spot_imgspot_imgspot_imgspot_img
Sunday, November 10, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးမှာ အမိန့်နာခံတဲ့ရဲဘော်တွေဖြစ်ဖို့ လိုကြောင်း ကရင်နီတပ်မတော်စစ်ရေးချုပ် ပြောကြား

ကန္တာရဝတီတိုင်း(မ်)

တော်လှန်ရေးမှာ ပါဝင်လာကြတဲ့ ရဲဘော်တွေအနေနဲ့ အမိန့်နာခံမှု ရှိဖို့လိုအပ်ကြောင်း ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောကြားပါတယ်။

ကရင်နီတပ်မတော် (KA)ရဲ့ အပတ်စဉ် ၇၄ အခြေခံ စစ်သင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်းကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းရဲဘော်တွေကို ပြောဆိုသွားတာဖြစ်ပါတယ်။

ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က “ အဓိက ကျနော်တို့ မှာချင်တာက အမိန့်နဲ့ စည်းကမ်းပဲ။ အမိန့်ရှိမှ စည်းကမ်းလည်းရှိမှ အလုပ်က အောင်မြင်တယ်ပေါ့နော။ အဲ့ဒါ ကျနော်တို့ စစ်တပ်မှာ အရေးကြီးဆုံးအချက်ဖြစ်တယ်။ ပြီးတော့ ကျနော်တို့ တပ်မတော်မှာ အမြဲလိုက်နာရမယ့် စည်းကမ်းချက် ၂၃ချက်ရှိတယ်။ အဲ့ဒီအပေါ်မှာ သူတို့ကြည့်ပြီးတော့မှ နားလည်မှ ရမှပဲ အလုပ်လုပ်တာ ချောမွေ့မှာပေါ့နော။ “ လို့ ပြောပါတယ်။

အပတ်စဉ် ၇၄ မှာတော့ သင်တန်းသား၊ သင်တန်းသူ (၁၇၉) ဦး တက်ရောက်ခဲ့ကြပါတယ်။ သင်တန်းတက်ရောက်ပြီးစီးခဲ့တဲ့ အသက် ၂၄နှစ်အရွယ် လူငယ်တစ်ဦးဖြစ်တဲ့ ဗျားဒူကတော့ စစ်အာဏာရှင်ကို တိုက်တဲ့နေရာမှာ အမိန့်နာခံမှု ရှိတာနဲ့ မရှိတာရဲ့ ကွာခြားချက်ကို အခုလိုပြောပြပါတယ်။

“ ကျနော်တို့ကတော့ တိုက်တော့တိုက်တယ် အနောက်ဖက်ကမ်းမှာ ကျနော်တို့ တိုက်တယ် ဒါပေမယ့် ကြုံရာတိုက်တယ် သင်တန်းမရှိပဲနဲ့ တိုက်တော့ သိပ်အဆင်မပြေဘူး။ ပြီးတော့မှ အမိန့်နာခံမှုလည်း မရှိဘူးပေါ့။ လူကြီးက ဒီအတိုင်းတက်ခိုင်းလည်း ကျနော်တို့ မတက်ရဲတာတွေလည်း ရှိတယ် တခါတလေ ဆုတ်ခိုင်းလည်း မဆုတ်တာတွေရှိတယ်။ အမိန့်နာခံမှု အဲ့တာတွေပေါ့။ “ လို့ ဗျားဒူက ပြောပါတယ်။

သင်တန်းပြီးမြောက်သွားတဲ့ရဲဘော်တွေအနေနဲ့ တော်လှန်ရေးမှာ အခက်အခဲတွေ ဆုံးရှုံးမှုတွေရှိနိုင်ပေမယ့် အမျိုးသားအတွက် အလုပ်လုပ်တယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လုပ်ဆောင်သွားဖို့လိုတယ်လို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

“ တချို့ကတော့ အပျော်သဘောမျိုး လာလုပ်လို့တော့ မရဘူး ကျနော်တို့ ဒီတော်လှန်ရေးက ဒီပုံစံနဲ့ လုပ်လို့မရဘူး။ ကျနော်တို့ တကယ်ကြည့်ရမှာက ဒီစစ်အာဏာရှင် ပြုတ်ကျရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လာကြတယ်။ အဲ့ဒီအတိုင်းကို လုပ်မှရမယ်။ စုစုစည်းစည်းနဲ့ လုပ်ကြဖို့လိုတယ်။ တကယ်ဇွဲရှိဖို့လည်း လိုတယ်။ ကြိုးစား အားထုတ်ဖို့လည်းလိုတယ်။ ငတ်တယ်။ ပြတ်တယ်ဆိုတဲ့ဟာကို ခဏ ချန်ထားပေါ့လေ။ ဒါမှသာလျှင် ကျနော်တို့ မိဘဆွေမျိုး အမျိုးသားထု တစ်ခုလုံးက စစ်ကျွန်ဘဝကနေ လွတ်မြောက်မယ်လို့သာ မှာချင်ပါတယ်။ “ လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

သင်တန်းဆင်းပွဲကို ပေးပို့တဲ့ KAကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးရဲ့ မိန့်ခွန်းမှာဆိုရင်လည်း သင်တန်းပြီးမြောက်သွားတဲ့ ရဲဘော်တွေအနေနဲ့ စစ်အမိန့်ကို နာခံဖို့လိုကြောင်း၊ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး တော်လှန်ရေးအပေါ် သစ္စာရှိဖို့လိုသလို ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ဦးထိပ်ထားရမှာဖြစ်တယ်လို့ ပါရှိပါတယ်။

ကရင်နီတပ်မတော်မှာ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစစ်သင်တန်းကို အပတ်စဉ် (၇၀) မှ (၇၄) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူ၊ သင်တန်းသား တစ်ထောင်ကျော် တတ်မြောက် ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img