spot_img
Friday, December 9, 2022
spot_img

တော်လှန်ရေးအကြောင်းပြပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ ခပ်စိပ်စိပ်ရှိလာတယ်လို့ KNDF ဆို

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် မှာ နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေးကို အကြောင်းပြပြီး လူထုတွေဆီ ခြိမ်းခြောက်ငွေတောင်းခံမှုတွေ ခပ်စိပ်စိပ်ရှိလာနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဗဟိုစုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့ ( ITF ) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ လူတွေအများစု ကြုံရတာကတော့ အဖွဲ့စည်းတစ်ခုခုပေါ့လေ။ ကျနော်တို့ KNDF အပါအဝင် လက်နက်ကိုင်အဖွဲ့စည်း တစ်ခုခုက ထိန်းချုပ်ထားတဲ့နေရာတွေကို ဖြတ်သန်း သွားလာတဲ့အခါမှာ စစ်ဆေးရင်းနဲ့ တားမြစ်ကုန်တွေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့သော်လည်းကောင်း၊ အခြားအကြောင်းပြချက်အမျိုးမျိုးနဲ့ သော်လည်းကောင်း ငွေကြေးကောက်ခံတာမျိုး ဂိတ်ကြေးကောက်ခံတာမျိုးတွေ တခါတလေ ကားတွေ ဖမ်းဆီးပြီးမှ ပြန်လာရွေးခိုင်းတာမျိုးတွေ ဒါတွေက ကြုံရတာတွေ တစ်ပိုင်းရှိတယ်။ ဒုတိယ တစ်ပိုင်းကတော့ လုပ်ငန်းရှင်တွေကို ပိုပြီး ဦးတည်တယ်လို့ ယူဆလို့ရတယ်။ အခုလိုမျိုး ဖြစ်စဉ်မျိုးတွေ ဖြစ်ပါတယ်။ ငွေပမာဏများများနဲ့ပေါ့နော တော်လှန်ရေးအတွက် အကြောင်းပြုတယ်။ တချို့ကတော့ ဒလန် ဖြစ်လို့လာ ဘာလဲ ခေါင်းစဉ်အမျိုးမျိုးနဲ့ တောင်းကြတာမျိုးတွေဖြစ်တယ်။ ငွေ ကျပ်သိန်းရာနဲ့ချီပြီး တောင်းကြတာမျိုးတွေဖြစ်တယ်။ ဆိုတော့ အရေအတွက်တော့ အတိကျကို အလုံးစုံတော့ မသိနိုင်ဘူး။ သို့သော် ကျနော်တို့ထင်တယ်။ ကြုံတွေ့ရမှုတွေကတော့ တစ်ဆထက်တစ်ဆ နီးနီးကပ်ကပ်လေး ဖြစ်လာတယ်ပေါ့။ စိပ်စိပ်လေး ဖြစ်လာတာပေါ့။” လို့ သူက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ထဲက တပ်ဖွဲ့ဝင်တချို့က အကောက်အခွန်ပုံစံမျိုးနဲ့ငွေတောင်းခံတာတွေ ၊ တစ်ချိန်က တော်လှန်ရေးတပ်ဖွဲ့ထဲ ပါဝင်ခဲ့ပြီးလက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်တော့ပေမယ့် အဖွဲ့အစည်းတစ်ခုယောင်ဆောင်ပြီး ငွေတောင်းခံတာတွေ စတဲ့ပုံစံမျိုးတွေနဲ့ ငွေတောင်းခံနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“တကယ်ပဲလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ အစုအဖွဲ့ထဲက တချို့ပါတယ်။ သို့သော် အဲဒီအဖွဲ့က ဆုံးဖြတ်ချက်ရှိရှိနဲ့ တစ်ဖွဲ့လုံး လုပ်တယ်လို့တော့ ကျနော်တို့ မဆိုလိုဘူး။ အဲဒီအဖွဲ့မှာပါဝင်တဲ့ လူပုဂ္ဂိုလ်တချို့က တစ်ဦးစ နှစ်ဦးစ သို့မဟုတ်ရင်လည်း လေးငါးယောက်လောက်က စုပေါင်းပြီးတော့မှ စိတ်ပိုင်းအရသော်လည်းကောင်း လူပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း ဒါကို ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ကျနော်တို့ ယူဆရတယ်။” လို့ သူက ပြောပါတယ်။

အဲဒီလိုငွေတောင်းခံမှုတွေရှိခဲ့ရင် KNDF ကိုတိုင်ကြားနိုင်ပြီး အဲဒီကနေတဆင့် KNDF တပ်ဖွဲ့ဝင်ဖြစ်မယ်ဆိုရင် အရေးယူတာတွေ၊ တခြားတော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်မယ်ဆိုရင် ညှိ့နှိုင်းဆောင်ရွက်ပေးတာတွေ၊ အရပ်သားဖြစ်မယ်ဆိုရင် ကရင်နီပြည် ရဲဌာန ( KSP ) ထံ လွှဲပြောင်းတာတွေပြုလုပ်သွားမယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ( ITF ) မှ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။

“ပြည်သူလူထုက ဒီလိုခြိမ်းခြောက်ငွေညှစ်မှုကို တိုင်ကြားလာတဲ့အခါမှာ ကျနော်တို့ KNDF ဗဟိုကော်မတီကနေလည်း ကျနော်တို့ ITF ကို တာဝန်ပေးပြီးတော့မှ ထိထိရောက်ရောက်အရေးယူဖို့ ညွှန်ကြားမှုတွေ ရှိလာခဲ့ရင်တော့ ဘယ်သူဘယ်ဝါရယ် မခွဲခြားပဲနဲ့ မျက်မြင်ကိုယ်တွေ့ပေါ့နော။ ဥပမာငွေကြေးတောင်းခံတဲ့ဖြစ်စဉ်ကို ကျနော်တို့ သွားပြီးတော့ စောင့်ကြပ်တဲ့အချိန်မှာ ဘယ်သူဘယ်ဝါမခွဲခြားပဲနဲ့ ထိထိရောက်ရောက်ဖမ်းဆီးပြီးတော့မှ အရေးယူဆောင်ရွက်မှုတွေလုပ်ကောင်းလုပ်နိုင်လိမ့်မယ်။” လို့ ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ( ITF ) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လူထုတွေအနေနဲ့ တကယ်ပဲ တော်လှန်ရေးကို လှူဒါန်းမှုပြုလုပ်ချင်ရင် ကမ်းပိန်းတွေ၊ ပရောဂျက်တွေကနေတဆင့် လှူဒါန်းမှသာလျှင် ပိုမိုထိရောက်နိုင်တယ်လို့ ဆိုပါတယ်။

အခုလိုခြိမ်းခြောက်မှုတွေကို KNDF ကနေ ITF ဖွဲ့စည်းပြီးနောက် ၃ကြိမ် ဖမ်းဆီးရမိခဲ့ပြီး အဲဒီမတိုင်ခင်မှာလည်း ဖမ်းဆီးရမှုတချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ( ITF ) ဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ KNDF စတင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Related Stories