spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးနယ်မြေက နည်းပညာတက္ကသိုလ် (လွိုင်ကော်) ရဲ့ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသားသစ်ခေါ်ယူ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က တော်လှန်ရေးနယ်မြေမှာ ဖွင့်လှစ်ထားတဲ့ နည်းပညာ တက္ကသိုလ် (လွိုင်ကော်) ရဲ့ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသားသစ်ပြန်လည်ခေါ်ယူနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ ကရင်နီပြည်အတွင်းက လူငယ်နဲ့ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီးတဲ့ ကျောင်းသား ၂၀ ဦးကို ခေါ်ယူခဲ့တာပါ။

လက်ရှိမှာတော့ ၂၀၂၀ ကနေ ၂၀၂၃ ခုနှစ်ထိ ဖြေဆိုထားပြီးသူများနဲ့ အခြားပြည်နယ်က လူငယ်တွေပါ ခေါ်ယူသွားမှာဖြစ်တယ်လို့ ကျောင်းတာဝန်ခံ ဆရာမ ရီးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အရင်နှစ်က ကျမတို့ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီးတဲ့ ပြည်နယ်အတွင်းမှ ကျောင်းသူကျောင်းသားကိုသာလျှင် ခေါ်ယူခဲ့ပါတယ်။ အခုနှစ်မှာတော့ တခြားပြည်နယ်/တိုင်းမှ ကျောင်းသူ‌ကျောင်းသား တွေကိုလည်း ထည့်သွင်းခေါ်ယူသွားမှာပါ။” လို့ ကျောင်းတာဝန်ခံက ဆိုပါတယ်။

တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်တွေအနေနဲ့ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ထားပြီးသူတွေ၊ အခြေခံပညာပြီးမြောက်ကြောင်း အရည်အချင်းစစ်စာမေးပွဲ (BECA) ဖြေဆိုထားပြီးသူတွေ၊ တိုင်းရင်းသားပညာရေး အစီအစဉ်ဖြင့် အခြေခံပညာ အရည်အချင်းစစ် စာမေးပွဲကို ၂၀၂၀ ကနေ ၂၀၂၃ ခုနှစ်ထိ ဖြေဆိုထားပြီးသူတွေနဲ့ GED/IGCSE ဖြေဆိုထားသူတွေကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီတက္ကသိုလ်ကနေ မြို့ပြ အင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ ဆိုပြီး ဘာသာရပ်လေးခုကို သင်ကြားပေးသွားမှာဖြစ်ပြီး ကျောင်းသားဦးရေ ၈၀ ကို ခေါ်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်းသားကျောင်းသူတွေဟာ ဝင်ခွင့် စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး ဝင်ခွင့်အောင်မြင်သွားတဲ့ ကျောင်းသူကျောင်းသားတွေကို လူတွေ့ စစ်ဆေးမှု ကို ထပ်ဆင့် ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သတ်မှတ်ချက်အနေနဲ့ မြေပြင်မှာ ကျောင်းဖွင့်လှစ်ထားတာကြောင့် အမှန်တကယ် တက်ရောက်လိုသူဖြစ်သင့်ကြောင်းနဲ့ တက္ကသိုလ်နှစ်ခု တပြိုင်တည်း တက်ရောက်ခြင်း ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

သင်ကြားရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်တွေလို မြေပြင်နဲ့ အွန်လိုင်းစနစ် ပေါင်းစပ် သင်ကြားပေးသွားမှာဖြစ်ကာ အဲ့ဒီတက္ကသိုလ်ကို ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကနေစပြီး မေလ ၃၁ ရက်နေ့အထိ ဝင်ခွင့်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

မြေပြင်မှာ တက္ကလိုလ်ဖွင့်လှစ်မှုနဲ့ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ အခက်ခဲကိုလည်း ကျောင်းတာဝန်ခံ ဆရာမ ရီးက အခုလို ပြောလာပါတယ်။

“အရင်နှစ်အခက်အခဲကတော့ ကျောင်းသူကျောင်းသားတွေအတွက် စာရေးခုံ၊ ထိုင်ခုံတွေ အခက်အခဲ ရှိပါတယ်။ နောက်ပြီး ရုံးသုံးပစ္စည်းတွေ မရှိဘူးပေါ့။ ဆရာ/မတွေအတွက် ထောက်ပံ့မှု မပေးနိုင်ဘူးပေါ့ ဒီနှစ်မှာလည်း အဲ့ဒီအခက်အခဲအပြင် ကျောင်းသားဦးရေ ထပ်တိုးခေါ်ထားတော့ ယာယီအဆောက်အအုံ ဆောက်ဖို့လဲ အခက်အခဲရှိနေပါတယ်။”လို့ သူက ဆိုပါတယ်။

အဲ့ဒီ တက္ကသိုလ်အကြောင်းအရာ နဲ့ လျှောက်ထားနိုင်ဖို့ အကြောင်းအရာ အသေးစိတ်ကိုတော့ တက္ကသိုလ်ကျောင်းဖြစ်တဲ့ Iuc Tu-Loikaw လူမှုကွန်ယက်စာမျက်နှာကနေလည်း လာရောက်စုံစမ်းမေးမြန်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

spot_img
spot_img