spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

‌တောမီးအန္တာရာယ် ကြိုတင်ကာကွယ်ဖို့ ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီအသိပေး

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီ နယ်စပ်က ဖယ်ခုံမြို့နယ်မှာ ပြည်သူတွေ တောမီးအန္တာရာယ် ကြိုတင်ကာကွယ်ကြဖို့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီက အသိပေးနိုးဆော်လာပါတယ်။

အဆိုပါ အသိပေးထုတ်ပြန်စာမှာ “ဖယ်ခုံမြို့နယ်အတွင်းမှာနေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ အခုကာလမှာ ပွင့်လင်းရာသီဖြစ်တာကြောင့် တောမီးအန္တာရာယ် ကြိုတင်ကာကွယ်ဖို့ အကြောင်းမဲ့ မီးရှို့တာ၊ တောလိုက်မီးရှို့တာ၊ မုဆိုးလုပ်မီးရှို့တာမလုပ်ကြဖို့၊ ရွှေ့ပြောင်းတောင်ယာ မီးရှို့ရာမှာလည်း စနစ်တကျ တောင်ယာမီးရှို့ပေးဖို့၊ စစ်ရှောင်လူထုနဲ့ ဒေသခံတွေ နေအိမ်ပတ်ဝန်းကျင် သန့်ရှင်းမှုလုပ်ထားဖို့၊ မီးလောင်ပေါက်ကွဲစေနိုင်တဲ့ ကိရိယာတွေကို သတိပြုဖို့” ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ တောမီးအန္တာရာယ်ကာကွယ်ဖို့ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းချက်တွေကို Emergency Response Coordination Team ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ဖော်ပြထားတာပါ။

မီးဘေးအန္တာရာယ်ကာကွယ်ဖို့ အသိပေးမှုဟာလည်း အရေးကြီးတာကြောင့် နှစ်စဥ်လူထုတွေကို အွန်လိုင်းအပြင် မြေပြင်မှာလည်း အအသိပေးဆောင်ရွက်တာတွေရှိတယ်လို့ နောင်လိုင်ကျေးရွာ ဥက္ကဌ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ဖက်မှာဆိုရင်လဲ ဒါက အရေးကြီးတဲ့ သတိပေးမှုတစ်ခုဖြစ်ပါတယ်။ ကျနော်တို့ရွာမှာလဲ ဒီကိစ္စကို ဒီရာသီရောက်လာတိုင်း သတိပေးနိုးဆော်တာမျိုး နှစ်စဥ် လုပ်ဖြစ်ပါတယ်။ ရပ်ရွာလူထုအများစုကလည်းပဲ ဒီ မီးဘေးအန္တာရာယ် ကြိုတင်ကာကွယ်မှုကို အလေးထား လုပ်ဆောင်ကြပါတယ်။”လို့ နောင်လိုင်ကျေးရွာ ဥက္ကဌ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာတော့ ကရင်နီပြည်မှာ ရှိတဲ့ ဒီးမော့ဆို ၊ဖရူဆို ၊ လွိုင်ကော်အရှေ့ခြမ်း အပါအဝင် ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့တွေမှာ တောမီးလောင်မှုကြောင့် ပြည်သူနေအိမ် မီးလောင်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ဖယ်ခုံမြို့နယ်အတွင်း တောမီးကြောင့် နေအိမ်မီးလောင်ပျက်စီးမှုမရှိသေးပေမဲ့ နှစ်စဥ်နှစ်တိုင်း အသိပေးဆောင်ရွက်မှုတွေ လုပ်နိုင်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့ လာမယ့် နွေရာသီမှာ မီးအန္တာရာယ် ပိုသတိထားဖို့လိုအပ်တယ်လို့ ကျေးရွာဥက္ကဌ က ဖြည့်စွက်ပြောဆိုထားပါတယ်။

spot_img
spot_img