဆက်ပြောပါတယ်။

မအင်ကြင်းဟာ သူမရဲ့ သားသမီးတွေကို သူမပေးနိုင်တဲ့ ပညာအမွေကို အပြည့်အဝပေးဖို့နဲ့ သားသမီးတွေနဲ့အတူ အားလပ်ရက်တွေမှာ ခရီးတွေအများကြီးထွက်ပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း အာဏာမသိမ်းမှုနဲ့အတူ ပျောက်ကွယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒီမှာက ကိုယ်တရားမဝင်နေတာလည်း ဟုတ်တယ် သွားလာတာကစ သွားမယ်ဆိုရင်တောင် လက်မှတ်မရှိဘူး။ ဒီနိုင်ငံသားမဟုတ်တဲ့အတွက် ကြောင့်မို့ အခွင့်အရေးမရှိနိုင်ဘူးပေါ့နော။ နောက်ပြီးတော့မှ သားသမီးတွေ ဆိုရင်လည်း သူတို့အကယ်၍ ရေရှည်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် သားသမီးတွေ လည်း ကြီးလာမယ်ဆိုလို့ရှိရင် ဒီနားသူတို့ကျောင်းရဲ့ပတ်ဝန်းကျင် မူလတန်း ပေါ့နော။ အလယ်တန်း အထက်တန်းထိပဲ နေနိုင်မယ်။ ကျန်တာရှေ့ဆက်ပြီး တော့မှသွားဖို့ မရှိဘူးပေါ့နော။ တက္ကသိုလ်တွေတက်ခွင့် မရှိဘူးလို့ ကျမတို့ သိရတယ်။ အဲဒီခါကျတော့ ဘယ်လိုပြောရမလဲ ဘားမှကျမတို့ အကျယ် ချုပ်နေရသလိုပဲပေါ့နော။ ဒီနေရာမှာပဲနေ ဒီနေရာမှာပဲစား ဒီကနေ ကျော်လွန်ပြီး ဘယ်မှသွားလို့မရဘူး။ အဲ‌ခါကျတော့ ကလေးတွေအတွက် ဒီစိတ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှုကို ရှာဖွေပေးဖို့ ကျမတို့ တော်တော်လေး ခက်ခဲသွားတယ်ပေါ့နော။”

မအင်ကြင်းဟာ လက်ရှိအချိန်ထိ မပြိုမလဲဘဲ တောင့်ခံနိုင်တာဟာ သားသမီးတွေကြောင့် ဖြစ်သလို CDM မှာ ပါဝင်ခဲ့လို့ ဘဝခရီးကို ဘယ်လိုပဲ ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းနေရပါစေ နောင်တမရတဲ့အပြင် အဆုံးထိ တောင့်ခံသွားမယ်လို့လည်း ဆိုပါတယ်။

သူမရဲ့ ဇာတိဖြစ်တဲ့ ကရင်နီပြည်ကိုတော့ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတဲ့ ပြည်နယ်တခုအဖြစ် မြင်ချင်တယ်လို့ ပြောဆိုသွားပါတယ်။

“ ဒီအာဏာရှင်ကင်းပြီးတော့မှ လက်နက်ကိုင်ပြီးတော့မှ အုပ်ချုပ်တဲ့သူတွေ ကင်းစင်ပြီးတော့မှ ငြိမ်းချမ်းအေးချမ်းတဲ့ ပြည်နယ်လေး ဖြစ်စေချင်တယ်။ ပညာတတ်တွေ သူ့ဆိုင်ရာဆိုင်ရာ ပညာတတ်တွေ ပညာတတ်တွေဆိုတာ စာတတ်မှမဟုတ်ဘူးပေါ့နော။ သူ့ပညာပိုင်းဆိုင်ရာတွေ သူ့အလုပ်ကဏ္ဍနဲ့သူ သူ့ဟာသူပြန်လည်ပတ်ပြီးတော့မှ အေးချမ်းတဲ့ပြည်နယ်လေး ဖြစ်စေချင်တယ်ပေါ့နော။”

spot_img
spot_img