ကန္တာရဝတီတိုင်း(မ်)
ယမန်နေ့ ဇွန်လ (၂၆) ရက်နေ့မှာ ရှမ်းပြည်နယ် တောင်ပိုင်း ၊ ဖယ်ခုံအရှေ့ဘက်ကမ်း ဆောင်နန်းခဲ ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်ဖွဲ့ကို ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) မှ ဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ Pekhon Sky Predators Drone Force/Battalion-1006 မှ ဒရုန်းဖြင့်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး PNO ဘက်မှ တပ်ခွဲမှူး (၁) ဦးသေဆုံးပြီး (၅) ဦးထက်မနည်း ထိခိုက် ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးသွားတဲ့ တပ်ခွဲမှူး (၁) တစ်ဦးမှာ တပ်ခွဲမှူးနောင့်စိုင်းဖြစ်ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း)မှ တာဝန် ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။
“တပ်ခွဲမှူး နောင့်စိုင်းဟာ ကျည်ထိမှန်ပြီးတော့ ဆေးရုံကို ရောက်သေးတယ်ပြောပါတယ် ။ ဆေးရုံမှာ ကြားသိရတဲ့သူတွေက သူသေဆုံးတယ်ဆိုတာကို အတည်ပြုပေးထားတာပါ” လို့ ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒရုန်း တိုက်ခိုက်မှု ပြုလုပ်နေစဉ်အတွင်းမှာ စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်ဖွဲ့တို့ အထိနာ နေတာကြောင့် ပြန်လည် ပစ်ခတ်တာတွေ ရှိတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်တို့ဟာ ဇွန်လ (၂၄) နေ့မှာပဲ ဆောင်နန်းခဲကျေးရွာအတွင်းကို ဝင်ရောက်တပ်စွဲထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ တပ်စွဲထားသည်နှင့် တစ်ပြိုင်နက် ကျေးရွာအတွင်း လူနေအိမ် တစ်ဝက်ကျော် ကို မီးရှို့ ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ (၂) ရက်နေ့ မနက် အစောပိုင်းက စပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအရှေ့ဘက်ကမ်း ရေပူကျေးရွာဘက်ကို အင်အား တစ်ထောင်ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ဆောင်နန်းခဲကျေးရွာအတွင်းမှာ တပ်စွဲထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။