spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးကာလအတွင်း ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှု နဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း (၂၂၃) လုံး ပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းမှာ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ်၊ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ ဗုံးကြဲတိုက်ခိုက်မှု နဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း (၂၂၃) လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ထီးပေါ်ဆို၊ မြို့မ ၊ မာခရော်ရှေး စတဲ့ ကျေးရွာအုပ်စုတွေမှာ နေအိမ်ပျက်စီးမှု အများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးပေါ်ဆိုကျေးရွာအုပ်စုအတွင်းက နေအိမ်အများအပြားနဲ့ စပါးကျီတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးဖြစ်သူ ခူးကူးရယ်က ပြောပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ပေမယ့် ကျေးရွာထဲ မြေမြှုပ်မိုင်း နဲ့ လက်နက်ကြီး အန္တရာယ်ကြောင့် ဒေသခံတွေဟာ ပြန်နေထိုင်လို့မရသေးပါဘူး။

“ကျနော်တို့ရဲ့နေအိမ်တွေကို ပြန်ပြီးတော့ကြည့်တယ်။ ကျန်ရှိနေသေးတဲ့ ပစ္စည်းတချို့တလေတွေကို ပြန်သိမ်းတာတွေရှိတယ်။ ပြန်ရင်လဲ လွတ်လွတ်လပ်လပ်နဲ့လဲ မပြန်နိုင်သေးဘူး၊ တိုးတိုးတိတ်တိတ်နဲ့ဘဲ သွားလာရတယ်။ ကျနော်တို့ နေတာက ရွာနဲ့အရမ်းဝေးတဲ့နေရာလဲမဟုတ်ဘူး၊ အရမ်းလဲမနီးဘူး မနီးမဝေးနေရာမှာဆိုတော့ တောင်ယာတွေ နည်းနည်းပါးပါးပြန်ပြီးတော့ လုပ်ကိုင်တာမျိုးရှိတယ်။ ဒါပေမဲ့ လုံလုံလောက်လောက်ဆိုတာမျိုးတော့ မရှိဘူး၊ တစ်နှစ်စာတစ်နှစ် လုပ်ရင်းစားသောက်သွားတာမျိုးဘဲရှိတယ်။ ကျနော်တို့ ပြည်သူလူထုတွေလိုချင်တာက အေးချမ်းပြီး ကိုယ်ရွာမှာအေးအေးဆေးဆေး ပြန်နေချင်တာမျိုးရှိတယ်။”လို့ ခူးကူးရယ်က ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၃၁ နဲ့ ၄၂၈ ၊ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း တည်ရှိနေတာပါ။ အဲ့ဒီတပ်တွေကနေ ကျေးရွာတွေထဲကို ရံဖန်ရံခါ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေဟာ သတိထားနေထိုင်ကြရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့အထိ ကရင်နီပြည်နဲ့ ကယန်းဒေသမှာ ပျက်စီးသွားတဲ့ နေအိမ် စုစုပေါင်း ( ၂၈၆၆ ) လုံး ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts