spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

‌တောင်ကြီးမြို့မှာ အိမ်ငှားခ ထပ်မံမြင့်တက်လာတာကြောင့် အိမ်ငှားရတဲ့ စစ်ရှောင်တွေအတွက် ပိုမိုခက်ခဲလာ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အိမ်ငှားခတွေ ထပ်မံမြင့်တက်လာတာကြောင့် အိမ်ငှားရမ်းနေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေအတွက် ပိုမို ခက်ခဲလာကြတယ်လို့ သိရပါတယ်။

လက်ရှိ အိမ်ငှားခပေါက်ဈေးဟာ တစ်ထပ်အိမ်ကို အနည်းဆုံး ၄သိန်းကျပ်ထိ ရှိတယ်လို့ တောင်ကြီးရောက် လွိုင်ကော်စစ်ရှောင်အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အိမ်ခတွေက အဆမတန်ကိုတက်လာတာ။ ၂ထပ် အိမ်လုံးချင်းဆို ၁၅ သိန်းကနေ ၃၅ သိန်း တွေ အထိတက်တယ်။ လုံးချင်းအိမ် တစ်ထပ်ဆို ၄သိန်းထိရှိတယ်။ အဲ့ဒါက ရေမရဘူးရေဝယ်သုံးရတာ။ ရေအဆင်ပြေတဲ့အိမ်ဆို ၅သိန်း ၆သိန်းထိပေါ့။ အဲ့ဒါ တစ်ထပ်အိမ်ပဲ။ အခက်အခဲတွေက စစ်ရှောင်ကြာလာလေ အခက်အခဲက ပိုများလေပါပဲ။”လို့ လွိုင်ကော်စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ မှာ စတင်တဲ့ တစ်လေးလုံး စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံလူထုတွေက ‌တောင်ကြီးမြို့ကို အများစုတိမ်းရှောင်ခဲ့ကြတာပါ။

စစ်ရှောင်ကာလအစပိုင်းမှာတော့ ဈေးဆိုင်ရောင်းတဲ့ အိမ်တွေဟာ အများဆုံး ၅သိန်းကျပ်နဲ့သာ ငှားရမ်းခဲ့ရပြီး စစ်ရှောင်ကာလကြာလာတာနဲ့အမျှ ဆိုင်ရောင်းတဲ့ အိမ်တွေဟာ ၁၅ သိန်းနဲ့အထက် မြင့်တက်သွားတယ်လို့ သိရပါတယ်။

“စျေးတက်တာက ပွဲစားကြောင့်လား ဘယ်လိုပြောရမလဲ။အခုက တောင်ကြီးမှာက စစ်ရှောင်က စုံလာပြီလေ လားရှိုးစစ်ရှောင်လည်း ပါလာပြီ။ ဥပမာ လားရှိုးစစ်ရှောင်တွေဆို သူတို့ဖက်က ကိုယ်တွေလွိုင်ကော်ဖက်ထက် ပိုတတ်နိုင်တယ်ပြောရမလား။ သူတို့က တတ်နိုင်တော့ ဘယ်လောက်ပေးမယ် အိမ်ရှိလား ဆိုပြီး လိုင်းပေါ် ရှာကြတော့ ပွဲစားတွေလည်း စျေးပိုပေးနိုင်တဲ့သူတွေကို ပိုဦးစားပေးငှားတာပေါ့လေ။ ကိုယ်တွေ လွိုင်ကော်က စစ်ရှောင်တွေတော့ အားငယ်သွားတာပေါ့ အိမ်ခမတတ်နိုင်ကြတော့ ”လို့ လွိုင်ကော်စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အလားတူ ညောင်ရွှေမြို့မှာ အိမ်ငှားရမ်းနေထိုင်တဲ့ စစ်ဘေးရှောင်တွေလည်း အိမ်ငှားခစျေး မြင့်တက်မှုကို ရင်ဆိုင်နေရသလို အိမ်ငှားမနေတဲ့ စစ်ရှောင်တွေကို‌တော့ လာမည့် ၂၀၂၅ခုနှစ် နွေရာသီ မတ်လပိုင်းကုန်အထိသာ နေခွင့်ပြုမယ့်အကြောင်း ပြောဆိုထားတယ်လို့ ညောင်ရွှေရောက် လွိုင်ကော်စစ်ရှောင်အမျိုးသား တစ်ဦးက အခုလိုပြောပါတယ်။

“ညောင်ရွှေမှာက အိမ်ခတွေတော့ စျေးတက်တာတော့ရှိတယ်။ တောင်ကြီးလောက်တော့ မဟုတ်သေးဘူးပြောရမယ်ထင်တယ်။ တချို့တလေပဲ စျေးတက်သေးတယ်။ ၂သိန်းခွဲကနေ ၃သိန်းထိပေးရတယ်။ ဒါပေမဲ့ အိမ်ခတွေ အဲ့လောက်ထိမတက်သေးဘူးသာပြောတာ အိမ်ငှားမဟုတ်တဲ့ ဥပမာ ဘုန်းကြီးကျောင်းမှာနေတဲ့သူတွေက နွေရာသီကြရင် ဘယ်လိုဖြစ်ဖြစ် ပြန်ရမယ်ပြောကြတယ်။ ဆက်နေလို့မရတော့ဘူးပေါ့။ “လို့ ညောင်ရွှေရောက် လွိုင်ကော်စစ်ရှောင်အမျိုးသား တစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ကရင်နီစစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် ဈေးရောင်းကြတာနဲ့ နေ့စားအလုပ်လုပ်ရှိမှသာ လုပ်ကိုင်ရတာကြောင့် ရေရှည် အိမ်ငှားခအပြင် ဝမ်းရေးအတွက် စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

spot_img
spot_img